ဗီဒီယိုဖိုင်ထဲ လသားအရွယ် နို့စို့ကလေးငယ်လေးဟာ သေးခံစက္ကူဘောင်းဘီ(ဒိုင်ဘာ) ကျွတ်လုလု အနေအထားဖြစ်နေပါ တယ်။ ကဘူးလ်လေဆိပ်ထဲ အတင်းဝင်ဖို့ ကြိုးစားနေတဲ့ အာဖဂန်ပြည်သူတစ်ဦးက အဲဒီကလေးငယ်ကို သွပ်ဆူးကြိုးတွေ ပေါ်ကနေ ကျော်ပြီး အမေရိကန် မရိန်းတပ်သားလက်ထဲ ရောက်အောင် အောက်ကနေ မြှောက်ပင့်ချီတင်ပေးနေတာ တွေ့ရ ပါတယ်။
စစ်မက်ဖြစ်ပွားနေတဲ့ တိုင်းပြည်ကနေ စစ်လေယာဉ်နဲ့အတူ ဒီကလေးလေး ဘေးလွတ်ရာမှာ ဆက်ရှင်သန်ပါစေတော့ဆိုပြီး သဘောထားရင်း မချိတင်ကဲဖြစ်စွာနဲ့ ဒီကလေးငယ်ကို အာဖဂန်မှ ထွက်ခွာတော့မယ့် အမေရိကန် မရိန်းတပ်သားတွေ လက် ထဲ အရောက်ထည့်ပေးလိုက်တဲ့ အနေအထားပါ။ ရင်နင့်ကြေကွဲစရာ ဒီဗီဒီယိုဖိုင်ဟာ အရင်တစ်ပတ်က စစ်လေယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးသူတွေ အကြောင်းပြီးရင် လူမှုကွန်ရက်တွေမှာ နောက်ထပ် ဖြန့်ဝေမှု (Share and Retweet) များပြားလှတဲ့ ဗီဒီယိုဖိုင် ဖြစ်သွားခဲ့ပါတယ်။
အဲဒီ ဗီဒီယိုဖိုင်ဟာ လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင် အင်အား ၆၀၀၀ လောက်က ကဘူးလ် လေဆိပ်ကို ထိန်းချုပ်နိုင်ဆဲ နာရီအပိုင်းလေးအတွင်း ရိုက်ကူးထားပုံရပါတယ်။ တစ်ချိန်တည်းမှာပဲ တာလီဘန်တွေက ကဘူးလ်မြို့တော်ရဲ့လမ်းတွေပေါ် စတင်ကင်းလှည့်နေပြီး အမေရိကန်ကို ဆန့်ကျင်တဲ့ အုပ်ချုပ်ရေးမျိုး တဖန်မွေးဖွားဖို့ အစပျိုးနေပါတယ်။
အမေရိကန် မရိန်းတပ်သားတွေထံကို အမျိုးအမည်မသိရတဲ့ အဲဒီကလေးငယ်ဟာ ဖျားနာနေကြောင်းနဲ့ တစ်ခါတည်း ကယ်တင်ခေါ်ယူသွားဖို့ တိုးလျှိုးတောင်းပန်တဲ့အကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရသူ ဂျွန်ကာဘီက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
“ခင်ဗျားတို့ပြောနေတဲ့ ဗီဒီယိုဖိုင်မှာ ကလေးမိဘတွေက ကလေးဖျားနေလို့ စောင့်ရှောက်ပေးပါဆိုပြီး တောင်းပန်နေကြတာ ပါ။ အဲဒီကလေးကို မရိန်းတပ်သားတစ်ယောက် လေဆိပ်ထဲက နော်ဝေဆေးရုံပို့ပေးတယ်။ ဆေးရုံမှာ ကုသပေးပြီးတော့ ကလေးဖခင်လက်ထဲ ပြန်ထည့်လိုက်ပါတယ်။ ကလေးအပေါ် စိုးရိမ်စိတ်နဲ့ ကရုဏာသက်ပြီး လုပ်ကိုင်ပေးလိုက်တယ်လို့ ပြောရမှာပေါ့” လို့ ဂျွန်ကာဘီက သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
အဲဒီ ကလေးမိဘတွေက ဘယ်သူတွေလဲ ဆိုတာရော၊ သူတို့လက်ရှိ အခြေအနေကိုရော မသိရကြောင်း၊ အမေရိကန်နိုင်ငံ ပို့ ပေးဖို့ လက်ခံလား၊ လက်မခံဘူးလားဆိုတာလည်း မသိကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရသူက ဆက်လက် ရှင်းပြခဲ့ ပါတယ်။
