၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၇ရက်
ခရီးသည်များထံမှ ယာဉ်စီးခပိုမိုတောင်းခံသည့် ယာဉ်မောင်း ၁၇၁ ဦးအား အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။
ထို့အပြင် မချေမငံဆက်ဆံသည့် ယာဉ်မောင်း ၂၃ ဦးအား အရေးယူထားသည့်အပြင် ယာဉ်မောင်းအဖြစ်မှ ထုတ်ပယ်လိုက်သည်မှာ ၁၄ ဦးရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က CNI သတင်းဌာနသို့ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က “ယာဉ်စီးခပိုတောင်းတာနဲ့ အရေးယူရမှာ။ ၂၀၀ ကို ၃၀၀ လောက်ကောက်တဲ့ဟာတွေတော့ အခုခက်ခဲတဲ့အခြေအနေပေါ့။ အခုလက်ရှိ ကိုဗစ်-၁၉ နဲ့လည်း အားလုံးကြပ်တည်းနေတာပေါ့။ ၃၀၀ အထိ ကောက်တဲ့ဟာတွေဆို ခံဝန်နဲ့ ပြန်ပေးတာရှိတယ်။ သတိပေးပြီးတော့ပေါ့။ တကယ်အရေးယူရမှာတော့ ၃၀၀ လည်းအရေးယူရမှာပေါ့” ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင် ၎င်းတို့အား အရေးယူရာတွင် ဒဏ်ကြေး ၃ သောင်းကျပ်သော်လည်းကောင်း၊ တစ်လပိတ်သိမ်းခြင်း၊ အကြိမ်ကြိမ် ချိုးဖောက်ပါက ထုတ်ပယ်ခြင်း၊ ချိတ်ပိတ်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် အများပြည်သူရုံးပိတ်ရက်အဖြစ် နစကမှ ကြေညာထားသည့်အတွက် ထို ရုံးပိတ်ရက်များ ပြီးစီး၍ ပြန်ဖွင့်သည့်အခါတွင် ယာဉ်ပေါ်၌ စပယ်ယာလိုက်ပါလာသည့် ကိစ္စများ၊ ယာဉ်စီးခပိုမိုကောက်ခံသည်များအား ကြပ်ကြပ်မတ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဦးလျန်ကျင့်မန်က “ကိုဗစ်-၁၉ အခြေအနေပြန်ကောင်းရင် ဒါတော့ ပြင်းပြင်းထန်ထန် အရေးယူလို့ရတာပေါ့။ ဒီအချိန်မှာ ပြင်းပြင်းထန်ထန်အရေးယူရင် အကုန် မထွက်ပဲနေတာမျိုးရှိနိုင်တယ်လေ။ အခြေခံ လူတန်းစား တွေအတွက် ယာဉ်ထွက်ဖို့လည်း လိုအပ်တယ်။ အဓိကတော့ ယာဉ်မောင်းတွေ၊ ယာဉ်ပိုင်ရှင်တွေ၊ ကုမ္ပဏီတွေကို ပြောချင်တာကတော့ ကျနော်တို့ YRTC က ဇူလိုင် ၁၇ ရက်ကနေစပြီးတော့ စက်တင်ဘာ ၁၂ ရက်နေ့အထိ ၅၅ ရက်ကို ကျနော်တို့ စီမံခန့်ခွဲမှု စားရိတ် ၄ ထောင် ကောက်ခံထားတဲ့ဟာကို ကင်းလွတ်ခွင့်ပြုထားတယ်။ အဲ့ဒါကြောင့် ယာဉ်မောင်းတွေ၊ ယာဉ်ပိုင်ရှင်တွေ၊ ကုမ္ပဏီတွေအနေနဲ့ သတ်မှတ်ယာဉ်စီးခအတိုင်း ကောက်ခံ ပေးကြဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆိုသည်။
အများပြည်သူရုံးပိတ်ရက်အဖြစ် မကြေညာခင်ကာလတွင် ယာဉ်လိုင်းပေါင်း ၉၁ လိုင်း၊ ယာဉ်အစီးရေ ၁၉၀၀ ကျော်အထိ ပြေးဆွဲပြီး ခရီးသည် ၃ သိန်းခွဲခန့်ရှိကြောင်းသိရသည်။
အများပြည်သူ ရုံးပိတ်ရက် ဩဂုတ်လတစ်လတည်းတွင် ယာဉ်လိုင်းပေါင်း ၉၀၊ ယာဉ်အစီးရေ ၂၀၀၀ ကျော်ပြေးဆွဲကာ ခရီးသည်ပေါင်း ၃ သိန်းနီးပါး အထိရှိခဲ့ကြောင်းသိရသည်။
YBS ယာဉ်လိုင်းကုမ္ပဏီများနှင့် ပုဂ္ဂလိကကြီးကြပ်ယာဉ်လိုင်းတာဝန်ခံများအနေဖြင့် ယာဉ်စီးခ ပိုမိုကောက်ခံမှုမရှိ စေရေး၊ တာဝန်ရှိသူအဆင့်ဆင့်မှ အထူးသတိပြုကြပ်မတ်ဆောင်ရွက်သွားရန် စာထုတ်ထားကြောင်းလည်း သိရသည်။
ခရီးသည်များအနေဖြင့် တိုင်ကြားလိုပါက YRTC call center phone ၀၉-၄၄၈၁၄၇၁၄၉၊ ၀၉-၄၄၈၁၄၇၁၅၃၊ ၀၉-၄၄၈၁၄၇၁၅၄ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။