CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၁

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်တစ်ခုဖြစ်သည့် စင်ခွန်-မောတောင် နယ်စပ်ကုန်သွယ်ရေးဂိတ်မှ တဆင့် တင်ပို့နေသည့် ရေထွက်ကုန်များကို ဖလှယ်ရာနေရာတွင် ရေထွက်ကုန်များမှ ထွက်ရှိလာသည့် အရည် များကြောင့် အနံ့ဆိုးများထွက်ပြီး သန့်ရှင်းမှု မရှိသည့်အတွက် ရေထွက်ကုန်စည်တချို့ကို တင်ပို့မှု ကန့်သတ်မည် ဟု ထိုင်းနိုင်ငံဘက်မှ သတိပေးလာကြောင်း စင်ခွန်-မောတောင် နယ်စပ်ကုန်သွယ်ရေးအသင်းထံမှ သိရသည်။

စင်ခွန်-မောတောင် နယ်စပ်ကုန်သွယ်ရေးမှတဆင့် အဓိကတင်ပို့နေသည့် ရေထွက်ကုန်နှင့် ဒေသထွက် ခူများကို တင်ပို့ရာတွင် ရေကျဆင်းမှု မရှိစေရန်အတွက် လုပ်ဆောင်ပေးရန် ထိုင်းနိုင်ငံဘက်မှ ညွှန်ကြားလာကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းမရှိပါက ရေထွက်ကုန်နှင့် ခူတင်ပို့မှုကို ပိတ်မည်ဖြစ်ကြောင်း မောတောင်နယ်စပ် ကုန်သည်တစ်ဦး ဖြစ်သည့် ကိုမျိုးကိုက CNI သတင်းဌာနသို့ ပြောသည်။

စင်ခွန်-မောတောင် နယ်စပ်ကုန်သွယ်ရေးဂိတ်သို့ ကုန်ကားတစ်စီး ဝင်ရောက်လာစဉ်

“အခုကတော့ သူတို့ဘက်က ညှိနှိုင်းလာတယ် ကျနော်တို့ဆီကို။ ခူမှာ ရေတွေတအားကျလို့ပေါ့နော် ရေတွေ ညစ်ပတ်နေတယ်ဆိုပြီးတော့။ ခူတင်တဲ့နေရာဆိုလို့ရှိရင် ပုံးရဲ့အောက်မှာ အိတ်တစ်ထပ်ပေါ့နော် ပလပ်စတစ်အိတ် တစ်ထပ်ခံ၊ ရေလုံးဝမကျအောင် တင်လို့ရှိရင်တော့ အဆင်ပြေတယ်ပေါ့ သူတို့က အဲဒီလိုမျိုး ပြောထားတာ။ ပြီးတော့ ငါးကားတွေမှာဆိုလို့ရှိရင်လည်း ရေကျတာတွေ ဘာတွေကို ဥပမာ သူတို့ ကုန်ဖလှယ်တဲ့နေရာ မရောက်ခင်မှာ ရေတွေကို သွန်ခဲ့ပေါ့နော်။ သွန်ပြီးတော့ အဲဒီနေရာရောက်လို့ရှိရင် ရေမကျအောင် ဆောင်ရွက်ပေး ပေါ့ သူတို့ကတော့ ပြောထားတယ်။ ဒီလိုမျိုးမှ မဟုတ်ဘူးဆိုရင် သူတို့ဘက်ကလည်း ပိတ်ဖို့တွေ ဘာတွေ နည်းနည်းပြောတာတော့ ရှိတယ်။ သူတို့ကတော့ တခြားပစ္စည်း အများကြီးတော့ ရှိပါတယ်။ ဒီပစ္စည်း နှစ်မျိုးပေါ့ ခူနဲ့ ရေငန်ငါးတွေကျတော့ ရေခဲရိုက်ရတာပေါ့နော်၊ ခူကျတော့ ရေနဲ့လာရတော့ ရေကျတာဆိုတော့ သူတို့ အကယ် လို့ ပိတ်တယ်ဆိုလည်း အဲဒီပစ္စည်းနှစ်ခုကိုပဲ သူတို့ ညှိနှိုင်းရေး ဖြစ်မှာပေါ့နော်။ ဘယ်လိုမျိုး ဘယ်လိုမျိုး လုပ်လာပေါ့။ သူတို့ပြောတဲ့အတိုင်း လုပ်လာရင်တော့ အဆင်ပြေမှာပေါ့။ တကယ်လို့ သူတို့ပြောတဲ့အတိုင်း မဟုတ်ဘူးပေါ့ ဒီဘက်ကလည်း ပေါ့လျော့တယ်ဆိုရင်တော့ ပိတ်ဖို့တော့ ပြောလာတာတော့ ရှိတယ်ဗျ” ဟု ပြောသည်။


တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်မြို့နယ်နှင့် ထိစပ်နေသည့် မြန်မာ-ထိုင်း နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် စင်ခွန် - မောတောင် နယ်စပ်ဂိတ်တွင် No Man’s Land ဟုခေါ်သည့် လူမနေရ ကြားနေဇုန်တစ်ခုရှိပြီး ယင်းနေရာတွင် ရေထွက်ကုန်ပစ္စည်းများမှ ကျဆင်းသည့် ရေနှင့်စွန့်ပစ်အမှိုက်များကြောင့် အနံ့ဆိုး ထွက်ရှိလာသည့်အတွက် ထိုင်းနယ်ခြားစောင့်တပ်များက တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခန်ခရိုင်ဝန်ရုံးမှ ထုတ်ပြန်ခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ရေထွက်ပစ္စည်းများ ရောင်းသည့် ဈေးတစ်နေရာ

စင်ခွန်-မောတောင် နယ်စပ်ကုန်သွယ်ရေးမှတဆင့် တနင်္သာရီတိုင်းဒေသကြီးထွက် ရေထွက်ကုန်များကို အဓိက တင်ပို့လျက်ရှိသည့်အတွက် ယင်းကုန်စည်များကို ကန့်သတ်မည်ဆိုပါက ကော့သောင်း-ရနောင်း နယ်စပ် ကုန်သွယ်ရေးမှတဆင့် တင်ပို့ရမည်ဆိုလျှင် အချိန်နှင့် ငွေကြေးကုန်ကျမှု ပိုများသွားမည်ဖြစ်သည်ဟု စင်ခွန် - မောတောင် နယ်စပ်ကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“လောလောဆယ် မြိတ်ခရိုင်အတွက်ကတော့ သက်ရောက်မှု ရှိသွားမှာပေါ့။ ဒီဘက်ကိုပဲ အဓိကအားထားပြီးတော့ ကျနော်တို့က ခရီးကနည်းနည်းတိုတောင်းတယ်၊ မြန်ဆန်တယ်ဆိုတော့ ဒီဘက်ကိုပဲ အဓိကလာနေတာပေါ့။ အကယ်လို့ ဒီဘက်မရဘူးဆိုလည်း သူတို့က ရနောင်း-ကော့သောင်းဘက်က သွားကြမှာပေါ့။ ရနောင်းဘက်က သွားရင်တော့ ကျနော်တို့ ဒီဘက်ထက် ဆုံးရှုံးမှုတွေ ပိုများမှာပေါ့၊ ခရီးကြန့်ကြာမှုတွေ ရှိမယ်၊ ကုန်ကျစရိတ်တွေ ပိုများမှာပေါ့ အဲလိုအပိုင်းတွေရှိတယ်။ ဒီဘက်ကတော့ တိုတောင်းမြန်ဆန် သက်သာတယ်ဆိုတော့ ဒီဘက်ပဲ လာကြတာ” ဟု ပြောသည်။

စင်ခွန် - မောတောင် နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်ခြမ်းမှ ပို့ကုန်တင်ပို့မှု ၇၀ ရာခိုင်နှုန်းအထိ ရှိပြီး ထိုင်းနိုင်ငံထံက တင်သွင်းသည့် ကုန်ပစ္စည်းပမာဏသည် ကုန်သွယ်မှုတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ခင် စင်ခွန်-မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် နေ့စဉ်ကုန်သွယ်မှုတန်ဖိုး သည် အများဆုံး ဘတ် ၅ သန်းအထိ ရှိခဲ့ကြောင်း သိရသည်။