၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၆
တရုတ်-မြန်မာ နယ်စပ်တွင် မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေ လဲလှယ်ရာ၌ တရုတ်ငွေ ယွမ်စျေး ပုံမှန်ထက် ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း နယ်စပ်ကုန်သည်များထံက သိရသည်။
မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က "ပုံမှန် အခြေအနေထက် နည်း နည်းတက်သွားတဲ့ အခြေနေမှာ ရှိတယ်။ အခုက တရုတ်ငွေ ၃ ယွမ်လောက်ဆိုရင် မြန်မာငွေ ၁၀၀၀ ကျပ် ကျော်ကျော်လောက် ဖြစ်နေတယ်။ တရုတ်ငွေဈေး တက်တာက မြန်မာငွေဈေး ကျတာဖြစ် တယ်"ဟု CNI သတင်းဌာနသို့ ပြောသည်။
ဆက်လက်၍ ၎င်းက "ဘယ်လိုဖြစ်လဲဆိုတော့ လောလောဆယ် ကုန်သွယ်မှုမှာလဲ နယ်စပ်ကုန်သွယ် ရေးက ရပ်ဆိုင်းနေတယ်။ တခြား ပင်လယ်ရေကြောင်းကလည်း နည်းနည်း ခက်ခဲနေတယ်။ အဓိက တော့ နိုင်ငံခြားငွေရမယ့် ကိုယ့်ဘက်က ပို့ကုန်တွေက နည်းပြီးတော့ သွင်းကုန်တွေ များတာလည်း တစ်ပိုင်းပါတယ်"ဟု တရုတ်ယွမ် မြင့်တက်လာခြင်း၏ အခြေအနေကို သုံးသပ်ပြောသည်။
နယ်စပ်ဂိတ်ပေါက်များ ပိတ်နေသောကြောင့်လည်း ငွေကြေးစီးဆင်းမှု အပိုင်းတွင် မညီမျှမှု ဖြစ်နေ သည့်အပြင် ဘဏ်မှ ငွေထုတ်နိုင်မှု ခက်ခဲခြင်း၊ ကိုယ့်နိုင်ငံဖက်မှ နိုင်ငံခြားငွေ ရှာဖွေပေးနိုင်မှု နည်းပါး သည့် အခြေအနေများ၊ ပို့ကုန်ပမာဏ ကျဆင်းနေသည့် အနေအထားများ၊မြန်မာငွေကြေး ကျဆင်းမှု အခြေအနေများ စသည့် အခြေအနေများဖြင့် သက်ဆိုင်နေကြောင်း သိရသည်။
ပို့ကုန် လုပ်ငန်းရှင်လည်း ဖြစ်သူ ဦးစိုင်းခင်မောင်က "အခုလောလောဆယ် ဒီမှာဆို ယွမ်ငွေဈေး၊ ပင်လယ်ရေကြောင်းမှာဆိုရင် ဒေါ်လာဈေးက တက်နေတာပေါ့။အဲဒီတော့ ဈေးတွေထဲမှာတော့ ယွမ်ငွေဈေးနဲ့ လိုက်ပြီး ဈေးနည်းနည်း တက်တာတော့ ရှိတာပေါ့" ဟု ပြောသည်။
အဆိုပါ မြန်မာကျပ်ငွေ စျေးကျနေခြင်းကြောင့်လည်း တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် ကုန်ပစ္စည်းဈေးနှုန်း အချို့မှာ တရုတ်ငွေစျေးအတိုင်း ထပ်မံ၍ အနည်းငယ် မြင့်တက်နေကြောင်း ၎င်းက ရှင်းပြသည်။
တရုတ်ငွေစျေးသည် ယခုနှစ် မေလမှ စတင်ပြီး ယွမ် ၁၀၀ လျှင် မြန်မာငွေကျပ် ၂၄၀၀၀ (နှစ်သောင်း လေးထောင်)အထိ တက်ခဲ့ပြီး လက်ရှိ စက်တင်ဘာလ ပထမပတ်တွင် ယွမ် ၁၀၀ လျှင် မြန်မာငွေ ကျပ် ၂၉၀၀၀ (နှစ်သောင်းကိုးထောင်) အထိ ရှိနေသည်။