၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၁
မြန်မာ့မျှစ်ခြောက်များကို ပြည်ပနိုင်ငံအချို့မှ စမ်းသပ်အသုံးပြုချင်သည့်အတွက် မှာယူကြရာမှ ပြီးခဲ့သည့် နှစ်ကထက် ပြည်ပဝယ်လိုအား များလာသော်လည်း ပြည်တွင်း ထုတ်လုပ်နိုင်မှုနှင့် မျှတမှုမရှိကြောင်း မျှစ်ခြောက်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
မျှစ်ခြောက်လုပ်ငန်းလုပ်ကိုင်သည့် မနန်းခင်အုံးက “ပြည်ပဝယ်လိုအားကတော့ ဗမာပြည်အတွက်က များပေမယ့် ပြည်တွင်းအနေနဲ့ မလုပ်ပေးနိုင်တာပေါ့။ လက်ရှိဈေးကွက်လည်းရှိတယ်။ ဒါပေမယ့် ကျမတို့က မပို့နိုင်တာပေါ့။ တကယ်တမ်း Demand(ဝယ်လိုအား)က ရှိပြီးတော့ ကျမတို့ မပို့နိုင်တဲ့အနေအထားပေါ့။ ထိုင်ဝမ်တွေမှာ စိုက်ခင်းတွေနဲ့ လုပ်ကြတယ်။ အခုဆို ဗီယက်နမ်၊ ထိုင်းရောပေါ့။ သူများတွေက စိုက်ခင်းနဲ့သွားကြတာ။ ကျမတို့က စိုက်ခင်းနဲ့မဟုတ်ဘဲ သဘာဝမျှစ်ထွက်ကနေလုပ်တော့ လိုသလောက် ကုန်ကြမ်းကမရဘူးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
မျှစ်ခြောက်များအား ပြည်ပနိုင်ငံသို့ တင်ပို့ရာတွင် ပြည်တွင်းမှ မျှစ်ခြောက်ထုတ်လုပ်သည့် ကုမ္ပဏီများက စနစ်တကျထုပ်ပိုး၍ တင်ပို့နေခြင်းဖြစ်ကာ ယင်းသို့ မျှစ်ခြောက်များအားမှာယူရာတွင် ကိုဗစ်ကာလကြောင့် ကွာရန်တင်းဝင်ရခြင်းများ၊ လမ်းပိတ်ထားခြင်းများ၊ ဝင်ခွင့်မရဖြစ်ခြင်းများရှိသည့်အတွက် ယခင်နှစ်များထက် အခက်အခဲများရှိကြောင်းသိရသည်။
အခြားသော အရှေ့တောင်အာရှနိုင်ငံများတွင် မျှစ်များအား စိုက်ခင်းဖြင့် စိုက်ပျိုးထားကြသည့်အတွက် မြန်မာနိုင်ငံတွင်လည်း စိုက်ခင်းဖြင့်လုပ်ဆောင်သင့်ကြောင်း မျှစ်ခြောက်လုပ်ငန်းလုပ်ကိုင်သည့် မနန်းခင်အုံးက ပြောသည်။
“ဝါးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်မဟုတ်ဘဲနဲ့ ဒေသထွက်ကုန်တစ်ခုလုပ်ချင်တယ်ဆိုရင် တောထဲက သဘာဝ ထွက်တာ မဟုတ်ဘဲနဲ့ တကယ့်ကို စိုက်ခင်းအနေနဲ့ တည်နိုင်တယ်ဆိုရင်တော့ ကျမတို့ မျှစ်ဈေးကွက် အလားအလာကတော့ ပိုကောင်းလာမယ်လို့တော့ မြင်တယ်” ဟု ဆိုသည်။
လက်ရှိတွင် ပြည်တွင်းစျေးကွက်၌ မျှစ်ခြောက်တစ်ပိဿာလျှင် ငွေကျပ် နှစ်သောင်းကျော်အထိ ပေါက်ဈေး ရှိနေကြောင်းနှင့် ပြည်တွင်း၌လည်း မျှစ်ခြောက်ဝယ်လိုအားများကြောင်း ယခုနှစ်တွင်မှ မျှစ်ခြောက်လုပ်ငန်းအား စတင်လုပ်ကိုင်ခဲ့သည့် ဦးတင်ချိုက CNI သို့ပြောသည်။၊
မျှစ်များသည် ဝါခေါင်လမှ သီတင်းကျွတ်လဆုတ်အထိ ထွက်ရှိပြီး မျှစ်အဖြစ် တူးယူနိုင်သည့် ဝါး အမျိုးအစား များမှာ ကျသောင်းဝါး၊ ကြခတ်ဝါး၊ ထီးရိုးဝါး၊ ဝါးနီ၊ မျှင်ဝါး၊ ဝါးကြီး၊ ဝါးဘိုးကြီး၊ ဝါးဘိုးမျက်ဆံကျယ်၊ ဝါးနက်၊ သိုက်ဝါး အစရှိသည့် ဝါးများဖြစ်သည်။
မျှစ်စိမ်းများအား တောင်သူများမှ သွားရောက်ချိုးယူကာ ရလာသည့် မျှစ်စိမ်းများကို ပြုတ်ပြီး နေပူလှမ်း အခြောက်ခံခြင်းဖြင့် မျှစ်ခြောက်ရရှိသည်။