အာဖဂန်မြေပေါ်တွင် အမေရိကန်၏နှစ် ၂၀ ကြာစစ်ပွဲအပြီး တာလီဘန်စစ်သွေးကြွအုပ်စုက အာဖဂန်နစ္စတန် နယ်မြေအများစုကို အတိအလင်းစိုးမိုးနိုင်ခဲ့ပြီဖြစ်သည်။
အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ဖ်ဂါနီသည် ဩဂုတ် ၁၅ ရက်၊ တနင်္ဂနွေနေ့က သမ္မတနန်းတော်ကို ကျောခိုင်း၍ နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့ရပြီး ထောင်နှင့်ချီသော နိုင်ငံသားများနှင့် နိုင်ငံခြားသားများမှာ တာလီဘန်တို့ လက်မှလွတ်မြောက်ဖို့ ရှောင်တိမ်းနေရဆဲဖြစ်ပြီး ဘင်လာဒင်၏ ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း အာဖဂန်နစ္စတန် နိုင်ငံကို ပြန်လည်ထူ ထောင်ရန် အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စု၏စမ်းသပ်ချက်လည်း နိဋ္ဌိတံခဲ့လေပြီ။
ပုံ- တာလီဘန်များ အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်း ထိန်းချုပ်ပြီးနောက် သူတို့အလံကို လွှင့်ထူရန် လုပ်နေစဉ် (AP)
အမေရိကန်သံရုံးမှ ဝန်ထမ်းများကို ကယ်ထုတ်ရန် ရဟတ်ယာဉ်များ ဩဂုတ် ၁၅ ရက် တနေကုန် လူးလာ ခေါက်တုံ့အတက်အဆင်းလုပ်နေသဖြင့် ကဘူးလ်မြို့သူမြို့သားများ အထိတ်တလန့်ဖြစ်နေခဲ့ရသည်။ သံရုံး ဝန်ထမ်းများသည် အရေးကြီးစာရွက်စာတမ်းများကို ဖျက်ဆီးခဲ့ကြသဖြင့် သံရုံးခြံဝင်းအနီးတွင် မီးခိုးငွေ့များ အူတက်လာခဲ့ပြီး အမေရိကန်အလံကိုလည်း နှိမ့်ချလိုက်သည်ကို မြင်တွေ့ရကြောင်း၊ အလားတူ အနောက်အုပ်စု နိုင်ငံများမှ အဖွဲ့အစည်းအသီးသီးတို့လည်း ၎င်းတို့ဘက်မှဌာနေကိုယ်စားလှယ်များ၊ ဝန်ထမ်းများကို ကဘူးလ် မြို့တော်မှ ကယ်ထုတ်ရန် တပြိုင်တည်း ကြိုးပမ်းနေကြောင်း အေပီသတင်းက ဆက်လက်ရေးသားထားသည်။
အာဖဂန်နစ္စနိုင်ငံသားများအနေဖြင့် တာလီဘန်များ၏ရက်စက်သည့်အုပ်ချုပ်ရေးမျိုး တကျော့ပြန်လာမည်ကို စိုးရိမ်ထိတ်လန့်နေကြပြီး အမျိုးသမီးများ၏အခွင့်အရေးပယ်ဖျက်ခံရမည်ကို မလိုလားကြပေ။ ကသောင်းကနင်း ကာလကျရောက်လာပြီဖြစ်၍ နိုင်ငံသားအချို့က ၎င်းတို့စုဆောင်းမိသမျှ ငွေကြေးများ ပြန်ထုတ်ဖို့ အေတီအမ်စက် များရှေ့တွင် တန်းစီနေကြသည်။
အလွန်အမင်းဆင်းရဲသည့် ကျေးလက်ဒေသများမှ အာဖဂန်ပြည်သူအချို့သည် မြို့တော်တွင်း ခေတ္တခိုလှုံလျှင် ပိုမိုလုံခြုံစိတ်ချရသည်ဟု ယူဆပြီး ကဘူးလ်မြို့ပန်းခြံများနှင့် အခြားမြေကွက်လပ်များတွင် စုဝေးရောက်ရှိ နေကြသည်။
ပုံ- အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်နိုင်ငံများကို ပြန်ခေါ်ရေး လုံခြုံရေးပေးမည့် အမေရိကန်စစ်သားများ (AP)
