CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၃

ပြည်ပနိုင်ငံများသို့ မိမိအစီအစဉ်ဖြင့် ကျွမ်းကျင်အလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအား OWIC ကတ် နေ့ချင်းပြီး ထုတ်ပေးမှုသည် ပွဲစားများ လျော့ကျသွားနိုင်ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

OWIC ကတ် ရရှိရန် ဆောင်ရွက်ရာတွင် ပွဲစားများဖြင့် ဆောင်ရွက်မှုများအား ကာကွယ်တားဆီးနိုင်ရန်နှင့် အချိန် ကုန်/ငွေကုန် သက်သာလျော့နည်းစေရန် ရည်ရွယ်ချက်ဖြင့် မတ်လ ၂၀ ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသ ကြီး၊ မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၌ နေ့ချင်းပြီး စတင်ထုတ်ပေးနေခြင်းသည်။

လပ်ကီး ပြည်ပအလုပ်အကိုင်ရှာဖွေရေးမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်က“သူတို့က ကြန့်ကြာမှုလည်း မရှိ တော့ဘူးလေ။ ၈ မိုင်ရုံးကနေ ထုတ်ပေးတာလေ။ ဒီမှာက(ပင်လုံခန်းမ) အေဂျင်စီတွေနဲ့ကျတော့ ထိုင်းတို့ ဘာတို့ က အများကြီး ထွက်တာလေ။ သူတို့အတွက် စောင့်ရတာ ကြန့်ကြာမှုတွေ ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ခွဲထုတ် ပေးလိုက်တာ။ မြန်ဆန်သွားတာပေါ့။ သူတို့အတွက် သီးသန့်ဖြစ်သွားတာ။ တချို့က ခရီးဝေးတွေ လာတာ ရှိ တယ်။ တချို့က အချိန် မရတော့ဘူး။ လေယာဉ်ပျံ လက်မှတ်က ကပ်နေတာတွေ ရှိတယ်။ အဲဒါတွေကို အဆင် ပြေအောင်လို့ အလုပ်သမားဝန်ကြီးဌာနကနေ စီစဉ်ပေးတာ။ ပွဲစားကတော့ တဖြေးဖြေး ချုပ်ငြိမ်းမှာ။ ဘာဖြစ်လို့ လဲဆိုတော့ သင်တန်းကိစ္စမှာလည်း အဲဒီလို ပြဿနာတွေဖြစ်လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ MOEAF တို့ ပူးပေါင်း ပြီး သင်တန်းကျောင်းမှာ စီမံဆောင်ရွက်လိုက်တဲ့အခါ ပွဲစားတွေက ကလေးတွေဆီက ပိုက်ဆံတွေယူ သင်တန်း တွေ တက်ခိုင်းတဲ့ကိစ္စတွေ အများကြီး လျော့ပါးသွားတယ်။ ဒီဘက်မှာလည်း OWIC က အတုတွေ လုပ်တာ။ ဌာန ကနေ ပြီးတော့ စာနဲ့သတိပေးတယ်။ လုပ်ထားပြီးတဲ့ ဟာတွေကိုလည်း ရပ်ဆိုင်းလိုက်တာပေါ့။ သူတို့ကို မှန်ကန် တဲ့ဟာကို လမ်းကြောင်းကို ပြန်တင်ခိုင်းတယ် ဌာနကနေပြီးတော့” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာအလုပ်သမားများနဲ့ OWIC ကတ် ထုတ်ပေးရေးရုံးကိုတွေ့ရစဉ်

လက်ရှိတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေဖြင့် ပွဲစားများဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းဆောင်တာ များအား လျော့ကျစေရန် လုပ်ဆောင်နေခြင်းဖြစ်သော်လည်း ပွဲစားများ ပပျောက်ရေးအား ယခုအချိန်အထိ ထိထိ ရောက်ရောက် မဆောင်ရွက်နိုင်သေးကြောင်း ၎င်းက ပြောသည်။

မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် OWIC ကတ် နေ့ချင်းပြီး ထုတ်ပေးသည့် သူများမှာ မိမိအစီအစဉ်ဖြင့် ကျွမ်းကျင် အလုပ်သမားအဖြစ် ပြည်ပသို့ သွားရောက် လုပ်ကိုင်မည့် သူများနှင့် ခွင့်ဖြင့် ပြန်လာသည့် ခွင့်ပြန် အလုပ်သမားများအတွက်သာ ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုကဲ့သို့ OWIC ကတ် ထုတ်ပေးမှုအား နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းသည် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင် မည့် မြန်မာနိုင်ငံသားများအတွက် ကောင်းမွန်သော်လည်း ထိုသို့ ထုတ်ပေးရာတွင် အဂတိလိုက်စားမှုများ မပါစေ ရန် ဆောင်ရွက်သင့်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ကိုသားကြီးက “အလုပ်သမားဝန်ကြီးဌာနဟာ ပြည်ပထွက်တဲ့ အလုပ်သမားတွေ များပြားလာတာနဲ့ အလျောက် ပေါ်လစီတွေကို တစ်ခုပြီးတစ်ခု တစ်မျိုးပြီးတစ်မျိုး ထုတ်နေတာကို တွေ့ရတယ်။ ဌာနတစ်ခုက မိမိထုတ်လိုက်တဲ့ စာတွေ၊ စည်းကမ်းတွေပေါ့ သို့မဟုတ် ဥပဒေ အသစ်တွေပေါ့ ကိုယ့်နိုင်ငံသားတွေကို အကျိုးပြုစေမယ်လို့ ယူဆတဲ့ အကြောင်းအရာတွေကို ကိုယ်ထုတ်လိုက်တဲ့ ဥပဒေ စည်းကမ်းအတိုင်း ကိုယ်ကိုယ်တိုင် လိုက်နာကျင့်သုံး နိုင်မယ် ဆိုရင်တော့ ပိုကောင်းတာပေါ့။ နောက် ဒီဌာနအပေါ်မှာ တာဝန်ပေးခြင်းခံရတဲ့ ဝန်ထမ်းတွေ ဘယ်လောက်ထိ အဂတိကင်းလဲဆိုတာကို မေးခွန်းထုတ်ရမှာပေါ့။ ကျနော်တို့နိုင်ငံမှာက ခေတ်အဆက်ဆက်က ဘယ်ဝန်ထမ်းပဲ ဖြစ်ဖြစ် အဂတိမကင်းခဲ့တာကို။ OWIC ကတ်လို့ခေါ်တဲ့ ကျနော် မောင်ဖြူ၊ မောင်မဲ၊ ကိုသားကြီး ဖြစ်ကြောင်းဆိုတဲ့ သက်သေခံ ကတ်ပြားရမှ နိုင်ငံခြားထွက်လို့ ရမယ်ဆိုတဲ့ ဒီကတ်ကို ထုတ်ပေးတဲ့ စနစ်ဟာ အခုထုတ်လိုက်တဲ့ စည်းကမ်းအတိုင်း ဘယ်လောက်အထိ ဝန်ထမ်းတွေက သော်လည်းကောင်း၊ ဌာနက သော်လည်းကောင်း ထိန်းချုပ် နိုင်မလဲပေါ့။ ဒီမသမာတဲ့ လူပွဲစားတွေ၊ အေဂျင်စီတွေ သူတို့ ဒီလိုမသမာတဲ့ အုပ်စုတွေနဲ့ ကင်းပြီးတော့မှ လာရောက် လျှောက်ထားတဲ့ နိုင်ငံသားတစ်ယောက်ကို ဘယ်လောက်အထိ ထိထိရောက်ရောက် အကူအညီ ပေးနိုင်လဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်”ဟု ပြောသည်။

ပြည်ပ ထွက်ခွာကြမည့် မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေဖြင့် ယခုကဲ့သို့ ပြည်ပထွက်ခွာမည့် လုပ်သားများအား OWIC ကတ် ထုတ်ပေးရာတွင် နေ့အလိုက် လာရောက် ထုတ်ယူနိုင်သည့် လူပုဂ္ဂိုလ်အမည်နှင့် စာရင်းများအား Safe Migration Telegram Channel ၌ ထုတ်ပြန်ကြေညာ ပေးလျက်ရှိသည်။

ကျွမ်းကျင်လုပ်သားများနှင့် ခွင့်ပြန် လုပ်သားများအား နေ့ချင်းပြီး OWIC ကတ် ထုတ်ပေးရာတွင် တစ်ရက်လျှင် လူဦးရေမည်မျှ ထုတ်ပေးမည်ဟူ၍ ကန့်သတ်မထားကြောင်းလည်း သိရသည်။