၂၀၂၁ အောက်တိုဘာ ၂၂
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စီးပွားရေး ကျဆင်းလာရာ အသေးစားနှင့်အလတ် စား(SME)လုပ်ငန်းများ အပါအ၀င် စားသောက်ကုန်လုပ်ငန်းများ လုပ်ငန်းမရပ်တန့်သွားအောင် ရုန်းကန်ကြိုးစားနေကြရ ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
ယခင် အစိုးရသက်တမ်း ၅ နှစ်တွင် စီးပွားရေး လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုများ ရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ကျဆင်းလာပြီး လုပ်ငန်းများရပ်တန့်မသွား အောင် ကြိုးစားနေရသည့် အခြေအနေဖြင့် ရင်ဆိုင်နေရကြောင်း မြန်မာ့ရိုးရာ လက်မှုအမှတ်တရပစ္စည်း လုပ်ငန်းလုပ်ကိုင်သူ ဦးမင်းဟိန်းက ပြောသည်။
၎င်းက “ဦးလေးတို့ ဒီမှာသာ ရပ်နေပေမယ့်လို့ ကမ္ဘာကြီးက ရပ်နေမှာ မဟုတ်ဘူးလေ။ ဦးလေးတို့ကလည်းပဲ အရင်တုန်းက အစိုးရ လက်ထက်မှာ ၅ နှစ်တာကာလမှာ ရှိသမျှပိုက် ဆံတွေ အကုန်လုံးကို ရသမျှ အရင်းအနှီးတွေ အကုန်လုံးကို ဆိုင်ထဲမှာ ရင်းနှီး ပြီးတော့ မြှုပ်နှံထားခဲ့တယ်။ ဘာဖြစ်လို့ ဒီလိုမြှုပ်နှံရလဲဆိုတော့ နောက်လာမယ့် အနာဂတ်မှာ ဦး လေးတို့ အနာဂတ်ကို မြင် နေရတယ်လေ၊ ကမ္ဘာကြီးက အားကောင်းမောင်းသန်နဲ့ လည်ပတ်နေတာ စီးပွားရေးတွေဆိုတာ။ အဲ့အထဲမှာ အကုန်လုံး ရင်းနှီးမြှုပ်နှံလိုက်တဲ့ အခါကျတော့ ဒီလိုကိစ္စတွေ ဖြစ်သွားတဲ့အခါကျတော့ ဦးလေးတို့မှာ အကုန်လုံး ရှိသမျှဟာက ဘဏ်ထဲ မှာ ငါးပြားတစ်စေ့ မကျန်လောက်အောင်ကို ပြောရမလို ဖြစ်သွားတာပေါ့။ တော်တော်လေးကို အဆင်မပြေဖြစ်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်း ဖြစ်ပွားသည့်အချိန်တွင် အသေးစားနှင့်အလတ်စား လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းလည်ပတ်မှု အနည်းအကျဉ်း လုပ် ကိုင်ခွင့် ရှိနေသည့်အတွက် ထိခိုက်မှုနည်းပါးခဲ့သော်လည်း လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် လုပ်ငန်းတချို့မှာမူ ပိတ်သိမ်းခဲ့ရမှုများ ဖြစ်ပေါ်နေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ပုံ-စားသောက်ကုန်များရောင်းနေသည်။
