CNI International Article
စင်ကာပူ၊ စက်တင်ဘာ ၄
ရေးသားသူ-Dr. Punchada Sirivunnabood
ပြီးခဲ့သည့် ဩဂုတ် ၈ ရက်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ထိုင်းနိုင်ငံသားများကို အွန်လိုင်းပေါ်မှ ဆက်သွယ်၍ ထိုင်းဘာသာစကားဖြင့် “ pi (အစ်ကို) တိုနီ … လူငယ်တွေနဲ့ စကားပြောဖို့ အဆင့်သင်ပါပဲ” ဟု ပြောကြားခဲ့ ကြောင်း Channel News Asia ဝက်ဘ်ဆိုက်၏ သတင်းဆောင်းပါးတစ်ပုဒ်တွင် ပါရှိသည်။
သက်ဆင်၏ သားနှင့်သမီးမှတဆင့် သတင်းစကား ပေးပို့ခြင်းသည် သက်ဆင်အနေဖြင့် ထိုင်းနိုင်ငံရေးလောကသို့ တကျော့ ပြန်ဝင်လာပြီဖြစ်ကြောင်း အချက်ပြလိုက်ခြင်းပဲ ဖြစ်သည်။ ၂၀၀၇ ခုနှစ်မှစ၍ ပြည်ပတွင် ခိုလှုံနေထိုင်သူ သက်ဆင်သည် လာမည့် ထိုင်းရွေးကောက်ပွဲများ၌ အရေးပါသောကဏ္ဍမှ ပြန်ပါလာမည်မှာ သေချာနေသည်။
ထိုင်းနိုင်ငံရေးဇာတ်ခုံမှ ထွက်ခွာသွားပြီး နှစ်အတန်ကြာသည့်တိုင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် နိုင်ငံရေးအရ ဖောက်ခွဲ မှုလုပ်ရန် ယမ်းတောင့်အချို့ကို သိုမှီးသိမ်းဆည်းထားဆဲဖြစ်သည်။ သက်ဆင်သည် ထိုင်းရက်ခ်ထိုင်းပါတီ (TRT) ကို တည် ထောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ လေးနှစ်တာသက်တမ်းအပြည့် တာဝန်ထမ်းဆောင်ခဲ့ရသူ ရွေးကောက်ခံ အရပ်သားအုပ်ချုပ်ရေးစနစ်၏ ပထမဆုံးအကြီးအကဲဖြစ်သည်။
TRT ပါတီသည် သူ့ခေတ်သူ့အခါက ထိုင်းကျေးလက် ဆင်းရဲသားများအကြား လွန်စွာရေပန်းစားခဲ့သည်။ သက်ဆင်ကို ၂၀၀၆ ခုနှစ် သွေးထွက်သံယိုမရှိသည့် စစ်တပ်အာဏာသိမ်းမှုဖြင့် ရာထူးမှအဖယ်ရှားခံရပြီး အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံး စား လုပ်မှုတို့ဖြင့် စွဲချက်အတင်ခံခဲ့ရသည်။
ထူးခြားသည်က သက်ဆင်သည် ထိုင်းရေမြေနှင့် ဆယ်စုနှစ် တစ်ခုကျော်ကြာ အလှမ်းကွာခဲ့သော်လည်း ထိုင်းနိုင်ငံရေးတွင် အဓိကအခန်းကဏ္ဍ၌ ဆက်လက် နေရာယူထားနိုင်ခြင်း ဖြစ်သည်။
တရားရုံးအမိန့်ဖြင့် ဖျက်သိမ်းခံရသော သက်ဆင်၏ TRT ပါတီနေရာကို အစားထိုးရန် ပြည်သူ့အာဏာပါတီနှင့် ဖူထိုင်း (Phuea Thai) ပါတီတို့ ဆက်လက်ပေါ်ထွက်လာသည်။ ပြည်နယ်အဆင့်နှင့် အမျိုးသားအဆင့် ရွေးကောက်ပွဲများတွင် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းသည့်အနေဖြင့် သက်ဆင်၏ ဆွေမျိုးသားချင်းများ ဝန်ကြီးချုပ်ရာထူးအထိ မှန်းနိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ တင်သွင်းခဲ့သည်။
