မနီလာ၊စက်တင်ဘာ ၇
ဖိလစ်ပိုင်လေကြောင်းလိုင်း (PAL) သည် ကိုရိုနာဗိုင်းရပ်စ် ဖိစီးမှုကြောင့် လုပ်ငန်း ဆက်လက် လည်ပတ်ရန် မဖြစ်နိုင်တော့၍ အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖြတ်တောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုသို့ လူမွဲစာရင်း သွတ်သွင်းရေး လျှောက် လွှာ (ဒေဝါလီခံခြင်း)ပြုလုပ်ခဲ့ရကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် Channel News Asia က ရေးသား ဖော်ပြ သည်။
လေကြောင်းလုပ်ငန်းစဉ် အခန်း ၁၁ အရ စာချုပ်များ ပြန်လည်ချုပ်ဆိုရန်အတွက် တင်ရှိနေသော ကြွေးမြီ အနည်းဆုံး ဒေါ်လာ ၂ ဘီလီယံ ဖြတ်တောက်ရေးအတွက် ဒေဝါလီခံလိုက်ရခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်အမျိုးသား လေကြောင်းလိုင်း (PAL)က ကြေညာခဲ့သည်။
PAL သည် ၎င်း၏လေယာဉ်အုပ်စုကို ၂၅ ရာခိုင်နှုန်း ငှားရမ်းပေးချေမှု လျှော့ချရန် စာချုပ်များကို ပြန်လည် ညှိနှိုင်းခဲ့သည်။
“ကျနော်တို့ ဖိလစ်ပိုင်လေကြောင်းလိုင်းဟာ လေယာဉ်အုပ်စုနဲ့ အဖွဲ့အစည်းဆိုင်ရာ ပြန်တည်ဆောက်နေတာ အပြီးသတ်တာ နဲ့ လုပ်ငန်း ပုံမှန်ဆက်လက် လည်ပတ်မှာပါ” ဟု ၎င်းလေကြောင်း၏အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးအရာရှိချုပ် နီလိုသက်ဒက်စ်ရိုဒရီဂတ်ဇ်က ဗီဒီယိုမတ်ဆေ့ချ်တစ်ခုတွင် ပြောထားသည်။
ငွေပေးသွင်းသူများ၊ ငွေချေးသူများနှင့် ငှားရမ်းသူများ သဘောတူညီမှု တစိတ်တပိုင်းအနေဖြင့် PAL သည် ပြန်လည် ထူထောင် ရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဒေါ်လာ ၅၀၅ သန်း ရှိမည်ဟု ၎င်းက ဆက်လက် ပြောသည်။ ထိုငွေများသည် နောက်ပိုင်းတွင် လေကြောင်းလိုင်းရှယ်ယာနှင့် နှစ်ရှည်ကြွေးမြီများအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
ယင်းသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် လအနည်းငယ်အတွင်း အထမြောက်ပြီးနောက် နောက်ထပ် ဒေါ်လာသန်း ၁၅၀ ကို ကြွေးမြီအဖြစ် ဆက်လက် ရရှိမည်ဖြစ်ကြောင်း ရိုဒရီဂတ်ဇ်က ရှင်းပြသည်။
ကပ်ရောဂါကန့်သတ်ချက်များကြောင့် ၂၀၁၉ ခုနှစ်က ဖိလစ်ပိုင်လေယာဉ်စီး ခရီးသည်ဦးရေ သန်း ၃၀ ရှိခဲ့ရာမှ ပြီးခဲ့သည့် နှစ်တွင် ၇ သန်းသာရှိတော့သဖြင့် ၇၅ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ကြောင်း PAL လုပ်ငန်းစုဥက္ကဋ္ဌ ဂီးဘတ်စန်တာမာရီယာက အလားတူ ဗီဒီယိုဖိုင်တစ်ခုတွင် ပြောကြားပြီး သတင်းထုတ်ပြန်ခဲ့သည်။
Source: AFP, Channel News Asia