CNI Article

ရေးသားသူ- Neo Chai Chin/ Genevieve Woo

လွန်ခဲ့သော ၈ လတုန်းက အနုပညာသမား ဇာနည်(အမည်လွှဲ)သည် အခြားလူငယ်များ‌ လေသံအတိုင်း ပြောဆိုခဲ့သည်။ အသက် ၂၁ ရှိပြီဖြစ်သည့် သူသည် Covid-19 ရောဂါပြီးလျှင် ဆက်လုပ်မည့်အစီအစဉ်များ ရေးဆွဲနေခဲ့ပြီး နိုင်ငံခြားသွားပြီး ကျောင်းတက်ချင်ရန် ရည်ရွယ်ထားသည်။

သူက “ကျနော် လုပ်ချင်တာ အများကြီးရှိသေးတယ်” ဟု ပြောသည်။

ယင်းနောက် ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD)ထံမှ စစ်တပ်က အာဏာ ရယူခဲ့ပြီး အစိုးရအဖွဲ့နှင့် ပါတီ၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားသူများကို ဖမ်းဆီးခဲ့သည်။

ဇာနည် တစ်ယောက် အံ့ဩတုန်လှုပ်သွားခဲ့ပြီး စိတ်ဆိုးမာန်ဆိုး ဖြစ်မိသော်လည်း ဘာလုပ်ရမှန်း သေချာမသိ။ ထိုအချိန်တွင် သူ့အနာဂတ်ကို အဝေးတစ်နေရာသို့ ဆွဲထုတ်သွားသလို ခံစားလိုက်ရသည်။

“ကျနော့်မှာ ရှေ့ဆက်ဖို့ အစီအစဉ်တွေ အများကြီးရှိတာဗျ။ သူတို့က ကျနော့် အိပ်မက်အားလုံးကို ဖျက်ဆီးလိုက်ကြပြီ” ဟု သူက Channel News Asia ၏ Insight ကဏ္ဍသို့ ရင်ဖွင့်သည်။

ပုံ- စစ်တပ်ကို ဆန့်ကျင် ကန့်ကွက်နေကြသော လူငယ်များ (CNA)

ဆုံးရှုံးမှုဟူသော ခံစားချက်က သူ့တစ်ယောက်တည်းတွင် ကွက်ကျားမိုးရွာ၍ ဖြစ်ပေါ်ခြင်းတော့ မဟုတ်ပေ။

ကုန်စုံဆိုင်ပိုင်ရှင် ကိုတိုး(အမည်လွှဲ)ကလည်း သူ့နိုင်ငံသားများ မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားပြီဟု ညည်းညူခဲ့သည်။

ထိုကာလသည် Covid-19 ကူးစက်ရောဂါကြောင့် ဆရာဝန်များနှင့် ဆေးရုံကုတင်များ ရှားပါးနေချိန်ဖြစ်၏။ ကျန်းမာရေး ဝန်ထမ်းများ အပါအဝင် အစိုးရဝန်ထမ်း အမြောက်အမြား စစ်တပ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဆန္ဒပြကြသည်။ အာဏာ ဖီဆန်ရေး လှုပ်ရှားမှုတွင် ကျယ်ကျယ်ပြန့်ပြန့် လိုက်ပါကြသည်။

“ကျနော်တို့ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေက မျှော်လင့်ချက်မရှိဘူး။ အကူအညီမဲ့နေတယ်” ဟု အသက် ၄၉ နှစ်အရွယ်ရှိ ကိုတိုး(အမည်လွှဲ)က ပြောသည်။

“ဆေးရုံသွားလို့ မရဘူး။ ဆေးရုံဝင်ဖို့ လက်မခံဘူး။ ကိုယ့်အိမ်မှာပဲ ကိုယ့်ဘာသာ အောက်စီဂျင်နဲ့ ကုဖို့ ကြိုးစားရတယ်။ ဆရာဝန်တစ်ယောက်က လူနာလာကြည့်ပေးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ” ဟု သူ့အတွေ့အကြုံကို ဆက်ပြောသည်။

ကပ်ရောဂါ ဖိစီးနေသည့်ကြားက ကော်ဖီနှင့်ဆပ်ပြာကဲ့သို့ အခြေခံကုန်စည်များ တဟုန်ထိုး ဈေးတက်လာခဲ့သည်ဟုဆိုသည်။

