CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆

မြန်မာ့ပဲတီစိမ်းကို အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ဥရောသမဂ္ဂ အီးယူသို့ တင်ပို့မှု ရှိနေကြောင်း ပဲကုန်သည်များထံမှ သိရသည်။

အီးယူသို့ တင်ပို့နေသည့် ပဲတီစိမ်းများသည် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်တို့တွင် အီးယူ နည်းပညာဖြင့် စိုက်ပျိုးထားသည့် ပဲတီစိမ်းများကိုသာ တင်ပို့မှု ရှိသည်ဟု ဧရာကုန်သွယ်မှုဗဟိုဌာန တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့ပဲတီစိမ်းကိုတွေ့ရစဉ် (GETTY IMAGES)

၎င်းက “ပဲတီစိမ်းက ပို့နေပါတယ်။ ခရမ်း၊ သုံးခွတို့ ဘာတို့ အဲဒီဘက်မှာ အီးယူရဲ့ နည်းပညာနဲ့ ဟိုတုန်းကတည်းက အီးယူက နည်းပညာလာပေးပြီးတော့ စိုက်ခိုင်းတာရှိတယ်။ အီးယူကို သွားတယ် ဘာညာဆိုတာက တခြား မဟုတ် ဘူး။ အီးယူကို သွားတယ်ဆိုတဲ့ ဥစ္စာကလေ အီးယူကနေ နည်းပညာ လာပေးတယ်။ GAP စနစ်တွေနဲ့ စိုက်နည်း စနစ်တွေ ပြောင်းဖို့အတွက် Technology ပေးတယ်ပေါ့နော်။ သူတို့ Technology အတိုင်း စိုက်တယ်။ အဲဒီစိုက်တဲ့ ဥစ္စာကို သူတို့ ပြန်ပြီးတော့ ဝယ်တယ်။ အဲဒီသဘောပဲ ရှိတယ်။ ကျနော်တို့ဆီကနေ သူတို့နည်းပညာ မဟုတ်ဘဲနဲ့ ထွက်တဲ့ တခြား ပဲတီးစိမ်းတွေကို သူတို့ဆီ တင်လို့မရဘူး” ဟု ပြောသည်။

အီးယူနည်းပညာဖြင့် မဟုတ်ဘဲ တခြားသော ပုံစံဖြင့် စိုက်ပျိုးထားသည့် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့ နယ်မှ ပဲတီစိမ်းများကိုတော့ အီးယူက ဝယ်ယူမှုမရှိကြောင်း ပဲကုန်သည်များက ပြောသည်။

ပဲကုန်သည်တစ်ဦးက “ဈေးနှုန်းအရတော့ သူတို့ မတ်ပဲထက်တော့ ပိုသာတယ်။ ပဲတီစိမ်းကျတော့ ပြည်တွင်း စားသုံးမှု ရှိတယ်။ တရုတ်ကို တင်တယ်။ အဓိကကတော့ တရုတ်ကို သွားနေတာ ပိုများတယ်။ အရေအတွက် အများကြီးလည်း မဟုတ်ဘူး။ ဟိုဘက်က လိုသလောက်လည်း မရောင်းနိုင်သေးပါဘူး၊ တကယ်တမ်းကျတော့ လေ။ အိန္ဒိယကိုကျတော့ မတ်ပဲနဲ့ ပဲစဉ်းငုံပဲ သွားတယ်။ အိန္ဒိယက ပဲတီစိမ်း အဝယ်နည်းတယ် မဝယ်သလောက်ပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် အီးယူနည်းပညာနှင့်မဟုတ်ဘဲ တခြားသောပုံစံဖြင့် စိုက်ပျိုးထားသည့် ပဲတီစိမ်းများကို ပြည်တွင်း စားသုံးမှုနှင့် တရုတ်နိုင်ငံသို့သာ အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။