CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၁
ကိုရိုနာဗိုင်းရပ်စ် အသွင်ပြောင်း Delta ဖြစ်ပွားနေချိန် တိုကျိုအိုလံပစ်ကို ကျင်းပခဲ့ခြင်းကြောင့် ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိဒဲဆုဂ ၏ နိုင်ငံရေးအလားအလာမှာ ပို၍ မရေမရာဖြစ်နေကြောင်း Nikkei Asia က ရေးသားဖော်ပြသည်။
သမိုင်းသာ လမ်းပြဖြစ်လျှင် ဆုဂသည် ယခင်ဝန်ကြီးချုပ်သုံးဦး ကျဆုံးခဲ့ကြဖူးသည့် သာဓကလိုပင် အိုလံပစ်ပြိုင်ပွဲကြီး မနိုင် မနင်း ကိုင်တွယ်ရင်း ဒုက္ခရောက် သွားစရာရှိနေသည်။
ပြည်သူတို့ လုံခြုံစိတ်ချရေးမှာ သူ့အတွက် ထိပ်ဆုံးက ဦးစားပေးကိစ္စဟု သတ်မှတ်ခဲ့ခြင်းကြောင့် အိုလံပစ်ပွဲအများစုတွင် ပရိသတ် အားပေးကြည့်ရှုခွင့် ပိတ်ပင်ခဲ့သည်။ သို့သော် လည်း ကူးစက်မှု ပိုများလာခြင်းကြောင့် ဂျပန်အစိုးရက ဇူလိုင် ၃၀ ရက်က အရေးပေါ်အခြေအနေကို ခရိုင် ၆ ခုသို့ တိုးချဲ့ကြေညာခဲ့ရသည်။
အခြေအနေမကောင်းသည့် နိုင်ငံရေးပတ်ဝန်းကျင်ကို ဖြတ်သန်းရင်းနှင့်ပင် ဆုဂသည် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီ(LDP) ခေါင်းဆောင်အဖြစ် လာမည့် စက်တင်ဘာနှောင်းပိုင်း ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း ရင်ဆိုင်ရဦးမည် ဖြစ် သည်။ ဆောင်းမဝင်မီ ကျင်းပရမည့် အထွေထွေရွေးကောက်ပွဲတွင် ဆုဂ၏ LDP ပါတီသည် အတိုက်အခံများ ၏ ထိုးနှက်မှုကို လည်း ခုခံကာကွယ်ရန် လိုသည်။
ဂျပန်နိုင်ငံသည် ယခင်က အိုလံပစ်ပွဲတော်ကို သုံးကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေးဖူးသည်။ ဂျပန်နိုင်ငံရေးလောက၏ အကဲအဖြတ်သမားအုပ်စုထဲတွင် နာမည်ကြီးသည့် နာဂါတာချိုဆိုသော ဝန်ကြီးချုပ်တစ်ဦးမှာလည်း အဆိုပါ အိုလံပစ်ပွဲတော် ကျင်းပပေးသည့် နှစ်များအတွင်း ရာထူးမှ နုတ်ထွက်ခဲ့သည်ကို တွေ့ခဲ့ရဖူးသည်။
ပုံ-ဝန်ကြီးချုပ် Hayato Ikeda သည်တိုကျိုတွင်ကျင်းပခဲ့သောဂျပန်အိုလံပစ်ပွဲတော်ပိတ်ပွဲအပြီးနောက်တစ်နေ့ ၁၉၆၄ ခုနှစ်အောက်တိုဘာလတွင်သူ၏ကျန်းမာရေးကိုအာရုံစိုက်ရန်နုတ်ထွက်ခဲ့သည်။ (ဓာတ်ပုံများ Kyodo နှင့် Nikkei)
တစ်ခါ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလတုန်းကလည်း တိုကျိုတွင် ကျင်းပသည့် ဂျပန်ပထမဆုံး အိုလံပစ်ပိတ်ပွဲ အခမ်းအနား အပြီး ဝန်ကြီးချုပ် ဟာယာတိုအီကီဒါက ကျန်းမာရေး အခြေအနေ အကြောင်းပြ၍ ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ သည်။
အီကီဒါသည် အိုလစ်ပစ်ပြိုင်ပွဲ အထမြောက်စေရေး စီးပွားရေး အလျင်အမြန် တက်လာစေရန် အခြေခံ အဆောက်အဦ စီမံကိန်းများကို အားပေးပံ့ပိုးခဲ့သည်။ သို့သော် ပွဲတော်မစတင်မီ တစ်လအလို၌ အီကီဒါသည် ကင်ဆာရောဂါကြောင့် ဆေးရုံ တက်ရလေသည်။ သူသည် ဖွင့်ပွဲတက်ရန် ဆေးရုံကုတင်မှ ခဏထလာနိုင်ခဲ့သော်လည်း ပြိုင်ပွဲများ အလုံးစုံ ကျင်းပပြီးချိန် တွင်တော့ ရာထူးမှ နုတ်ထွက်သွားခဲ့ရသည်။