အသက် ၄၀ အရွယ်ရှိ သတင်းထောက် ကိုသန်းလွင်(အမည်လွှဲ)က “နေရာတိုင်းမှာ တိုက်ပွဲဖြစ်နေတယ်။ ငါတို့ အခုပြည်တွင်း စစ်နဲ့ ရင်ဆိုင်နေရပြီ”ဟု စစ်တပ်အုပ်ချုပ်ရေးနှင့် လက်နက်ကိုင်ဖိနှိပ်မှုကို လက်မခံကြောင်း အလေးပေး ပြောကြားခဲ့သည်။

တစ်ဦးချင်း ပုဂ္ဂိုလ်ရေးအရ ခံစားကြည့်လျှင် သူ့အနာဂတ်သည် လွန်စွာ မှေးမှိန်နေကြောင်း ကိုသန်းလွင်က ပြောသည်။

“ကျနော် မျှော်ကြည့်လိုက်တိုင်း အရာအားလုံးကို အမှောင်ထုပဲ” ဟု သူက ဆက်လက်ပြောသည်။

ပုံ-စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူများနှင့် လုံခြုံရေးတပ်ဖွဲ့၀င်များကိုတွေ့ရစဉ်(CNA)

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသွားခဲ့သည်။(စစ်တပ် က မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းနိုင်ရေးကြိုးပမ်းသည်ဟုဆိုကာ စစ်တပ်က အာဏာရယူလိုက်သည် )။

အာဏာအသိမ်းခံရပြီး ကတည်းက ဆန္ဒပြမှုများနှင့် ခုခံမှုများကြောင့် စစ်တပ်က အရပ်သား ၁၀၀၀ ကျော်ကို ပစ်သတ်ခဲ့သည် ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ သိရသည်။

မြန်မာနိုင်ငံသည် Covid-19 တတိယလှိုင်းကိုလည်း ရင်ဆိုင်ခဲ့ရသည်။ ကပ်ရောဂါ ကနဦး ဖြစ်ပွားချိန်မှစ၍ မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၄၀၆,၀၀၀ ရှိပြီး ၁၅၀,၀၀ သေဆုံးခဲ့သည်။

အချိန်ကိုက်လုပ်ဆောင်ခြင်းက အာဏာသိမ်းခေါင်းဆောင်များကို မျက်နှာသာပေးမှာလား

အနာဂတ် ဟောကိန်း ထုတ်တတ်ကြသော နိုင်ငံရေး အကဲခတ်သမားများက ဒီမိုကရေစီနှင့် အရပ်သားအုပ်ချုပ်မှုတို့ မြန်မာနိုင်ငံသို့ ပြန်လာပါ့မလားဟူသည့် မေးခွန်း၌ အမြင်မျိုးစုံ ရောယှက်နေကြသည်။

“တပ်မတော်အနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ အရပ်သားဒီမိုကရက်တစ် အုပ်စုတွေကို နောက်ထပ်ပစ်ခတ်ဖို့ ပြင်ဆင်နေတာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်” ဟု စင်ကာပူသံတမန်နှင့် အာဆီယံအထွေထွေအတွင်းရေးမှူးဟောင်းဖြစ်သူ Ong Keng Yong က ဆိုသည်။ တပ်မတော်ဆိုသည်မှာ မြန်မာနိုင်ငံ၏ နိုင်ငံတော်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

“ မြန်မာနိုင်ငံမှာ ဒီလိုပြိုလဲ ပျက်စီးရတဲ့အချိန်ဟာ စစ်တပ်အာဏာသိမ်းတဲ့သူတွေရဲ့ အားသာချက်ပဲ။ သူတို့က အခုအချိန် အထိ မမြင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေ ရှေ့ဆက်သွားတဲ့အခါမှာ သူတို့က ပထဝီဝင် နိုင်ငံရေး အခြေအနေ အားလုံးကို သူတို့အားသာချက်ထဲ အသုံးချတဲ့နေရာမှာ နည်းနည်း ပိုထက်မြက်လာတယ်” ဟု Ong Keng Yong က သုံးသပ် သည်။

အမေရိကန်သည် မြန်မာစစ်တပ်နှင့် ဆက်နွှယ်သော ပုဂ္ဂိုလ်များနှင့် စစ်တပ်အပေါ် ထောက်ပံ့သော ကုမ္ပဏီများကို ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

မကြာသေးမီက အရှေ့တောင်အာရှဒေသတွင်း ခရီးစဉ်၌ အမေရိကန်ဒုတိယသမ္မတ ကမလာဟဲရစ်က “မြန်မာ့ဒီမိုကရေစီ အရေး ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းနေသည့် ပြည်သူများကို ထောက်ခံကြောင်း” ထပ်လောင်း ပြောခဲ့သည်။