သက်ဆင်နှင့် ဆက်စပ်နေသော ပါတီများသည် ထိုင်းရွေးကောက်ပွဲ အဆက်ဆက်၌ ၂၀၀၇ ခုနှစ်တွင် ပြည်သူ့အာဏာပါတီက လည်းကောင်း၊ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွင် ဖူထိုင်းပါတီကလည်းကောင်း တောက်လျှောက်အောင်ပွဲခံခဲ့ကြသည်။
၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သက်ဆင်၏ TRT ပါတီ တကျော့ပြန် အသက်ဝင်မှုအနေဖြင့် ဖူထိုင်းပါတီသည် ၎င်းယှဉ်ပြိုင်ခဲ့သော မဲဆန္ဒနယ်များ၌ အောင်မြင်ခဲ့သည်။ ယင်းပါတီသည် လွှတ်တော်အမတ်နေရာ ၅၀၀ ကို ဝင်ရောက် ယှဉ် ပြိုင်ခဲ့ရာ ၁၃၆ နေရာ အနိုင်ရခဲ့သည်။ စစ်တပ်လိုလားသည့် ဖလန်ပရာချာရက်ပါတီကတော့ အမတ်နေရာ ၁၁၅ နေရာသာ နိုင်ခဲ့ပြီး ဒီမိုကရေစီအရေး ကြွေးကြော်ခဲ့သည့် အနာဂတ်ရှေ့ဆောင်(Future Forward)ပါတီက နေရာ ၈၀ နိုင်ခဲ့သည်။
သက်ဆင်တည်းဟူသော အမှတ်တံဆိပ်သည် သိသာထင်ရှားသည့် ကြံ့ခိုင်မှုရှိနေပြီး ပြည်နယ်အဆင့်နှင့် အမျိုးသားအဆင့် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်များကို မဲဆွယ်ဆွဲဆောင်ရန် ကိရိယာတစ်ခုအဖြစ် ကောင်းကောင်း အသုံးချနိုင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲကာလအတွင်း သက်ဆင်သည် ထိုင်းရိုးရာအစဉ်အလာကို လက်ခံသည့် ချင်းမိုင်နှင့်ချင်းရိုင် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့များ (PAO) အမှုဆောင် လူကြီးအချို့ကို ကျင်လည်စွာ စည်းရုံးသိမ်းသွင်း နိုင်ခဲ့ သည်။
PAO အဖွဲ့ဝင်များသည် လုပ်ပိုင်ခွင့်အားဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအချို့အတွက် တာဝန်ရှိသလို ပြည်နယ်အဆင့်၌ ဒေသဆိုင်ရာ စည်းမျဉ်းများကို ထုတ်ပေးရသည်။ အချို့ပြည်နယ်များတွင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများကို ပံ့ပိုး ရာ၌ PAO အဖွဲ့ဝင်များက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ရသည်။ သို့ဖြင့် သက်ဆင် ကျောထောက် နောက်ခံ ပေးထား သည့် ကိုယ်စားလှယ်လောင်းသည် ချင်းရိုင်တွင် အနိုင်ရသွားသည်။
ယခုနှစ်တွင် သက်ဆင်နှင့် သူ့မဟာမိတ်များအတွက် နိုင်ငံရေးအရှိန်အဟုန် ပြန်လည်မြင့်တက်လာသည်ကို တွေ့ရသည်။
သူ့ကို ရေရှည်ထောက်ခံလာကြသည့် ရှပ်နီသမားများအပြင် ၂၀၁၄ ခုနှစ်က အာဏာသိမ်း စစ်ခေါင်းဆောင် ပရာယွတ်ချန် အိုချာ၏ လက်ရှိအစိုးရအပေါ် မျှော်လင့်ချက် ပျောက်ဆုံးလျက် ဆန့်ကျင်ဆန္ဒပြနေသည့် မျက်မှောက်ကာလ မျိုးဆက်သစ် များအထိ သက်ဆင်က လက်လှမ်းမီသည်။ ပရာယွတ်ချန်အိုချာသည် သက်ဆင်၏ညီမဖြစ်သူ ယင်းလပ်ကို ဝန် ကြီးချုပ် ရာထူး မှ ဖြုတ်ချခဲ့သည်။
