CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှုနှင့် ငှားနေမှုများသည် ပြီးခဲ့သည့် လများကထက် ပို၍ များပြား လာကာ အနည်းဆုံး မြန်မာငွေ သိန်း နှစ်ထောင်ခန့်မှ စတင်၍ ကွန်ဒိုများကို ဝယ်ယူကြကြောင်း ထိုင်းတွင် အိမ်ခြံ မြေ၊ ကွန်ဒိုလုပ်ငန်းလုပ်ကိုင်သူနှင့် လုပ်ငန်းရှင်အချို့က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာများအနေဖြင့် လက်ရှိတွင် ထိုင်းနိုင်ငံသို့ ပညာရေးနှင့်ပတ်သက်ပြီး ပြောင်းလာကြသူ များပြားလာသဖြင့် ကျောင်းအနီးပတ်ဝန်းကျင်ရှိ နေရာများမှ ကွန်ဒိုများအား ဝယ်ယူမှုများပြားသကဲ့သို့ ကြိုပွိုင့်ဖြင့် ဝယ်ယူခြင်း တို့ လည်း များပြားကြောင်း သိရသည်။

Bangkok-Myanmar Property and Life Style မှ တာဝန်ရှိသူတစ်ဦးက “အလွန်ဆုံး သိန်း ၂၀၀၀ ကနေ စပြီး တော့ အခန်းလေးတွေ သူတို့ ဝယ်ကြတာများတယ်။ အဲဒီလောက် ကနေစပြီးတော့ ဈေးကြီးရင်လည်း ကြီးတဲ့ ဟာတွေ ဝယ်ကြတာတွေလည်း ရှိပါတယ်။ တချို့တွေကတော့ investment အတွက်ပေါ့နော်။ အခုက ပိုများလာ တာပေါ့ ဗမာအရမ်းလည်း ဝင်ကြတော့လေ။ ဒီမှာ တချို့ developer တွေကကြတော့ ကွန်ဒို ဝယ်မယ်ဆိုရင် တချို့ တွေ အတွက်ကြတော့ Promotion တွေ လုပ်ပေးတယ်။ sale ပေးတာပေါ့နော် elite visa ၁၀ နှစ်ပေးတာတို့။ ဒီမှာ ဆေးခန်းပြခွင့် Gift voucher တွေပေးတာတို့၊ အဲဒီလိုမျိုးတွေလုပ်တော့ အဲဒါတွေကြောင့်လည်း သူတို့ ဝယ်ကြတာ များတယ်။ များသောအားဖြင့် အစ်မတို့ အခုဆိုရင် Sukhumvit ဆိုပေမယ့် Sukhumvit အလယ်ကြီးမှာ မဟုတ်ဘဲ နဲ့ ဘဏ်နားတို့ ဘာတို့ပေါ့။ ရထားလိုင်းတွေနဲ့ နီးတယ်။ သွားရ လာရတာ အဆင်ပြေတဲ့ နေရာမှာ ဝယ်တယ်။ ဈေး တွေကြတော့ ဒီက အိမ်ဈေးတွေက ဒီလောက်ပဲ။ ဘန်ကောက်က အိမ်ဈေးတွေက အရမ်းကြီး တက်နေရတာရယ်။ property က အရမ်းကြီး တက်နေတာ မဟုတ်ဘူး။ သူတို့က ရွေးချယ်စရာ အရမ်းများတာကို။ ဒါပေမယ့် ဗမာနိုင်ငံ အနေနဲ့ ဝယ်လိုအားကတော့ အရမ်းများတယ်။ ဒေါ်လာဈေးတွေလည်း တက်တော့ တွက်ကြည့်လိုက်ရင်တော့ အရင်တုန်းကထက် နှစ်ဆတွေ ဖြစ်သွားတာပေါ့” ဟု ပြောသည်။

ထိုင်းနိုင်ငံရှိ ကွန်ဒို အရောင်းများကို ပြသနေစဉ်

ထိုင်းနိုင်ငံတွင် ပြည်ပနိုင်ငံမှ နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုတစ်မျိုးတည်းသာ ဝယ်ယူခွင့်ရှိသော်လည်း ရင်းနှီး မြှုပ်နှံမှု ဗီဇာကိုင်ဆောင်ထားပြီး ထိုင်းနိုင်ငံရှိ ကုမ္ပဏီများ၌ ရှယ်ယာဝင်ထားသူဖြစ်ပါက ကွန်ဒို တစ်မျိုးတည်း မဟုတ်ဘဲ အခြားအိမ်ခြံမြေများကိုလည်း ဝယ်ယူခွင့်ရှိကြောင်း သိရသည်။

အိမ်ခြံမြေ ဝယ်ယူရာတွင်လည်း ထိုင်းနိုင်ငံသားတစ်ဦး၏ အမည်ကို အသုံးပြု၍သာ ဝယ်ယူရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဝယ်ယူသည့် မြန်မာများလည်းရှိကြောင်း သိရသည်။