ဦးမင်းဟိန်းက “ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာတုန်းက နိုင်ငံခြား အသိုင်းအဝိုင်းတွေက ရှိနေသေးတာကိုး။ နိုင်ငံတကာ အသိုင်း အဝိုင်းတွေကလည်း သူတို့ရဲ့ အလုပ် သူတို့လုပ်နေတဲ့အခါကျတော့ သူတို့နဲ့ ဆက်ဆံပြီးတော့ ကျို့ကြားကျို့ကြားလေးတော့ အလုပ်လုပ် ရသေးတာပေါ့နော်။ ဆိုင်ပိတ်ထားတယ် ဆိုပေမယ့်လို့ သူတို့က မေးလ်နဲ့ ပစ္စည်းအော်ဒါမှာတဲ့ အခါကျတော့ ကိုယ့်ဆီမှာရှိတဲ့ ပစ္စည်းကို ဆိုင်မှာသွားယူ။ အဲတော့ နည်းနည်းလေးတော့ လှုပ်ရှားလို့ ရနေသေးတာပေါ့နော်။ အခုနောက်ပိုင်း ကျတော့ ဘာဖြစ်လဲဆိုတော့ ဆိုင်မှာတောင်မှ သွားပြီးတော့ လုပ်လို့မရတဲ့ အနေအထားကို ရောက်သွားတာပေါ့၊ စစ်အာဏာ သိမ်းပြီးတဲ့နောက်ပိုင်းမှာ။ ဆိုင်မှာလည်း မှိုတက်သွားတဲ့ပုံစံမျိုး ဖြစ်သွားတယ်အကုန်လုံးက”ဟု CNI သတင်းဌာနသို့ ပြော သည်။
မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စား(SME) လုပ်ငန်းများတွင် စားသောက်ကုန်လုပ်ငန်းသည် အများဆုံး ဖြစ်ပြီး ကိုဗစ်-၁၉ နှင့် နိုင်ငံရေးမတည်မငြိမ်မှုကြောင့် အထိခိုက်အများဆုံးသည်လည်း စားသောက်ကုန်လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနေလင်းက “အခြေအနေကတော့ တကယ်ကို ဆိုးရွားတဲ့ အခြေအနေလို့ ပြောရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်ကြောင့် လူတွေ မသွားနိုင်ကြတာတွေ၊ သွားလို့မရတာတွေ၊ နိုင်ငံရေးကြောင့် ဖြစ် သွားတဲ့ အခြေအနေတွေ အဆိုးဆုံး အခြေအနေလို့ ပြောရမှာပေါ့နော်။ အားလုံး အခြေအနေ မကောင်းပါဘူး။ တချို့ စား သောက်ဆိုင်တွေက ကိုဗစ်ကြောင့် ပိတ်ထားရတယ်။ ကြားထဲမှာ ဖွင့်တော့လည်း ခဏပဲ ဖွင့်ရတယ်။ ပါဆယ်ရောင်း တယ် ဆိုလည်း ရောင်းမကောင်းဘူးပေါ့နော်။ တချို့ဆိုင်တွေက ပြန်ပြီးတော့ ဖွင့်တော့ ဖွင့်နေကြပြီ။ ဒါပေမယ့် စားတဲ့လူဦးရေက အရင်ကလောက် မများတော့ဘူး။ အရင်ကလောက် ရောင်းမကောင်းတဲ့အချိန်မှာ နိုင်ငံရေးကြောင့် တချို့လူတွေက အပြင် မသွားရဲကြဘူး။ နောက် ဒေါ်လာဈေးတက်တော့လည်း ကုန်ကြမ်းကအစ တက်သွားတယ်ပေါ့နော်။ တချို့ ကုန်ကြမ်းတွေ လည်း ဈေးတက်တော့ စား သောက်ဆိုင်တွေအတွက် အခက်အခဲ အများကြီး ကြုံတွေ့နေရတဲ့ကာလလို့ ပြောလို့ရပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိကာလ ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် ဘဏ်လုပ်ငန်းများ လည်ပတ်မှုစနစ် အားနည်းခြင်းကြောင့် ငွေသား ထုတ်ယူ/ ကိုင်ဆောင်ရန် ခက်ခဲသည့်အတွက် စားသောက်ဆိုင် လုပ်ငန်းများ ရောင်းအားကျဆင်းမှုများ ကြုံတွေ့ခဲ့ရကြောင်း စားသောက်ဆိုင် လုပ်ငန်းရှင်များက ပြောသည်။