၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၂
လက်ရှိအချိန်တွင် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ ယခုလ ၁၁ ရက်နေ့တွင် ကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၀၀၀ ကျော်အထိ ရှိလာပြီး မြန်မာ့ရွှေဈေးမှာလည်း ကျပ် ၁၉ သိန်းကျော်အထိ အတက်ကြမ်းနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးမျိုးမြင့်က "ကမ္ဘာ့ဈေးလည်းတက်တယ်၊ ပြည်တွင်းဒေါ်လာဈေးကလည်း ကျပ် ၂၀၀၀ ကျော်သွားတယ်၊ နောက်ပြီးတော့ တရုတ်ယွမ်ဈေးကလည်း နယ်စပ်မှာတက်လာတယ်။ ဈေးကွက်မှာလည်း ရွှေရှားပြီး လုဝယ်တွေပါတယ်။ တွင်းတွေကလည်း လောလောဆယ်မှာ တွင်းပြိုတာတွေ မိုးမိပြီးတော့ လူတွေ ဖျားနာတာတွေ၊ ဆိုင်တွေကလည်း ကိုဗစ်ကြောင့်ပိတ်ထားတော့ ကုန်ကြမ်းပြန်မဝင်တာတွေ ဆိုတော့ ဈေးကွက်မှာရွှေကရှားတော့ လုဝယ်ရင်းနဲ့ ဈေးတက်သလို ဖြစ်နေတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
စက်တင်ဘာလ ၁၁ ရက်တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၉ သိန်း ကျော်နှင့်သာ ဈေးကွက် ဖွင့်ရမည့် အနေအထားရှိနေပြီး ဈေးနှုန်းများ အနေနှင့် လက်ရှိတွင် ခန့်မှန်းရခက်သည့် အနေအထားရှိနေကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “ကမ္ဘာ့ဈေးကျရင်တော့ ဈေးက ချက်ချင်းပြန်ကျသွားမှာပါ။ ခန့်မှန်းရခက်တယ်။ ပြည်တွင်း ဒေါ်လာဈေး ကတော့ ဗဟိုဘဏ်က ထုတ်ရောင်းလို့ရှိရင် ပြန်ကျရင်တော့ ရွှေလည်းပြန်ကျသွားမှာပါ။ နောက်ပြီး လူတွေကလည်း ကောလဟာလ ပေါ့။ ဟိုဟာပြော ဒါပြောဆိုတော့ လုဝယ်၊ ဝယ်ပြီးတော့ အဲဒီရွှေက ဈေးကွက်ကို ပြန်ရောက်မလာပဲ တစ်ခါတည်း သိမ်းထားလိုက်တော့ အခုလိုတွေဖြစ်တာ။ လက်ဝတ်ရတနာဈေးလည်း လိုက်တက် တာပဲ” ဟု ရှင်းပြသည်။
စက်တင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာ့ရွှေဈေးသည် ကျပ်၁၉ သိန်းအထိမြင့်တက်ခဲ့ပြီး ယင်းရွှေဈေးနှုန်းမြင့်တက်ရခြင်း ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းရုံးတွင် အစည်းဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းဝေးတွင် ရွှေဈေးကွက်နှင့်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အသင်းဝင်များအား ရွှေ/ကျပ်ငွေသယ်ယူခွင့်လက်မှတ်ထုတ်ပေးရန်၊ ရွှေအရောင်းအဝယ်ကို ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ရန်နှင့် ရွှေ/ကျပ်ငွေ သယ်ယူခွင့်အတွက် အသင်းဝင်များ စာရင်းပေးရန် အစရှိသည့် အချက် ၅ ချက်ကို သတ်မှတ်ခဲ့သည်။
လက်ရှိ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် စက်တင်ဘာလ ၁၀ ရက်တွင် ၉၂ ပွိုင့် ဝန်းကျင် ဖြစ်ပေါ်နေပြီး အမေရိကန် ဒေါ်လာငွေ လဲနှုန်းသည် တစ်ဒေါ်လာကျပ် လျှင် မြန်မာငွေ ပြင်ပ ပေါက်ဈေး ၂၀၀၀ ကျော်အထိ စံချိန်တင် ရောက်ရှိနေပြီဖြစ်သည်။
နိုင်ငံခြားငွေဝယ်ရောင်းကောင်တာများနှင့် ဘဏ်များတွင် အမေရိကန်တစ်ဒေါ်လာ ၁၇၀၀ ကျော်ဝန်းကျင်ဈေး သတ်မှတ်ထား သော်လည်း လက်တွေ့ဝယ်ရောင်းဈေးကွက်တွင် တစ်ဒေါ်လာ ၁၉၈၀-၁၉၉၀ ကြား ယမန်နေ့က အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ သည်။
ပြင်ပဒေါ်လာရောင်းဝယ်ရေးလုပ်သူ တစ်ဦးက “ဒီနေ့ဈေးအခြေအနေက မကောင်းဘူး။ တစ်ဒေါ်လာကို ကျပ် ၁၉၉၅ နဲ့ ဖြစ်နေတယ်။ ဈေးကွက်အခြေအနေကတော့ သိပ်မကောင်းဘူး။ ဈေးတွေက တစ်အားတက်လာတော့ ပြောရဆိုရ ရောင်းရဝယ်ရ သိပ်မကြိုက်ဘူး” ဟု လက်ရှိဈေးကွက်အခြေအနေကို CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ငွေလဲကောင်တာများတွင် ဒေါ်လာများ ရောင်းချ သော်လည်း ပြင်ပပေါက်ဈေးနှင့် ငွေလဲကောင်တာများကြားဈေးနှုန်းမှာ ကွာဟလျက်ရှိနေကြောင်းသိရသည်။
အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ကျော်ရှိခဲ့ရာမှ ယခုအချိန် တွင် ကျပ်၂၀၀၀ ကျော်အထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။