မြန်မာများသည် လက်ရှိတွင် ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ မဲဆောက်နှင့် ချင်းမိုင်မြို့များ၌ အဆောက်အအုံများ အများအပြား ဝယ်ယူနေကြကြောင်း၊ အများစုသည် ကလပ်များ၊ စားသောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်ကြခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုသိန်းဦး(အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရင်းနှီးမြှုပ်နှံမှုအပိုင်းက မြန်မာဘက်က ဝင်လာတဲ့လူတွေ တော်တော်များတယ်။ ပြီးခဲ့တဲ့ အပတ်ကဆို ကျနော် ဘော်ဒါနှစ်ယောက်ပေါ့ အသိုင်းအဝိုင်းကြီးထဲကပဲ။ ဒီမှာ ကလပ်တွေ လာဖွင့်တယ်။ ဘားတွေ လာဖွင့် တယ်ပေါ့။ ပြီးတော့ ကွန်ဒိုတွေ လာဝယ်တယ် အများကြီးပဲ။ ဆို အခုနောက်ပိုင်း တော်တော်များများ များများ တောင် မဟုတ်ဘူး အများကြီးလို့ ပြောရမယ်။ ကျနော်တို့ မြန်မာနိုင်ငံကလာပြီး ရင်းနှီးမြှုပ်နှံတဲ့လူ တော်တော်များ တယ်။ ဟိုတနေ့ကဆို မြန်မာနိုင်ငံက အလှကုန်ပစ္စည်း ကုမ္ပဏီကနေပြီးမှ marketing ပိုင်းဆင်းပြီးတော့ ဒီဘက် ပြောင်းမယ့် အနေအထား လာပြီး ဆွေးနွေးတဲ့ အဖွဲ့တွေရှိတယ်။ ပြီးတော့ ဘူဖေးဆိုင်တွေလေ မူကထဆိုင်တွေ လာပြီးဖွင့်တာတွေ တော်တော်များလာတယ် မြန်မာတွေ။ အစားအသောက်နဲ့ ပတ်သက်ပြီး တော့လေ။ မြန်မာ နိုင်ငံရုပ်ရှင် အသိုင်းအဝိုင်းသားတွေဆိုရင် တော်တော်များများ ဒီဘက်ကို ကူးလာတဲ့ လူတွေများတယ် အခုက” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများအနေဖြင့် ကွန်ဒိုဝယ်ယူမှု များပြားလာသည့်အပြင် ငှားနေသည့် သူများလည်း များပြားလာကြောင်း Bangkok-Myanmar Property and Life Style မှ သိရသည်။

ထိုင်းနိုင်ငံရှိ ကွန်ဒို အရောင်းများကို ပြသနေစဉ်

ကွန်ဒိုဝယ်ယူရာတွင်လည်း နေရာဒေသနှင့် အကျယ်အဝန်းပေါ်မူတည်ကာ ပေါက်ဈေးများရှိနေပြီး အနည်းဆုံးမှာ သိန်း နှစ်ထောင်ခန့်ဖြစ်ကြောင်း၊ ကွန်ဒိုငှားနေသည့် အခါတွင်လည်း အနည်းဆုံး ဘတ် ၄၀၀၀ (မြန်မာငွေ ၂ သိန်း ကျော်)မှ စတင်ကာ ဘတ် သိန်းကျော်အထိ ရှိကြောင်း Bangkok-Myanmar Property and Life Style မှ တာဝန် ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဘတ် လေးထောင် လေးတွေကြ တကယ် ဟိုးသေးသေးလေးတွေပေါ့နော်။ ဘာမှမပါဘူး။ အစ်မတို့က တော့ အဲလောက် မငှားပေးဘူး။ အစ်မတို့ ငှားပေးရင် တစ်သောင်းခွဲ ပတ်ဝန်းကျင် ကနေစပြီးတော့ 1 bedroom, 2 bedroom, 3 bedroom အဲဒါလေးတွေ ငှားပေးပါတယ်။ ကိုးထောင်၊ တစ်သောင်းခွဲ အဲဒီလောက်ပေါ့။ ဈေးတွေ ကတော့ အမျိုးမျိုးပဲ။ ပုံမှန် တစ်နှစ်တော့ ချုပ်ရတယ်။ ဒါပေမယ့် နားလည်မှုနဲ့ သုံးလ ချုပ်မယ်ဆိုလည်း အကယ် လို့ deposit ကို ပိုပေးလိုက်ပေါ့။ သုံးလအတွက် deposit ကို ပိုပေးရတယ်။ အဲဒါဆိုရင် သုံးလလောက် ချုပ်လို့ ရတယ်။ ဒီမှာကတော့ ညှိယူလို့ရတာတွေ ရှိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ အိမ်ခြံမြေနှင့် ကွန်ဒိုများအား မြန်မာနိုင်ငံသားများ ဝယ်ယူမှု များပြားသကဲ့သို့ တရုတ်နှင့် အနောက်နိုင်ငံတို့မှလည်း ဝယ်ယူမှု များပြားနေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူသည့်အခါ၌ မြန်မာနိုင်ငံသား၊ မြန်မာပတ်စပို့စ်စာအုပ် ကိုင်ဆောင်ထားသူဖြစ်ပါက မြန်မာပြည်တွင်းရှိ ဘဏ်မှတဆင့် ထိုင်းနိုင်ငံဘက်ရှိ ဘဏ်သို့ ငွေလွှဲရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်တွင်းမှ ငွေပမာဏ အများအပြားလွှဲရန် မလွယ်ကူသည့်အတွက် ကွန်ဒိုအရောင်းအဝယ် ကုမ္ပဏီများက စီစဉ် ဆောင်ရွက် ပေးကြောင်း သိရသည်။

မြန်မာနိုင်ငံသားများသည် ၂၀၂၂ ခုနှစ်အတွင်းမှာပဲ ထိုင်းနိုင်ငံ၊ ချင်းမိုင် တစ်မြို့တည်းမှာတင် တိုက်ခန်းပေါင်း ၁၈၈ ခန်း ဝယ်ယူထား ကြောင်း၊ တန်ဖိုးအားဖြင့်ဆိုပါက ဘတ်ငွေတန်ဖိုး ၁ ဒသမ ၃၄ ဘီလီယံ ရှိကြောင်း စီးပွားရေး နှင့်ဈေးကွက်စောင့် ကြည့်ရေးစာစောင် Thai Enquirer က ရေးသားဖော်ပြထားသည်။