CNI News

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုများနှင့် နိုင်ငံရေး အပြောင်းအလဲများကြောင့် မြန်မာ့လက်ဖက်ဈေးကွက် ကျဆင်းလာကာ စက်ရုံများ ပိတ်သိမ်းရသည့်အထိ ရှိလာနေကြောင်း လက်ဖက်စိုက်တောင်သူများထံမှ သိရသည်။

လက်ရှိတွင် လက်ဖက်ဈေးကွက်သည် ယခင်က ၁ ပိဿ ၁၀၀၀ ကျပ်ရပါက ယခုနှစ်မှာတော့ ၁ ပိဿ ၇၀၀ ကျပ်သာ ရရှိတော့ခြင်းကြောင့် ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းနေပြီး ရှမ်းပြည်နယ်၊ ပလောင်ဒေသများမှ လက်ဖက် စက်ရုံတချို့ ပိတ်သိမ်းထားရသည်အထိ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံလက်ဖက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းအောင်က “အခုချိန် ဈေးကွက်အရ ပြောမယ်ဆိုရင်တော့ လက်ဖက်တောင်သူတွေ အနေနဲ့ ဈေးကွက်တွေက ဒီနှစ် တော်တော်ကို ဈေးမကောင်းဘူးလို့ ပြောရ မယ်။ ဈေးတွေ လျှော့နည်းမှုတွေနဲ့ ကြုံတွေ့နေရတယ်။ အရင်နှစ်တွေထက် လက်ဖက်ရဲ့ ရွက်စိမ်း တစ်ပိဿာရဲ့ ဈေးနှုန်း တန်ဖိုးတွေ ကျတာရှိတယ်။ အဲဒီတော့ ထုတ်လုပ်မှုရဲ့ ဈေးနှုန်းတန်ဖိုးက စပြီး ခူးဆွတ်တဲ့အချိန်ကနေ ရောင်းချတဲ့အချိန်ထိ ဈေးနှုန်းတွေက အရမ်းကိုကျတယ်။ ဈေးမရဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လက်ဖက်ကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ် စရှိသည့် ဒေသများမှာ စိုက်ပျိုးမှု အများဆုံး ဖြစ်ပြီး လက်ရှိတွင် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လက်ဖက်စက်ရုံများ ဖွင့်ရ၊ ပိတ်ရခြင်းများ ရှိသည့်အပြင် မတည်ငြိမ်သည့် နိုင်ငံရေး အခြေအနေများကြောင့် ရှမ်းပြည်နယ်တွင် လက်ဖက်စက်ရုံတချို့ ပိတ်သိမ်းရသည်များ ရှိနေ ကြောင်း ဒေသခံများထံက သိရသည်။

ရှမ်းပြည်နယ်၊ပလောင်ဒေသတွင် စိုက်ဧကပေါင်း ၅၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်ရှိ လက်ဖက်စက်ရုံပိုင်ရှင် ကိုဇော်ညွှန့်က လက်ဖက်စက်ရုံများ ပိတ်သိမ်းရခြင်းကြောင့် စက်ရုံကို မှီခိုနေသည့် လုပ်သားအချို့မှာ လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲများ ရင်ဆိုင်နေရကြောင်း၊ လက်ဖက်စက်ရုံများ ပိတ်သိမ်း ထားရမှုများ ရှိသော်လည်း ခူးဆွတ် ထားသည့် လက်ဖက်စိုများကို ထားသိုမှုစနစ် ကောင်းမွန်ပါက (၂)နှစ်ခန့် သိမ်းထားနိုင် ကြောင်း၊စက်ရုံပိုင်ရှင်များအနေဖြင့် လက်ဖက်များကို သိမ်းထားနိုင်သေးသည့်အတွက် ကုန်ပစ္စည်းများ စွန့်ပစ်ရသည့် အခြေ အနေ မရှိသေးကြောင်း ပြောသည်။

ရှမ်းပြည်နယ်ရှိ လက်ဖက်စက်ရုံပိုင်ရှင် ကိုဇော်ညွှန့်က “အခုလိုဖြစ်သွားတော့ လုပ်ငန်းရော၊ ကျန်တဲ့ ကိစ္စတွေရောပေါ့။ အခု ကတော့ အားလုံးရပ်သွားပြီ လုံးဝကို မလည်တော့ဘူး။ အခုလောလောဆယ်က ဘာမှ လုပ်လို့ မရတော့ဘူး။ လော့ဒေါင်း ချလိုက်တာဆိုတော့ အားလုံးရပ်သွားတာ။ နှစ်လလောက်ရှိပြီ။ ဝယ်တာလည်း မရှိတော့ဘူး။ ရောင်းတာလည်း မရှိတော့ဘူး။ လက်ဖက်ဈေးက ဘယ်လောက်ဝယ်၊ ဘယ်လောက် ရောင်းတယ်ဆိုတာကို မရှိတော့ဘူး။ စွန့်တော့ မပစ်ရသေးဘူး အခု လော လောဆယ်တော့ ဒီလိုပဲ သိမ်းထားတာပေါ့”ဟု ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်တွင်းဈေးကွက်တွင် ဈေးများဖွင့်မရခြင်း၊ အရောင်းပါး-အဝယ်ပါးဖြစ်နေခြင်း၊ ပြည်ပ ဈေးကွက်မှာလည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ကဲ့သို့သော လိုအပ်သည့် အထောက်အထားများ ယူသည့် ဌာနဆိုင်ရာများ ပိတ်လိုက်-ဖွင့်လိုက်ဖြစ်နေခြင်း စသည့် အချက်များကြောင့် ဈေးကွက် ထိခိုက်မှုများရှိနေကြောင်း မြန်မာနိုင်ငံလက်ဖက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းအောင်က ပြောသည်။

ဦးမျိုးဝင်းအောင်က “ဥပမာ- အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)လိုမျိုး ကိုဗစ်စည်းနဲ့အညီ ဖွင့်လိုက်၊ ပိတ်လိုက်လို့ အခြေအနေမျိုးတွေ ကြုံရရင် ချိန်းထားတဲ့ သင်္ဘောတင်မယ့် ရက်နဲ့ ဒီဘက်က စာရွက်စာတမ်း ပြည့်စုံမှုတွေက လွဲချော်သွားတဲ့ အခါကျတော့ နှောင့်နှေးကြန့်ကြာမှုတွေတော့ ရှိပါတယ်။ ဒီရက်ပိုင်း ဒီလပိုင်းတွေမှာတော့ သင်္ဘောတင်ပြီး တော့မှ ကုန်သွယ်မှု တစ်ခု ပြီးဆုံးသွားတယ်ဆိုတဲ့ အခြေအနေမျိုးတော့ မရှိသေးပါဘူး”ဟု ပြောသည်။

လက်ရှိတွင် မြန်မာ့လက်ဖက်ကို အမေရိကန်၊ ယူကေနှင့် ဂျာမနီနိုင်ငံများက စိတ်ဝင်စားမှုရှိနေပြီး ဈေးကွက် ရရှိရန်အတွက် ကြိုးစားနေကြောင်း မြန်မာနိုင်ငံလက်ဖက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက ဆိုသည်။