CNI News
၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၉
သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး(7th Greater Mekong Subregion Summit)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောခဲ့သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီး အစည်းအဝေး(7th Greater Mekong Subregion Summit)ကို ယနေ့ နံနက်ပိုင်းက Video Conference စနစ်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။
ပုံ-GMS7 အစည်းအဝေးကို တက်ရောက်နေကြသည့် ခေါင်းဆောင်များကိုတွေ့ရစဉ်
ထိုအစည်းအဝေးသို့ မဟာမဲခေါင်ဒေသခွဲ နိုင်ငံများမှ ခေါင်းဆောင်များ ဖြစ်သည့် ကမ္ဘာဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဝန်ကြီးချုပ် လီခဲချန်း(Li Keqiang)၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်တို့လည်း တက်ရောက်ခဲ့ကြသည်။
ထို့နောက် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ နှင့်ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြသည်။
မဟာမဲခေါင်ဒေသခွဲသည် မြန်မာနိုင်ငံအတွက် အရေးပါ အရာရောက်သော ကုန်သွယ်စီးပွားဖက်များ ဖြစ်ကြ သလို အမျိုးသားလုံခြုံရေးဆိုင်ရာအရေးပါမှု တစ်ခုလည်း ဖြစ်သည်။