၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၁

NLD အစိုးရလက်ထက် ပြီးခဲ့သည့် ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွင်း နိုင်ငံတော်ဘတ်ဂျက်မှ ကပ်ရောဂါ၏ သက်ရောက်မှုများကို ကုစားနိုင်ရန် နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များသို့ လစာ(၂)လစာ အတိုးမဲ့ ထုတ်ချေးခဲ့သောချေးငွေများအား အောက်တိုဘာ ၁ ရက်နေ့မှစ၍ ပြန်လည်ပေးဆပ်ရန် နစက က ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ချေးငွေများကို လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေနှင့်ပြန်လည်ပေးဆပ်ရာတွင် မိမိရရှိသည့် လစာမှ တစ်လလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် အရစ်ကျပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

ဒါ့အပြင် ဌာန၊အဖွဲ့အစည်းများနှင့်တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အဆင့်ဌာန၊အဖွဲ့အစည်းများအနေဖြင့် ကြိုတင် ထုတ်ချေးခဲ့သည့် အတိုးမဲ့ချေးငွေများနှင့်ပတ်သက်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစတင်ကာ ထုတ်ပြန်ကြေညာချက် များနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်လည်း အကြောင်းကြားထားကြောင်း သိရသည်။

မှော်ဘီမြို့နယ်ရှိ လက်ရှိတာဝန်ထမ်းဆောင်နေသူ ကျောင်းဆရာမတစ်ဦးက“ကျောင်းတွေကလည်း အခုရက်တိုးပြီး ထပ်ပိတ်လိုက်တယ်။ လစာပဲအခုကရတယ်။ ကိုဗစ်ချေးငွေက တစ်လ သုံးသောင်းကျပ်လောက်ဖြတ်မှာ။ ကျောင်းက ပိတ်ထားတော့ ကျူရှင်လည်းသင်မရ။ ရတဲ့ လစာပဲစားနေရတယ်။ ကုန်ဈေးနှုန်းကတက်လည်းတက်၊ လစာလည်း ဖြတ်အုံးမှာဆိုတော့ ဘာမှတော့ လစာက မကျန်ဘူး။ ဒါကြောင့် တစ်နေ့ဘယ်လောက်ကျန်ကျန်ဆိုပြီး အိမ်ရှေ့မှာ အသုပ်ထွက်ရောင်းနေတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ချေးငွေများထုတ်ချေးရာတွင် အစိုးရလက်အောက်ရှိ အရပ်ဘက်ဝန်ထမ်းများသာပါဝင်ပြီး တပ်မတော်သားများ ပါဝင်ခြင်းမရှိ သောကြောင့် ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်သားများအား အခြားဝန်ထမ်းများနည်းတူ ဌာန၏ဘတ်ဂျက်အောက်မှ ထုတ်ချေးပေးခဲ့သည်။

ယခုပြန်လည်ပေးဆပ်ရန် တောင်းခံမှုတွင် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများကိုပါ ပြန်လည်တောင်းခံခြင်းဖြစ်ပြီး တစ်လလျှင် ကျပ်သုံးသောင်းနှုန်းနှင့် ဖြတ်တောက်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

အာဏာထိန်းပြီးနောက်ပိုင်း CDM ပြုလုပ်သော ဝန်ထမ်းများကိုလည်း နစကဘက်က ချေးငွေများ အကြေပြန်လည်ပေးဆပ် ရန်တောင်းခံမှုများရှိခဲ့ပြီး အကယ်၍ ပြန်လည်ပေးဆပ်ခြင်းမရှိပါကလည်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

NLD အစိုးရလက်ထက်က ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးလုပ်ငန်းများကို ကုစားရန်အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များသို့ နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ထုတ်ချေးထားခြင်းကိုလည်း ဩဂုတ်လ နောက်ဆုံး ပတ်တွင် အတိုးနှင့်အရင်း တပေါင်းတည်း အကြေပြန်လည်ပေးဆပ်ရန် ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်းကော်မတီက ညွှန်ကြားချက်ထုတ်ပြန်ထားသည်။

အထက်ပါချေးငွေများ ပြန်လည်တောင်းခံမှုနှင့်ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ထမ်းများကြားတွင် ဝေဖန်မှုများ ရှိနေသည်။