သို့သော် အမေရိကန်၏ တုံ့ပြန်မှုက နှုတ်ဆိတ်သွားကြောင်း၊ အဓိကအားဖြင့် အခြားပြဿနာများဖြစ်သည့် ကပ်ရောဂါကဲ့သို့ ကိုင်တွယ်ရမည့် အရေးကိစ္စများကြောင့်ဖြစ်ကြောင်း စင်ကာပူအမျိုးသားတက္ကသိုလ်၊ အာရှသုတေသနသိပ္ပံမှ လက်ထောက် ညွှန်ကြားမှူး မိုင်းထရီးအောင်သွင် (Maitrii Aung-Thwin) က ပြောသည်။

“မြန်မာနိုင်ငံအပေါ်မှာ သူတို့ရင်းမြစ်တွေ၊ အလေးထားစရာတွေ အာရုံစိုက်ဖို့ တွက်ကိန်းရှိတယ်လို့ ကျနော်မထင်ဘူး” ဟု ၎င်းက ပြောသည်။

 ပုံ-ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာဆီယံကိုယ်စားလှယ်များကိုတွေ့ရစဉ်(CNA)

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်သည် အာဆီယံထက် ပို၍ အဓိကကုန်သွယ်ဘက်အဖြစ် ဩဇာလွှမ်းမိုး သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး မည်သို့ဖြစ်သင့်သည်ဟု ဆွေးနွေးရာတွင်  အကွေ့အရှောင် လုပ်ပေး ရုံဖြင့် တပ်မတော်အပေါ် ဘေဂျင်း ဩဇာလွှမ်းမိုးရေး လုပ်ဆောင်နိုင်ကြောင်း အမေရိကန်အခြေစိုက် the Responsibility to Protect_R2P (အကာအကွယ်ပေးရန်တာဝန်ရှိမှု) ရေးရာကမ္ဘာလုံးဆိုင်ရာစင်တာမှ အမှုဆောင်ဒါရိုက်တာ ဆိုင်မွန်အဒမ်စ်က ပြောသည်။

ဥပမာအားဖြင့်  ဖေဖော်ဝါရီ  ၂ ရက်၌ အာဏာသိမ်းမှုကို ရှုတ်ချသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီကြေညာချက်ကို တရုတ်က ပိတ်ပင်လိုက်သည်။

အစိုးရတစ်ရပ် အပြောင်းအလဲဖြစ်ဖို့ နိုင်ငံခြားမှ ချမှတ်ပေးခြင်းသည် တရုတ်၏ နိုင်ငံခြားရေးမူဝါဒ အစဉ်အလာနှင့် ဆန့်ကျင် ကြောင်း ဟောင်ကောင်တက္ကသိုလ် နိုင်ငံရေးနှင့်ပြည်သူ့အုပ်ချုပ်ရေးဌာန၊ တွဲဖက်ပါမောက္ခ အန်ဇီဟန်က မှတ်ချက်ချသည်။

“ တရုတ်က ဒီထက် ပိုလုပ်ပေးနိုင်မယ်မထင်ဘူး” ဟု ၎င်းက မှတ်ချက် ပေးသည်။

ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ပနီတန်ဝပ်တနယာဂွန်က “မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆက်သွားဖို့ အလျှော့အတင်း ပြုလုပ်ခြင်းနှင့် အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံများအပေါ် အခြေခံ၍ အာဏာခွဲဝေမှု အစီအစဉ်သစ်လိုအပ်ကြောင်း” ယုံကြည်သည်။

ပုံ-စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်နေသော လူငယ်များကိုတွေ့ရစဉ်(CNA)

“ ဘယ်သူကမှ လုံးဝဥဿုံ အနိုင်ယူလို့ မရဘူးဗျ။ ဒီမိုကရေစီဆိုတာ အဖြေ သုညပဲ ထွက်တဲ့ ကစားပွဲမဟုတ်ဘူး။ ခင်ဗျား နိုင်နိုင်၊ ရှုံးရှုံး အပြုသဘော ဆောင်ရမယ့်အရာပါ။ စေ့စပ်ညှိနှိုင်းသူတွေက ပါတီတွေအားလုံး လက်ခံနိုင်ဖို့ စားပွဲဝိုင်း ချထား နိုင်ရမယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ယခုအချိန်အထိ အပေးအယူလုပ်မည့် အရိပ်အရောင် မမြင်ရသေး။ မြေပြင်၌ ကွဲပြားခြားနားသော အမြင်များလည်း ရှိနေသည်။

