၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၁
နယ်စပ်ဂိတ်များအား ပိတ်ထားရသဖြင့် ပို့ကုန်တန်ဖိုးမှာ ပြီးခဲ့သည့်နှစ်ထက် အမေရိကန်ဒေါ်လာ ၆၃၃ သန်းကျော် လျော့နည်းကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ကာလတူနှစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ နယ်စပ် စခန်းများအားလုံးမှ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၁၃၁ သန်းကျော်ရှိခဲ့ပြီး လက်ရှိ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၄၉၈ သန်းကျော်သာ ရှိသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်း၏ ရိုက်ခတ်မှုများကြောင့် နယ်စပ်ဂိတ်များအား ပိတ်ထားခြင်းဖြစ်ပြီး ၎င်း ထဲတွင် မြန်မာ-တရုတ်နယ်စပ်စခန်းနှင့် မြန်မာ-စင်ကာပူနယ်စပ်စခန်းတို့သည် ပို့ကုန်တင်ပို့မှု အထိအနာဆုံး ဖြစ်သည်။
မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒု-ဥက္ကဌ ဦးမင်းသိန်းက “ဗမာပြည်မှာလည်း ကိုဗစ်ဆိုတဲ့ဟာဝင်လာတော့ ခရီး ကြန့်ကြာမှုတွေဖြစ်သွားတယ်။ နောက်တစ်ခါ ပို့ကုန် သွင်းကုန်တွေကလည်း ဟိုကပိတ် ဒီကပိတ် ဟိုက စည်းကမ်းတွေသတ်မှတ် ဒီက ကျန်းမာရေးစည်းကမ်းတွေ သတ်မှတ်နဲ့ ပို့ကုန်တွေရော သွင်းကုန်တွေရော စောနကပြောသလိုပဲ လျော့နည်းသွားတယ်။ စီးပွားကူးသန်းကလည်း ဘယ်လိုပဲ ကြိုးစားကြိုးစား မအောင်မြင် နိုင်ဘူးလေ။ ဘာလို့လဲဆို တဖက်နိုင်ငံရဲ့ ဥပဒေအတိုင်း တဖက်နိုင်ငံရဲ့စည်းကမ်းအတိုင်း သွားရတာကိုး။ သံတမန် နည်းနဲ့တင်ပြတယ်။ Border Trade နည်းနဲ့လည်းတင်ပြတယ်။ ဂိတ်ပေါက်တွေဖွင့်ပေးပါ။ ဒါမှကုန်စည်စီးဆင်းမှု မြန်ဆန်သွက်လက်သွားမယ်လို့တင်ပြထားတာပဲ။ တင်ပြထားပေမယ့် သူတို့ကလည်း အထက်ကို တင်ပြထား ပါတယ်၊ အထက်ကိုတင်ပြထားပါတယ်ပဲ ပြောပြီးတော့ အခုထက်ထိဂိတ်မဖွင့်ဘူး” ဟု CNI သို့ ပြောသည်။
ယခုကဲ့သို့ ပို့ကုန်တင်ပို့မှု တန်ဖိုးကျဆင်းသွားသည့်အတွက် နိုင်ငံတော်အခွန်ဘဏ္ဍာငွေထိခိုက်ပြီး ကုန်သည်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်မောင်းများ၊ကုန်သည်များအား မှီခိုနေရသည့် အလုပ်သမားများအားလုံး ထိခိုက်မှုများရှိ ကြောင်း သိရသည်။
မြန်မာ-စင်ကာပူ နယ်စပ်စခန်းအားလုံးသည် ပြီးခဲ့သည့် ကာလတူနှစ်က ပို့ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၃ သန်းကျော်ရှိခဲ့ရာ လက်ရှိတွင် ပို့ကုန်တင်ပို့မှု တစ်ခုမျှမရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ထို့အတူ မြန်မာ-တရုတ်နယ်စပ်စခန်း အားလုံး၏ ပို့ကုန်တင်ပို့မှုတန်ဖိုးသည် ပြီးခဲ့သည့် ကာလတူနှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၃၆၀ ကျော် လျော့နည်းသွားပြီး ၎င်းထဲတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ပို့ကုန်တင်ပို့မှုတန်ဖိုး အနည်းဆုံးဖြစ်ကာ ပြီးခဲ့သည့်ကာလတူနှစ်ထက် အမေရိကန်ဒေါ်လာ ၄၀၄ သန်းကျော် လျော့နည်းသွားသည်။
ထိုသို့နယ်စပ်ဂိတ်များအားပိတ်ထားသည့်အတွက် ကုန်တင်ကုန်ချ အလုပ်သမားများအနေဖြင့် ထိခိုက်နစ်နာမှု များစွာ ဖြစ်ပေါ်စေကာ ကုန်သည်များသည် အလုပ်အကိုင်နှင့် ဝင်ငွေဆုံးရှုံးခြင်းများ ကြုံတွေ့နေကြရသည်။
လက်ရှိအချိန်ထိ မြန်မာ-တရုတ်နယ်စပ်ဂိတ်အပါအဝင် အခြားနယ်စပ်ဂိတ်များအား မည်သည့်နေ့တွင် ပြန်လည် ဖွင့်လှစ်မည်ဆိုသည်ကို အတိအကျမသိရှိရသေးပေ။