ကလေးရဲ့မိဘတွေဟာ အမေရိကန်တွေအတွက် အလုပ်လုပ်ပေးခဲ့တဲ့ အာဖဂန်လူမျိုးတွေ ဖြစ်နေတယ်ဆိုရင် တာလီဘန်ရဲ့ ရန်က စိုးရိမ်ရတာ အမှန်ပဲဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ကို အတားအဆီး အနှောင့်အယှက် လုံးဝမရှိဘဲ လွတ်လွတ်ကျွတ်ကျွတ် မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့ဖြစ်ပြီး အာဖဂန်နစ္စတန်ကနေ ထွက်ပေးဖို့ မျှော်လင့်တကြီး ပြေးလွှားနေတဲ့ တခြားကလေးတွေ ကိုလည်း အမေရိကန်တပ်ဖွဲ့ဝင်တွေ ကူညီနေပုံတွေကိုလည်း တရားဝင်ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ် အလားတူပုံတွေလည်း ရှိပါသေးတယ်။ တိုက်ပွဲတစ်ခုမှာ စစ်သားတစ်ဦးကို မွေးကင်းစ ကလေးငယ်တစ်ဦးကို ပွေ့ပိုက်ရင်း အသစ်စက်စက် ဖခင်တစ်ဦးရဲ့ပီတိမျိုးနဲ့ ရိုက်ကူးထားတဲ့ပုံပါ။ နောက်တစ်ပုံကတော့ အမေရိကန် အမျိုးသမီး စစ်သည်နှစ်ဦးက ကလေးငယ်တွေကို ယုယထွေးပွေ့ထားတဲ့ ပုံဖြစ်ပါတယ်။ ကလေးငယ်တစ်ဦးကို သောက်ရေပေးနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တစ်ဦး အကွက်ဆင်ရိုက်ကူးထားပုံ တစ်ပုံကိုလည်း တွေ့ရပါသေးတယ်။
ပုံ-အာဖဂန်တွင် ကလေးငယ်များကို အမေရိကန်တပ်သားက သောက်ရေသန့်ဘူးပေးနေစဉ် (AFP)
အရေးထဲ ဒီပုံတွေကို အကြောင်းပြုပြီးတော့ “ဒါမျိုးမှ ကျနော်တို့ လိုအပ်တဲ့အမေရိကန်” ဆိုပြီး တွတ်စ်တာ လူမှုကွန်ရက်ပေါ် မှာ ထပြီး ကြုံးဝါးတာကတော့ အမေရိကန်ကွန်ဂရက် အမတ်နဲ့စစ်မှုထမ်းဟောင်း ပီတာမိုင်းဂျာ ဖြစ်ပါတယ်။
ကာတာနိုင်ငံကို ဦးတည်ပျံသန်းသွားတဲ့ အမေရိကန် C-17 ကုန်တင်လေယာဉ် စတင်ပျံသန်းဖို့ ခက်ခဲလှတဲ့ အခြေအနေတွေ ကြောင့် လေဆိပ်အတွင်း လွတ်လပ်စွာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ရှိတဲ့အတွက် ပင်တဂွန်ကနေ ဩဂုတ် ၂၀ ရက်မှာ တရားဝင် ဖြန့်ဝေလိုက်တဲ့ပုံတွေက လူသိများ ပေါ်လွင် ထင်ရှားသွားခဲ့ပါတယ်။
ပင်လယ်ကွေ့အတွင်း ကာတာနိုင်ငံထဲ အဲဒီလေယာဉ် ဆင်းသက်ချိန်မှာတော့ အမေရိကန်လူဝင်ကြီးကြပ်ရေးအရာရှိတွေရဲ့ ရှင်းလင်းမယ့်နေ့ကို ရင်ဆိုင်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။
Source: AFP
#အမေရိကန် #မရိန်းတပ် #ကလေးငယ် #အာဖဂန် #တာလီဘန် #ဆောင်းပါး #CNImyanmar #cninews #ChannelNewsIndependent