CNI News
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇
ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုများနှင့် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲများကြောင့် အလုပ်အကိုင် များ ရှားပါးလာပြီး စားဝတ်နေရေးအတွက် ခက်ခဲစွာ ဖြေရှင်းနေရကြောင်း ရန်ကုန်မြို့ရှိ အလုပ်သမားများနှင့် အခြေခံလူ တန်းစားများ ထံက သိရသည်။
ရွှေပြည်သာမြို့နယ်ရှိ ပုလင်းဆေးအလုပ်သမားတစ်ဦးဖြစ်သူ မစံပါယ်က “တစ်ရက်ကို ကျပ် ၃၅၀၀ ကနေ ၄၀၀၀ ကျပ် လောက် အထိ ရတယ်။ လုပ်ရတဲ့နေရာမှာ အခက်အခဲတော့ မရှိပါဘူး။ ဒါပေမယ့် ပုလင်းကား ပြတ်သွားရင်တော့ နားရတယ်။ ဒီက ရတဲ့ပိုက်ဆံက စားဝတ်နေရေးအတွက် မလုံလောက်တော့ အစ်မယောကျ်ားက ကယ်ရီဆွဲတယ်။ အခုကာလက အလုပ် အကိုင်တွေက ပါးတယ်။ အဲဒီတော့ စားဝတ်နေရေးတွေက အဆင်မပြေကြဘူးပေါ့။ ရတာလေးနဲ့ မျှတပြီး စားရတာပေါ့”ဟု ပြောသည်။
ပုလင်းဆေးသည့် အလုပ်မှာ တစ်ရက်လျှင် ကျပ် ၄၀၀၀ အထိသာရရှိပြီး ကျောင်းသားတစ်ယောက် အပါအဝင် ကလေး ၃ ဦးနှင့် မိသားစု၀င် စုစုပေါင်း ၅ ဦးရှိသည့် မစံပါယ်တို့အတွက် ယင်းပိုက်ဆံက စားဝတ်နေရေးကို ဖြေရှင်းရန် လုံလောက်မှု မရှိ ကြောင်း မစံပါယ်က ပြောပြသည်။
Photo - CNI
“ဒါက လုံးကျနဲ့ ဆေးတာမို့လို့ ကိုယ်ဆေးနိုင်သလောက်တော့ ရတယ်။ ပုလင်းတွေ ဆေးရတာဖြစ်တဲ့အတွက် အိတ်သွန်တာ တို့ ဆေးတဲ့နေရာမှာတော့ ဂရုစိုက်ရတယ်။ မစိုက်ရင် လက်ကွဲသွားမှာ။ အိမ်စရိတ်က တစ်ရက်ကို အနည်းဆုံး ၆၀၀၀ ကျပ် လောက် ကုန်တယ်။ အမျိုးသားကလည်း ဆိုင်ကယ် ကယ်ရီထွက်ဆွဲတယ်”ဟု ၎င်းက ပြောသည်။
ဆက်လက်၍ မစံပါယ်က “ကယ်ရီဆွဲရတာ သူလည်း ရောဂါနဲ့ ဆိုတော့ မကောင်းဘူး။ အခု လမ်းတွေက ပိတ်တော့ ပိုဆိုး တယ်။ အခုခေတ်ပျက်ကြီးထဲမှာ ဆိုတော့ စိတ်ပူရတာပေါ့။ အရင်တုန်းကတော့ မနက် ၆ နာရီ၊ ၇ နာရီလောက် အိမ်က ထွက် တယ်။ ညပြန်ရင် ၉ နာရီနဲ့ ၁၀ နာရီလောက်ပြန်တယ်ပေါ့။ အခုကတော့ မနက်ဆို ၇ နာရီကျော်မှ ထွက်ပြီး ညနေဆို ၅ နာရီ၊ ၆ နာရီဆို ပြန်ပဲ၊ ရသလောက်နဲ့ပြန်ပေါ့။ ရပ်ကွက်ထဲလည်း အချိန်နဲ့ ဝင်ရတယ်လေ။ အရင်ကဆိုရင် တစ်ရက်ကို ကျပ် ၇၀၀၀ ကနေ ကျပ် ၈၀၀၀ လောက်ရတယ်။ အခုကတော့ ကျပ် ၂၀၀၀၊ ကျပ် ၃၀၀၀ တောင် မနည်းပဲ။ မနေ့ကဆိုရင် တစ်ပြားမှ မရ ဘူး”ဟု ပြောသည်။
လက်ရှိအချိန်တွင် ကိုဗစ်ကြောင့် စက်ရုံ၊ အလုပ်ရုံ အများစု ရပ်နားရခြင်းနှင့် လုပ်သားဦးရေ လျှော့ချခြင်း အခြေအနေများ ကြောင့် အလုပ်အကိုင်များ ရှားပါးသည့်အခြေအနေကနေ ခက်ခဲလာသည့်အခြေအနေများသို့ ရောက်ရှိလာကြောင်း အလုပ် သမားများထံမှ သိရသည်။
Photo - CNI
ထို့ကြောင့် လတ်တလောတွင် အလုပ်အကိုင်များ ရှားပါးနေခြင်းကြောင့် ရသည့်အလုပ်ကိုသာ လိုက်၍ လုပ်နေကြပြီး စားဝတ် နေရေးကို ကြုံသလိုဖြေရှင်းနေရကြောင်း လှိုင်သာယာမြို့နယ်ရှိ ကိုမြင့်ဦးက ပြောသည်။
“ကျနော်တို့က ကျပန်းလုပ်စားတာဆိုတော့ အခုက လုပ်ရတစ်ရက် မလုပ်ရ တစ်ရက်ဆိုတော့ ကျပ်တည်းတယ်။ အရင်က ဆိုရင် ကုန်ဈေးနှုန်းကလည်း အခုလောက် မတက်ဘူးလေ။ ကိုဗစ်ကာလဖြစ်ပေမယ့် နည်းနည်းပါး ရှာစားလို့တော့ ရသေး တယ်။ အခုက အန္တရာယ်ကလည်း ရှောင်ရတယ်။ အလုပ်ကလည်း ရှာလုပ်ရတယ်။ ကုန်ဈေးနှုန်းကလည်း တက်တော့ တစ်နေ့တစ်နေ့ စားဖို့ကို မနည်းရှာနေရတယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံရှိ အလုပ်လက်မဲ့နှုန်းသည် ၂၀၂၁ ခုနှစ်၊ ပထမနှစ်၀က်အတွင်း ခန့်မှန်းခြေ အလုပ်ချိန် ၁၄ ရာခိုင်နှုန်းခန့် ဆုံးရှုံး၍ အချိန်ပြည့်လုပ်သား အနည်းဆုံး ၂ သန်းကျော် ဆုံးရှုံးသွားကြောင်း ဇူလိုင် ၁၉ ရက်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)၏ ထုတ်ပြန်ချက် အစီအရင်ခံစာမှာ ဖော်ြပထားသည်။
ILO ၏ မြန်မာပြည်ကိုယ်စားလှယ် Mr. Donglin Li က “အခုလို ခန့်မှန်းတွက်ချက်ထားတဲ့ ရလာဒ်တွေက မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းကို ကျရောက်နိုင်တယ်ဆိုတာ ပြသနေတာပဲ” ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။