၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၁

နစက လက်အောက်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အောင်ဘာလေထီလက် မှတ်များကို ထိုးသူများ လွယ်ကူစွာဝယ်ယူနိုင်ရေးအတွက် လက်ရှိကျင့်သုံးလျက်ရှိသော အောင်ဘာလေထီလက်မှတ်များ ရောင်းချသည့်စနစ်(Paper Lottery)ဖြင့် ရောင်းချခြင်းအပြင် အွန်လိုင်းမှတစ်ဆင့် ရောင်းချသွားရန် စီစဉ်နေကြောင်း သိရသည်။

အောင်ဘာလေထီကို အွန်လိုင်းမှတဆင့်ရောင်းချနိုင်ရေးအတွက် နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်မည့် Service Provider လုပ်ငန်းတစ်ခုကို ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသော(Expression of Interest-EOI) အဆိုပြုလွှာများကို တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ယခုလ ၁၅ ရက် နောက်ဆုံးထားပြီး ပေးပို့ရန် နစက က ယနေ့တွင် ကြေညာထားသည်။

ထို့ပြင် အောင်ဘာလေထီဆုကြေးများ တိုးမြှင့်ချီးမြှင့်ခြင်းနှင့်ပေါက်မဲအတွက်လည်း ငွေသားအပြည့်ပေးမည်ဟု ကြေညာ ထားပြီး ယခုအခါ လူထုစိတ်ဝင်စားမှုရရန် အွန်လိုင်းဈေးကွက်ကို ကြိုးစားလာခြင်းဖြစ်သော်လည်း လက်ရှိတွင် အောင်ဘာထီ ရောင်းအားမှာ ကျဆင်းနေဆဲဖြစ်ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်အတွင်းရှိ လက်တွန်းလှည်းနှင့် ထီလှည့်လည်ရောင်းချသည့် ကိုမြင့်ဦး(အမည်လွှဲ)က “ကျနော်က ဒီအာဏာမသိမ်းခင်က ထီရောင်းတွန်းလှည်းနဲ့လိုက်ရောင်းတာ အဆင်ပြေတယ်။ ပြီးတော့ လကုန်ပေးဆိုပြီးလည်း ရပ်ကွက်ထဲရောင်းတယ်။ အခုကတော့ ဘယ်လိုမှရောင်းမကောင်းဘူး။ ဝယ်တဲ့သူလည်းမရှိဘူး။ အဲဒါကြောင့် အခု ထီလှည်းကို သစ်သီးရောင်းတဲ့လှည်းအဖြစ်ပြောင်းပြီး အသီးအနှံတွေလိုက်ရောင်းနေရတယ်” ဟု ဈေးကွက်အခြေအနေကို CNI သတင်းဌာနသို့ ပြောပြသည်။

လက်ရှိအခြေအနေသည် စီးပွားရေးကြပ်တည်းနေသည့်ကာလဖြစ်ပြီး ထီအရောင်းဆိုင်လုပ်ငန်းများအနေဖြင့် ဟန်ပြ သဘောသာရောင်းနေကြရကာ လစဉ်ထီရောင်းအားမှာလည်း ဆိုင်လခပင်ပြန်မရသည့်အခြေအနေရှိနေကြောင်း ပြည်တွင်း ထီလုပ်ငန်းရှင် ဦးဝင်းကို(အမည်လွှဲ)က ဩဂုတ်လက CNI သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားထားသည်။

အောင်ဘာလေထီသည် လက်ရှိနိုင်ငံရေးအပြောင်းအလဲနှင့်ဆက်နွယ်နေပြီး ယခင်က အက္ခရာ အလုံး ၄၀ အထိ ရောင်းချရ သည့်ထီမှာ ယခုအခါ အက္ခရာ အလုံး ၃ လုံး ပြည့်အောင်ပင် မရောင်းရသည့် အနေအထားရှိနေပြီး ထီဆုကြေးမှာလည်း ယခင်က ကျပ်သိန်း တစ်သောင်းခွဲ(၁၅၀၀၀)အထိ ပေးခဲ့ရာမှ ယခုအခါ ကျပ်သိန်းငါးထောင်(၅၀၀၀)သာ အမြင့်ဆုံး ပေးထားခြင်းဖြစ်သည်။