၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၀

၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် စက်တင်ဘာ (၃၀) ရက်နေ့အထိ မြန်မာ့ရေထွက်ကုန် ပြည်ပတင်ပို့မှုတန်ဖိုး ယခင်ကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၇၄.၀၆၇) သန်း လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

လက်ရှိ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စက်တင်ဘာလ (၃၀) ရက်နေ့အထိ ပြည်ပကို ရေထွက်ကုန် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ (၇၈၄.၈၈၉) သန်း ရှိခဲ့သည်။ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ (၈၅၈.၉၅၆) သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခုလို ရေထွက်ကုန်တင်ပို့မှု လျော့ကျရခြင်းမှာ တရုတ်နယ်စပ်ဂိတ် ပိတ်ထားရခြင်းနှင့် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပေါ် ခြင်းကြောင့် တင်ပို့မှုများ တုံ့ဆိုင်းသွားရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောသည်။

၎င်းက “အရမ်းကြီးတော့ မဆိုးရွားပါဘူး။ သန်း (၆၀) ကျော်လောက်ပဲ ကွာတယ်လို့ ပြောတယ်။ မနှစ်က သန်း (၈၅၀) ရထား တာဆိုတော့ အဲလောက်ပဲ ကွာတာဆိုတော့ တရုတ်နယ်စပ်ကနေ တင်ပို့မှုက သန်း (၁၀၀) ကျော်လောက် မသွားနိုင်ဘူးပေါ့ နော်။ အဲဒါကြောင့်မို့လို့ အဲလိုမျိုး ဖြစ်သွားတာဆိုတော့ နယ်စပ်ဂိတ်တွေ အကုန်လုံး ဖွင့်သွားရင်တော့ တစ်မျိုး ဖြစ်သွားမှာပေါ့ နော်။ ကိုဗစ်သာ မဖြစ်ဘူးဆိုရင် တစ်ဘီလီယံလောက် ရမယ်လို့ မှန်းထားတာပေါ့နော်။ ကိုဗစ်ဖြစ်သွားလို့သာ တုံ့ဆိုင်းသွားတဲ့ သဘောမျိုး ဖြစ်သွားတာ” ဟု ပြော သည်။

 

ပြည်ပသို့ တင်ပို့သည့် မြန်မာ့ရေထွက်ကုန် အေးခဲပစ္စည်းများတွင် ပင်လယ်ငါးကို အဓိက တင်ပို့လျက်ရှိသည်။ လက်ရှိတွင် မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း (၄၅) နိုင်ငံသို့ နှစ်စဉ် တင်ပို့လျက်ရှိသည်။

မြန်မာနိုင်ငံမှ ငါးလုပ်ငန်း လုပ်ကိုင်သူများသည် လက်ရှိ ကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ အပါအဝင် အခက်အခဲ ပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့နေရသော်လည်း ငါးလုပ်ငန်းကဏ္ဍမှာ ကျဆင်းသွားနိုင်ခြေ သိပ်မရှိဘူးဟု ဒေါ်တိုးနန္ဒာတင်က ပြောသည်။

ဒေါ်တိုးနန္ဒာတင်က “ငါးလုပ်ငန်းလုပ်နေတဲ့ သူတွေကတော့ အဓိကကတော့ နာဂစ်ဆိုလည်း တွေ့ဖူးတာပဲ။ ရေလုပ်ငန်းလည်း အများကြီး ထိခိုက်တာပဲ။ နောက်ပြီးတော့ ဒေါ်လာ တက်ပြီးတော့ ကျတာတွေလည်း ကြုံခဲ့ဖူးတာပဲ။ အခုဆိုရင် ကိုဗစ်ပေါ့ နော် ကြုံတယ်။ ဒါပေမယ့် အကုန်လုံး ကိုယ့်ဟာကိုယ်ပဲ ကြိုးစားပြီး လုပ်နေတဲ့အတွက်ကြောင့် ငါးလုပ်ငန်းကဏ္ဍ အနေနဲ့ တော့ သိပ်ပြီး အရမ်းကျ သွားမယ်လို့တော့ မထင်ဘူးပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံမှ တင်ပို့နေသော ရေထွက်ကုန်ပစ္စည်းများနှင့် အေးခဲအသားများကို ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်ကြောင်း လက်မှတ်ရမှသာ တရုတ်နိုင်ငံ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။