CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀

တရုတ်နိုင်သည် မြန်မာနိုင်ငံမှ သန့်စင်ပြီးသကြား အပါအဝင် သကြားဖြူနှင့် သကြားညို တစ်လလျှင် တန် ၃၀၀၀ ခန့် ဝယ်ယူလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှတဆင့် ကမ်းလှမ်းလာခဲ့သည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် တင်ပို့မှု မပြုနိုင်သေးကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်း ရှင်များအသင်းထံမှ သိရသည်။

မြန်မာ့သကြားကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ရန်အတွက် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ် ရေးအဖွဲ့(GACC) လက်မှတ်ရရှိရန် လိုအပ်နေသေးကြောင်း၊ လက်ရှိ ပြည်တွင်း သကြားဈေးနှုန်း ကောင်းမွန်နေ ခြင်းကြောင့် တရုတ်သို့ မတင်ပို့သေးခြင်းဖြစ်ကြောင်း  မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။

ကြံစိုက်တောင်သူများကိုတွေ့ရစဉ် (GETTY IMAGES)

၎င်းက “သူတို့ဝယ်ချင်တာကတော့ အဲလိုမျိုးပဲ။ ဒီဘက်ကလည်း မရောင်းနိုင်သေးဘူး ဖြစ်နေတယ်။ သူတို့က လည်း စားသောက်ကုန်တွေက GACC certificate ပေါ့နော် လိုအပ်တယ်။ အဲတော့ တချို့ဟာတွေက လုပ်လို့ မရသေးဘူးလေ။ အဲတော့ ရောင်းချင်ပေမယ့်လည်း ရောင်းမရဘူး။ နောက်တစ်ခုက နောက်တစ်ချက်ကျတော့ ပြည်တွင်းစားသုံးမှု ဖူလုံမှု နည်းနေသေးတဲ့အတွက် မရောင်းနိုင်သေးတာပေါ့။ ပြည်တွင်းမှာလည်း ဈေးက ကောင်း နေတာကိုး။ ဒါကတော့ ဈေးနှုန်းကိုက်ညီတယ်တို့၊ အခြေအနေပေးတယ်တို့၊ ဘာတို့ အခြေအနေ ပေးရင်တော့ ရောင်းလို့ရပါတယ် အဲဒီတန် ၃၀၀၀ ကတော့။ ပြည်တွင်းကလည်း ထုတ်လုပ်မှုတွေက တစ်နှစ်ထက် တစ်နှစ် တိုး တက်နေတာပေါ့” ဟု ပြောသည်။

တရုတ်နိုင်ငံက သကြားဝယ်ယူမည့် ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံမှ သန့်စင်ပြီး သကြား၊ သကြားရည်၊ သကြားဖြူ နှင့် သကြားညို တန် ၃၀၀၀ မှ တန် ၅၀၀၀၀ အထိ ဝယ်ယူလိုနေကြောင်း၊ လတ်တလောတွင် တစ်လလျှင် တန် ချိန် ၃၀၀၀ ဖြင့် ဝယ်ယူလိုကြောင်း သိရသည်။

လက်ရှိ ပြည်တွင်းသကြား စားသုံးမှုသည် ယခင်နှစ်ထက် မြင့်တက်လျက် ရှိနေကြောင်း၊ ထို့နောက် ပြည်တွင်း သကြားဈေးကွက်တွင် သကြားဈေးနှုန်းများ အမြင့်ပိုင်း၌ရှိနေပြီး တစ်ပိဿာ ၂၅၅၀ ကျပ် ရှိနေကြောင်း သိရသည်။

တရုတ်ကို ကြံများ သွင်းနေစဉ် (GETTY IMAGES)

ထို့နောက် လက်ရှိ သကြားတင်ပို့မှု အနေဖြင့် အလွယ်တကူ တင်ပို့၍ရသည့် ဗီယက်နမ်နိုင်ငံသို့သာ အဓိကထား တင်ပို့လျက်ရှိနေကြောင်း၊ လာမယ့်နှစ်တွင် သကြားစက်ရုံ တိုးလာမည် ဖြစ်သည့်အတွက် တရုတ်နိုင်ငံသို့ တင်ပို့ နိုင်မည့် အခွင့်အရေး ရှိလာနိုင်သည်ဟု ဦးဝင်းဋ္ဌေးက ပြောသည်။

၎င်းက “ဒီဘက်ကလည်း ရောင်းနေရတဲ့ နေရာတွေက လွယ်ကူတဲ့ ဥပမာ ဗီယက်နမ်လို လွယ်ကူတဲ့နေရာ ရောင်း နေတော့ အဲဒါကို စိတ်မဝင်စားသေးတဲ့ သဘောပေါ့။ ဈေးကွက်က ပေါနေတော့ စိတ်မဝင်စားသေးတဲ့ သဘောပါ ပဲ။ ဒါပေမယ့် လာမယ့်နှစ်မှာတော့ စက်ရုံအသစ် ၃ ရုံ တိုးနိုင်တဲ့အတွက်တော့ လာမယ့်နှစ်ကတော့ အခွင့်အရေး ရှိနိုင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် ယခုနှစ်တွင် ပြည်တွင်း သကြားထုတ်လုပ်မှု တိုးတက်လာခြင်းနှင့်အတူ ပြည်တွင်း သကြားစားသုံးမှု မြင့်မားနေခြင်းကြောင့် ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပိုလျှံသည့် ပမာဏကိုသာ ပြည်ပသို့ တင်ပို့မည် ဖြစ်ကြောင်း၊  ဗီယက်နမ်နိုင်ငံသို့ တန် ၄၀၀၀၀ ခန့်သာ တင်ပို့နိုင်မည်ဟု သိရသည်။