သက်ဆင်သည် အနာဂတ်ခေါင်းဆောင်အဖြစ် သူ့ကိုယ်သူ ပြန်လည်ပုံဖော်ရန် ကြိုးစားနေသည်။ သက်ဆင်၏ ၇၂ နှစ်မြောက် မွေးနေ့ဖြစ်သည့် ဇူလိုင် ၂၆ ရက်တုန်းကလည်း ‘သက်ဆင် ၇၂၊ တိုနီ ၂၇’ ဟူသော လှုပ်ရှားမှု ပြုလုပ်လိုက်သေးသည်။ ယင်း အဓိပ္ပါယ်မှာ သက်ဆင်၏နှလုံးသားသည် ထာဝစဉ်နုပျိုနေပြီး ထိုင်းလူငယ်များ၏ လိုအပ်ချက်များကို နား လည် ခံစားပေး နိုင်ကြောင်း ဖော်ညွှန်းရန် အသက် ၂၇ နှစ်အရွယ်သို့ ရွေ့လျားပြလိုက်သည့် သဘောဖြစ်သည်။
အသက်ငယ်ရွယ်သူ မဲဆန္ဒရှင်များ ဆက်သွယ်နိုင်ရန် သက်ဆင် (သို့မဟုတ်) သူ၏နာမည်ကျော် ‘Tony Woodsome’ CARE အဖွဲ့ဝင်များ၊ TRT ပါတီဝင်ဟောင်းများနှင့် တည် ထောင်ထားသော ဘက်မလိုက် နိုင်ငံရေး အတွေးအခေါ် ပညာရှင်များအဖွဲ့၏ မိုဘိုင်းဖုန်း App တစ်ခုကို Clubhouse ဟု အမည်ပေးလျက် အသံအခြေခံပြီး စီစဉ်ထူထောင်ပေးခဲ့သည်။ ထို App ကို ပြီးခဲ့ သည့် ဖေဖော်ဝါရီလမှ စ၍ နှစ်ပတ်တစ်ကြိမ် မွမ်းမံတင်ဆက်နေသည်။
ထိုသို့ App သုံး၍ အွန်လိုင်း လူစုနည်းသုံးပြီး တိုနီအမည်ခံ သက်ဆင်က ၎င်း၏မူဝါဒများသည် လူမှုဘဝများအပေါ် မည်သို့ မည်ပုံ အောင်မြင်တိုးတက်စေကြောင်း ဝါဒဖြန့်သည်။ လက်ရှိအစိုးရ၏ Covid-19 ကပ်ရောဂါ စီမံခန့်ခွဲမှု အမှားများကို သက်ဆင်ဝန်ကြီးချုပ် လက်ထက်က ရင်ဆိုင်ခဲ့ရသော SARS (ဆားစ်ရောဂါ)၊ H5N1 ကြက်ငှက်တုပ်ကွေးရောဂါတို့ ကိုင်တွယ် ပုံနှင့် ချိန်ထိုးပြီး သက်ဆင်အနေဖြင့် ပြည်သူ့ကျန်းမာရေး စိန်ခေါ်မှုများအပေါ် မည်သို့အောင်မြင်စွာ ကျော်ဖြတ်ခဲ့သည့် အကြောင်း နှိုင်းယှဉ်ပြောနေကြသည်။
Clubhouse စကားဝိုင်း (chatroom) ထဲတွင် သက်ဆင်အစိုးရ လက်ထက်က အခြေအနေနှင့် ယခု ပရာယွတ် လက်ထက် လူငယ်များကို စောင့်ကြည့်သည့် စီမံခန့်ခွဲမှု အမှားများကို နှိုင်းယှဉ်ပြသည့်အခါ သက်ဆင်က ဖော်ရွေပြီး ပိုရင်းနှီးသော လေသံ ဖြင့် ပြောတတ်သည်။
သေချာသည့်အချက်မှာ ထိုင်းလွှတ်တော်က လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေအရ လွှတ်တော်၏ ခွင့်ပြုချက်ကျမှသာ သက်ဆင် တစ်ယောက် ထိုင်းနိုင်ငံသို့ ပြည်တော်ပြန် နိုင်လိမ့်မည်ဖြစ်သည်။ လက်ရှိ စစ်တပ်လိုလားသော အုပ်ချုပ်ရေး အခြေအနေ အောက်တွင်တော့ သက်ဆင် ပြည်တော်ပြန်နိုင်ရေးမှာ အလှမ်းဝေးသေးသည်ဟု ဆိုရမည်ဖြစ်ပါကြောင်း။
(မူရင်းဆောင်းပါးရှင် ဒေါက်တာ Punchada Sirivunnabood သည် စင်ကာပူနိုင်ငံ ISEAS- Yosof Ishak သိပ္ပံကျောင်းမှ ဖြစ်သည်)
CNI သတင်းဌာနမှ Dr.Punchada Sirivunnabood ရေးသားသည့် “Commentary: Why is former Thai PM Thaksin Shinawatra still so popular on social media?” ဆောင်းပါးကို ဘာသာပြန်ဖော်ပြလိုက်ပါသည်။