၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၉
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အရေးပေါ်အခြေအနေ သတ်မှတ်ကြေညာပြီးနောက်ပိုင်း အခြေခံစားသောက် ကုန်များဖြစ်သော ဆန်၊ဆီ၊ဆား၊ငရုတ်၊ကြက်သွန် အစရှိသည့် ကုန်ခြောက်များ ဝယ်လိုအား မြင့်တက်လာသဖြင့် ရပ်ကွက်တွင်းရှိ ဆိုင်များတွင်သာ ဈေးအနည်းငယ် မြင့်တက်ခဲ့သော်လည်း ဘုရင့်နောင်ကုန်စည်ဒိုင်ကဲ့သို့ ပင်းရင်းဆိုင် များတွင် ထူးခြားစွာ မြင့်တက်လာခြင်း မရှိကြောင်းသိရသည်။
ရန်ကုန်မြို့တွင်းရှိ ဈေးဝယ်စင်တာများ၊ရပ်ကွက်ဈေးဆိုင်များ၊ဆေးဆိုင်များနှင့် စားသောက်ကုန်ပစ္စည်း အခြောက်အခြမ်းများ ရောင်းချသောဆိုင်များတွင် စက်တင်ဘာလ ၇ ရက်နေ့မှ စတင်ပြီး ဝယ်ယူမှုများပြားလာခြင်းဖြစ်သည်။
ဘုရင့်နောင် ဆန်ပွဲရုံပိုင်ရှင် မမော် က “ဒီ ၇ ရက်နေ့ မဖြစ်ခင်ထဲက ဆန်ဈေးတွေက တက်နေတာ။ဆန်ချောတစ်အိတ်ကို ကျပ် ၄ ထောင်ကနေ ကျပ် ၅ ထောင်လောက်အထိ တက်တယ်။ ဒီ ၇ ရက်နေ့မှတော့ ထူးခြားပြီး တက်တာမရှိဘူး။ အဝယ်ကတော့ နည်းနည်းပိုများတယ်။ ဈေးတက်တာတော့ မရှိဘူး။ ဆန်ချောက အခုလို ၈ လပိုင်း၊ ၉ လပိုင်းဆိုရင် လက်ကျန်နည်းပြီးတော့ တက်တာကထုံးစံပဲ။ လက်ကျန်စပါးမရှိတာ။ ပြီးတော့ ဆန်တွေက ကြိတ်ရင် ဆန်မထွက်ဘဲနဲ့ ဘေးထွက်ပစ္စည်းတွေ ထွက်တာကြောင့်ဖြစ်တယ်” ဟု လက်ရှိ ဆန်ဈေးတက်နေသည့် အခြေအနေကို CNI သတင်းဌာနသို့ ပြောသည်။
ဆန်ဈေးမြင့်တက်နေခြင်းမှာ ပြီးခဲ့သည့်လကတည်းကဖြစ်ပြီး ပြည်တွင်းစားသုံးသည့် ဆန်ကြမ်းတစ်အိတ်လျှင် ၂၄၀၀၀ (နှစ်သောင်းလေးထောင်)ကျပ်မှ ကျပ် ၃၀၀၀၀ (သုံးသောင်း) အထိရှိကာ ဆန်ချောတစ်အိတ်လျှင် ၃၈၀၀၀ (သုံးသောင်းရှစ်ထောင်) ကျပ်မှ ၆၀၀၀၀ (ခြောက်သောင်း) ကျပ်အထိ ရှိကြောင်း ၎င်းက ပြောပြသည်။
လက်ရှိဈေးကွက်သဘောအရ ရက်ပိုင်းအတွင်း ဝယ်လိုအားပြန်လျော့ကျသွားသော်လည်း ဆန်လက်ကျန်နည်းသည့် အချိန်ဖြစ်ခြင်း၊ ယခုနှစ်တွင် ဘေးထွက်ဆိုးကျိုးဖြစ်သည့် ဆန်အကျိုးအကြေများ ထွက်ခြင်းတို့ကြောင့် ဈေးနှုန်းကျဆင်းမှု နည်းပါးနိုင်ပြီး လက်ရှိဈေးဖြင့်သာဆက်ရှိနေနိုင်ကြောင်းသိရသည်။
Photo - CNI
ပြည်တွင်းရှိ စားသောက်ကုန်ဈေးနှုန်းများသည် ယခင်ရက်ပိုင်းကလည်း အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းမြင့်တက်ခြင်း၊ မြန်မာငွေကြေးကျဆင်းခြင်းတို့ကြောင့် အချို့ စားသောက်ကုန်များမှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိသည်။
ဒါ့အပြင် စက်တင်ဘာလ ၇ ရက်နေ့၌ NUG အစိုးရမှ အရေးပေါ်အခြေအနေကြေညာပြီးနောက်ပိုင်းတွင် ဝယ်လိုအား များပြားလာသော်လည်း ပွဲရုံများတွင် ဈေးများသိသိသာသာမြင့်တက်ခြင်းမရှိပေမယ့် ရပ်ကွက်အတွင်းရှိ ဆိုင်များတွင် မြင့်တက်လျက် ရှိသည်။
ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဌ ဦးခင်မောင်ဟန်က “ဈေးတက်တာလည်း အများကြီးတက်တာ မဟုတ်ပါဘူး။ ကုန်စိမ်းမှာ တော့ အာလူးတို့ ဘာတို့ကတော့ တက်မှာပေါ့။ ကျနော်တို့ ကြက်သွန်တို့ ဘာတို့ကတော့ တစ်ပိဿာမှ ၂၅ ကျပ်လောက်ပဲ တက်တာ။ဟိုရက်ကဆိုရင် ရောင်းလို့ကို မရတာ။ တစ်ပိဿာမှ ၁၆၀ ကျပ်နဲ့ ၁၅၀ ကျပ်လောက်ပဲရှိတယ်။ အခုဆိုရင်တော့ တစ်ပိဿာ ၂၀၀ ကျပ်လောက်ရှိတယ်ပေါ့။ အဲလိုမျိုးဖြစ်တာ” ဟု ပွဲရုံဈေးကွက်အခြေအနေကို CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကဆိုလျှင် ကြက်သွန်ဝယ်သူနည်းပါးကြောင်း၊ ယခုရက်ပိုင်းမှသာ ဝယ်ယူသူများလာပြီး ကုန်စည်ဒိုင်သို့ တစ်ရက်လျှင် ကြက်သွန်ကား အစီး ၂၀ ဝန်းကျင် ဝင်ရောက်မှုရှိကြောင်း ၎င်းကဆက်ပြောသည်။
ဆက်လက်၍ ၎င်းက“ဘာမှ လုဝယ်စရာကို မရှိတာ။ ဒီလိုမျိုးသာလုပ်ရင် ရောင်းတဲ့ကုန်က တက်ရောင်းမှာပေါ့။ ကျနော်တို့က ကုန်ခြောက်ပေါ့၊ ဆန်၊ ဆီ၊ ဆား ၊ ငရုတ်၊ ကြက်သွန်ပေါ့။ အစိုဆိုရင် အာလူးနဲ့ကြက်သွန်ပဲရှိတာ။ တစ်ခုစီတော့ ဈေးက ပြောလို့မရဘူး။ အကုန်လုံးတက်တာတော့မဟုတ်ဘူးပေါ့။ ဆန်လည်း အရမ်းတက်စရာတော့ မရှိပါဘူး။ စားဆီကတော့ သွင်းကုန်ဆိုတော့တက်ရင်တက်မှာ” ဟုပြောဆိုသည်။
Photo - CNI
ယခင်က ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၅၀၀ ဝန်းကျင်ရှိခဲ့ရာမှ ကျပ် ၅၀ နှင့် ကျပ် ၁၀၀ ကြားအထိ ဈေးကျခဲ့သော ကြောင့် ယခုတက်နေသောဈေးသည် ယခင်ဈေးကိုပင် ပြန်မမှီသေးကြောင်း၊ ပြည်သူများအနေနှင့်လည်း ကုန်စည်ဒိုင်သို့ ကုန်ပစ္စည်းများ ဝင်ရောက်မှု ပုံမှန်အခြေအနေရှိနေသည့်အတွက် လိုအပ်သည်ထက်ပို၍ ဝယ်ယူခြင်းကြောင့်သာ ဈေးများ မြင့်တက်လာခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ အိမ်ရှင်မ မခိုင်ခိုင်က“အခုလို ကြေညာလိုက်တယ်ဆိုတော့ ဘာပဲပြောပြော ဆန်နဲ့ဆီလေး တော့ တစ်ပတ်၊နှစ်ပတ်စာလောက် ကြိုဝယ်ရမယ်ဆိုပြီး ဝယ်လိုက်တာ။ ကျမတို့က လက်ငင်းတော့ မဝယ်နိုင်ဘူးပေါ့။ ကလေးတွေ လစာထုတ်မှ လကုန်ပေး အကြွေးနဲ့ဝယ်တာ။ ဆန်ဆိုရင် တစ်အိတ်ကို ကျပ် ၂၀၀၀ လောက်တက်သွားတယ်။ စားအုန်းဆီကတော့ အရင်ထဲက တက်တယ်။ တစ်ပိဿာ ၄၀၀၀ ကျပ်လောက်ရှိတယ်။ အဲနေ့က သွားဝယ်တော့ နာရီပိုင်း အတွင်း ကျပ် ၂၀၀ လောက်တော့ တက်သွားတယ်။ အခုဆိုအကုန်တက်တယ်။ ကျတာဆိုလို့ အလုပ်မကောင်းတော့ ဝင်ငွေတွေပဲကျသွားတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပြည်တွင်းတွင် စားအုန်းဆီဈေးမှာ ယခုရက်ပိုင်းတွင် တစ်ပိဿာ ၄၄၀၀ ကျပ်အထိ အမြင့်ဆုံးရောက်ရှိလာပြီး ပြည်တွင်းထုတ် ပဲဆီဈေးနှုန်းနှင့်ပင် ဈေးနှုန်းတန်းတူအထိ ရှိလာနေပြီဖြစ်သည်။
ထို့ကြောင့် ဈေးကွက်အတွင်း သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်းက စားအုန်းဆီ တင်သွင်းသည့်ကုမ္ပဏီများကို ပြီးခဲ့သည့်လထဲက တိုက်တွန်းထားကြောင်းသိရသည်။