စစ်တပ်က ဩဂုတ် ၁ ရက်တွင် မြန်မာနိုင်ငံ၌ အိမ်စောင့်အစိုးရ ကြေညာခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့သည်။

သူသည် ရွေးကောက်ပွဲများ ကျင်းပရန်နှင့် ၂၀၂၃ ဩဂုတ်လနောက်ဆုံးထား၍ အရေးပေါ် အခြေအနေ ကြေညာချက် ရုပ်သိမ်း ရန် ကတိပြုခဲ့သော်လည်း NUG အစိုးရရှိ သူ့ပြိုင်ဘက်များကို ‘အကြမ်းဖက်သမားများ’ဟု တံဆိပ်ကပ်ခဲ့သည်။ NUG တွင် ဖြုတ်ချခံရသော လွှတ်တော်အမတ်များပါဝင်ပြီး စစ်တပ်အုပ်ချုပ်ရေး၏ တရားဝင်မှု(legitimacy)ကို စိန်ခေါ်ထားသည်။

အသက် ၃၃ နှစ်ရှိ မူလတန်းပြဆရာမ ဒေါ်မာလာ (အမည်လွှဲ)သည် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို သဘောမတူဘဲ အစိုးရ (သို့မဟုတ်) စစ်တပ်မရှိလျှင် တိုင်းပြည်အနေဖြင့် မရပ်တည်နိုင်တော့၍ နှစ်ဘက်စလုံး အပေးအယူ လုပ်ရမည်ဟု ယုံကြည် သည်။

သို့သော် အနုပညာရှင် ဇာနည်နှင့် အသက် ၂၉ နှစ်အရွယ်ရှိ ဆရာဝန်နေအောင်တို့က စစ်တပ်နှင့် ညှိနှိုင်းခြင်းကို ဆန့်ကျင်ကြသည်။

ပုံ-CNA

“ဖြစ်ပျက်ခဲ့သမျှအပြီးမှာ သူတို့က အလျှော့အတင်း တစ်ခုခု လုပ်မယ်ဆိုရင်တောင် ကျနော်တို့လို သာမန်ပြည်သူတွေ ဒါကို လက်ခံလိမ့်မယ်လို့ ကျနော် မထင်ဘူး” ဟု နေအောင်က ဆိုသည်။ သူသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု၏ တစိတ်တပိုင်း ဖြစ်သော်လည်း လူနာများကုသရန် အိမ်ပင့်လျှင် တိတ်တဆိတ် လိုက်ကုပေးသည်။

၂၀၁၁ ခုနှစ်တွင် နှစ် ၅၀ နီးပါး စစ်တပ်အုပ်ချုပ်ရေး အဆုံးသတ်ခဲ့ပြီး ပထမဆုံး အရပ်သားသမ္မတနှင့် အရပ်သားအစိုးရ ရှိခဲ့ သည်။ ၎င်းအစိုးရသည် နိုင်ငံတကာ၏ ယုံကြည်မှုနှင့် အရင်းအနှီး ဒေါ်လာဘီလျံနှင့်ချီ၍ ရရှိခဲ့သည်။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းတွင် ပိုရသည်။ ယင်းသို့ ရခြင်းမှာ ပြည်သူများ လွတ်လပ်ခွင့်နှင့် ဆက်စပ်နေသည်။

ယခုတော့ စစ်တပ်အာဏာသိမ်းပြီး ခုနစ်လအကြာ မြန်မာ့စီးပွားရေးသည် ပြိုလဲလုနီးပါး ဖြစ်သည်။ ကမ္ဘာ့ဘဏ်က မြန်မာ့ စီးပွားရေးကျဆင်းမှုကို ၁၈ ရာခိုင်နှုန်းဟု ခန့်မှန်းထားသည်။

“သန်းနဲ့ချီတဲ့ အိုးမဲ့အိမ်မဲ့တွေ၊ ဖျက်ဆီးနှိပ်စက်ခံရတဲ့သူတွေနဲ့ ကျနော်တို့ တတိုင်းပြည်လုံး သုံးစားမရတဲ့ အခြေအနေမှာ အဆုံးသတ်သွားမှာ ကျနော် ကြောက်တယ်ဗျာ” ဟု ဆရာဝန်နေအောင်က ဆိုသည်။

Source: Channel News Asia

Chanel News Asia က Neo Chai Chin နှင့် Genevieve Woo  တို့ရေးသားထားသည့် “Under military rule, young Burmese speak of destroyed dreams, futures snatched away”ဆိုသော ဆောင်းပါးကို CNI က အနီးစပ်ဆုံး ဘာသာ ပြန်တင်ဆက်ပေးလိုက်ပါသည်။