၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၀ရက်

ကိုဗစ်ကပ်ရောဂါကြောင့် ဆိုင်ထိုင်ခွင့် မရသည့်အတွက် လက်ရှိတွင် ကော်ဖီဆိုင်များသည် ရောင်းအားမရှိသလောက် ကျဆင်း ပြီး အသင့်ဖျော်ကော်ဖီများမှာ ရောင်းအားတက်လာကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။

လက်ရှိတွင် ကော်ဖီဆိုင်များသည် ရောင်းအား ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီး အသင့်ဖျော်ကော်ဖီများသည် ယခင်က ထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ရောင်းအားတက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌ ဦးမျိုးအေးက "City mart တို့ စူပါမားကတ်တွေမှာရောင်းတဲ့ ကော်ဖီမှုန့်တို့၊ အသင့်ဖျော် ကော်ဖီ 3 in 1 တို့၊ ဒီကော်ဖီတွေကျတော့ ကိုယ့်ဘာသာကိုယ် ဖျော်သောက်လို့ရတဲ့ ဟာမျိုးတွေကျတော့ အရင်ကထက် ပိုရောင်းရတာပေါ့နော်။ နောက်ပြီး ထုတ်လုပ်ရောင်းချတဲ့လူတွေလည်း များလာတာပေါ့။ အဲ့ဒီဈေးကွက်က" ဟု ဆိုသည်။

ပြည်ပသို့ တင်ပို့ရာတွင်လည်း နိုင်ငံခြားငွေ ဈေးနှုန်းပေါ် အခြေခံသည့်အတွက် Special coffee သည် ဒေါ်လာ ၆၀၀၀ (ခြောက်ထောင်) ခန့်ရှိကာ Commercial coffee သည် ဒေါ်လာ ၄၀၀၀ (လေးထောင်) ခန့်ဖြစ်ပြီး အပြောင်းအလဲမရှိကြောင်း ၎င်းက ရှင်းပြသည်။

ထို့အပြင် လက်ရှိ ပြည်တွင်းဈေးကွက်၌ လက်ကျန် ကော်ဖီများသည် တစ်တန်လျှင် သိန်း ၄၀ မှ သိန်း ၄၅ ခန့်အထိရှိသော် လည်း ရောင်းချပြီးသားဖြစ်သောကြောင့် ဈေးနှုန်းမှာ ပုံမှန်ဖြစ်ကြောင်း၊ လာမည့်ရာသီ၌ ကော်ဖီဈေးနှုန်းသည် ကုန်ဈေးနှုန်း ပေါ် မူတည်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌ ဦးမျိုးအေးက ဆိုသည်။

ဦးမျိုးအေးက "နိုင်ငံခြားငွေနဲ့က ရောင်းပြီးသွားပြီ။ အဲတော့ ဝယ်မယ်ဆိုလည်း ဈေးနှုန်းတစ်ခုက ကုန်ဈေးနှုန်းနဲ့ ယှဉ်ပြီးတော့ အပြောင်း အလဲတော့ ရှိမှာပေါ့။ လောလောဆယ်တော့ သိသိသာသာတော့ မပြောင်းလဲသေးပါဘူး။ အရင်က နိုင်ငံခြားပို့တဲ့ ကော်ဖီတွေ ကကျတော့ နိုင်ငံခြားငွေနဲ့ရောင်းတော့ အပြောင်းအလဲ သိပ်မရှိပါဘူး။ စာချုပ်တွေကလည်း ချုပ်ပြီးသားဆိုတော့ လေ" ဟု ပြောသည်။

လက်ရှိတွင် ကော်ဖီဈေးနှုန်းများ ပုံမှန်ဖြစ်နေသော်လည်း ကုန်ကြမ်းများမှာ ဈေးတက်နေကြောင်း သိရသည်။

ယခင်က ၂၅ ကီလိုဂရမ် ကုန်ကြမ်းအား ၆၀၀၀၀ (ခြောက်သောင်း) ကျပ် ပေးရသော်လည်း လက်ရှိတွင် ၉၂၀၀၀ (ကိုးသောင်းနှစ်ထောင်) ကျပ်အထိ ရှိနေကြောင်း “မွှေး” နှပ်ကော်ဖီ ပိုင်ရှင် ကိုဖြိုးမင်းအောင်က ပြောသည်။

“မွှေး”နှပ်ကော်ဖီ ပိုင်ရှင် ကိုဖြိုးမင်းအောင်က “First wave, second wave လောက်က ကျနော်တို့သုံးတဲ့ ကုန်ကြမ်းတစ်အိတ် (25 kg) ကို ၆၀၀၀၀ (ခြောက်သောင်း) လောက်ပဲပေးရတယ်။ အခုဆိုရင် ၉၂၀၀၀ (ကိုးသောင်းနှစ်ထောင်) ဖြစ်သွားပြီ ကုန် ကြမ်းက။ ဆက်တက်ဖို့ ရှိသေးတယ်လို့လည်း ပြောတယ်” ဟု ဆိုသည်။

ကော်ဖီများအား ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ် တို့တွင် အဓိကစိုက်ပျိုးကြပြီး ကော်ဖီသီးများအား ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတို့တွင် ခူးဆွတ်လေ့ရှိကြောင်း သိရသည်။