တာလီဘန်များက ငြိမ်းချမ်းသည့်အသွင်ကူးပြောင်းရေးကာလဟု ကတိပေးခဲ့သော်လည်း အမေရိကန်သံရုံး ကတော့ သံတမန်လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းထားလိုက်ပြီး အမေရိကန်လူမျိုးများအနေဖြင့် ဩဂုတ် ၁၅ ရက်နှောင်းပိုင်းတွင် လုံခြုံစိတ်ချရသည့်နေရာတွင်သာ နေထိုင်ရန်နှင့် လေဆိပ်ဘက်သို့ သွားဖို့ မကြိုးစားကြရန် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။
ကဘူးလ်မြို့တော်လေဆိပ်တွင် သေနတ်သံများ ကျယ်လောင်စွာဆက်တိုက်ကြားနေရပြီးနောက် ခရီးသည်တင် လေယာဉ်အတက်အဆင်းများ မရှိတော့ဘဲ လက်ရှိဖြစ်ပွားနေသောအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးရန် ရှိနေကြောင်း အမည်မဖော်လိုသူ အမေရိကန်စစ်ဘက်ထိပ်တန်းအရာရှိနှစ်ဦးက ထုတ်ဖော်ပြောကြားသည်။ စစ်လေယာဉ်များ ဆက်လက်ထွက်ခွာခွင့်ရနေခဲ့သော်လည်း အာဖဂန်နစ္စတန်နိုင်ငံထဲမှ အာဖဂန်နိုင်ငံသား များအတွက် နောက်ဆုံးထွက်ပေါက်ဖြစ်သော ခရီးသည်တင်လေယာဉ်အတက်အဆင်းများမှာမူ လုံးဝ ရပ်ဆိုင်းသွားခဲ့သည်။
ပုံ- အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်နိုင်ငံများကို ပြန်ခေါ်ရေး လုံခြုံရေးပေးမည့် အမေရိကန်စစ်သားများ (AP)
ကဘူးလ်နိုင်ငံတကာလေဆိပ်သို့ သံတမန်ခေါ်လာနိုင်ရန် သံရုံးခြံဝင်းအတွင်း အမေရိကန်ရဟတ်ယာဉ်များ အတက်အဆင်းလုပ်နေပုံကို လူအများက မယုံတဝက်၊ ယုံတဝက်ဖြင့် ကြည့်နေကြသော်လည်း ယခုဖြစ်စဉ်အပေါ် ဟိုးယခင် ဗီယက်နမ်နိုင်ငံမှ အမေရိကန်တပ်များ အရှက်တကွဲထွက်လာကြပုံနှင့် နှိုင်းယှဉ်ထင်ကြေးပေးမှုများကို အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကင်က အတိအလင်းငြင်းပယ်ခဲ့သည်။
အာဖဂန်နစ္စတန် သမ္မတဂါနီကတော့ ၎င်းသည် မည်သို့ထွက်ခွာသွားသည်ကို အတိအကျပြောကြားခဲ့ခြင်းမရှိဘဲ ကဘူးလ်မြို့တော် သွေးထွက်သံယိုဖြစ်ခြင်းမှ ကာကွယ်ရန် တိုင်းပြည်ကိုစွန့်ခွာဖို့ ၎င်းရွေးချယ်ခဲ့ကြောင်း ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့ကြောင်း အေပီသတင်းအရ သိရသည်။
ဩဂုတ် ၁၅ ရက် ညဉ့်နက်လာသည်နှင့်အမျှ တာလီဘန်များက ကဘူးလ်မြို့တလျှောက် တပ်ဖြန့်ထားပြီး ရဲကင်းများကို သိမ်းပိုက်လျက် အသွင်ကူးပြောင်းကာလတွင် တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းသွားမည်ဟု ကတိပြုကြွေးကြော်နေဆဲဖြစ်သည်။
Source: AP
#ဂါနီ #အာဖဂန် #အမေရိကန် #တာလီဘန် #Taliban #Kabul #ကဘူးလ် #ကာဘူးလ် #US #Embassy #helicopters #Biden #ဂျိုးဘိုင်ဒန် #Afghanistan #Afghan #CNImyanmar #cninews