၁၉၇၂ ခုနှစ်အရောက်မှာ ဆက်ပိုရိုမြို့တွင် ဆောင်းရာသီ အိုလံပစ်ပွဲတော်က ဂျပန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ ပြန် သည်။ ယင်းနောက် ၅ လနီးပါးအကြာ နောက်တစ်နှစ် ဇူလိုင်တွင် အီကီဒါကို ဆက်ခံသော ဝန်ကြီးချုပ် အီစကူဆတိုသည် ၈ နှစ် နီးပါးကြာ အမြင့်ဆုံးရာထူး ထမ်းဆောင်ခဲ့ခြင်း အဆုံးသတ်သွားခဲ့သည်။ တချို့နိုင်ငံရေး အကဲခတ်သမားများ ပြောသလို အီစကူဆတို၏ ရှည်လျားလှသော ရာထူးသက်တမ်းကို လူထုက ငြီးငွေ့သွားပုံ ရပါသည်။ မေလတွင် ဝန်ကြီးချုပ်ဖြစ်သူ အီစကူဆတိုသည် အိုကီနာကျွန်းမှ ပြန်ရောက်ပြီးနောက် ရာထူးမှမဆင်းမီ Diet Sessing ဟုခေါ်သည့် ဆွေးနွေးမှု အပြီးသတ် ရန် နောက်လအထိ နေခဲ့သည်။
နာဂါနို ဆောင်းရာသီ အိုလံပစ်ပွဲကိုတော့ ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဝန်ကြီးချုပ် ရူတာရိုဟာရှီမိုတို လက်ထက်မှာ ကျင်းပခဲ့သည်။ ဟာရှီမိုတိုသည် ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရာထူးလက်ခံခဲ့ပြီး ၃ နှစ်ဆက်တိုက် တာဝန်ထမ်းဆောင် ခဲ့သည်။ ယင်း တတိယမြောက်နှစ်သည် သူ့အတွက် နောက်ဆုံးဖြစ်ခဲ့သည်။ ထိုနှစ် ဇူလိုင်တွင် ကျင်းပသည့် အထက် လွှတ်တော်ရွေးကောက်ပွဲတွင် သူ့ပါတီက ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ရ၍ ရာထူးမှ ဆင်းပေးခဲ့ရသည်။
ပုံ-ဝန်ကြီးချုပ် Eisaku Sato သည် Sapporo ၌ဆောင်းရာသီအိုလံပစ်ပွဲအပြီးငါးလနီးပါးအကြာ ၁၉၇၂ ခုနှစ်ဇူလိုင်လတွင်သူ၏ရှစ်နှစ်တာပြေးပွဲကိုအဆုံးသတ်ခဲ့သည်။ (ဓာတ်ပုံများ Kyodo နှင့် Nikkei)
ပွဲတော်ကျင်းပပေးနေစဉ် အားကစားသမားများ တည်းခိုနေထိုင်ရေး ဆောက်လုပ်ပေးရခြင်းနှင့် သယ်ယူပို့ဆောင်ရေး စီစဉ် ပေးရခြင်းတို့ကြောင့် အခြေခံ အဆောက်အဦများ ထိခိုက်၍ စီးပွားရေး ကျဆင်းစေခဲ့သည်။ ယင်းသို့ ‘အိုလံပစ်အပြီး ချောက်ထဲ လိမ့်ကျခြင်း’ သဘောတရားမှာ နွေရာသီ အားကစားပွဲတော်များအပြီးတွင် ပိုမိုပီပြင် ထင်ရှားလာခဲ့သည်။ ၁၉၆၄ ခုနှစ် တိုကျို အိုလံပစ်ပွဲအပြီး ဂျပန်တွင် ၁၉၆၅ ခုနှစ် စီးပွားကျဆင်းမှု ဖြစ်ပေါ်ခဲ့သည်။
ယခုအကြိမ် ကျင်းပသည့် အိုလံပစ်ကို မူလက ယမန်နှစ် ၂၀၂၀ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လက်ထက် ကျင်းပရန် စီစဉ်ထားပြီး ဖြစ်သည်။ အာဘေးသည် အိုလံပစ်ပွဲများ အောင်မြင်စွာ ကြီးကြပ်ပြီးလျှင် အာဘေး တစ်ယောက် သူ့ရှေ့က ဝန်ကြီးချုပ် ဆတိုလိုပင် ရာထူးမှ နုတ်ထွက်လိမ့်မည်ဟု တချို့က တွက်ဆထားကြသည်။ တကယ်တမ်းတွင် အားကစားပွဲ ကျင်းပရေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါက တစ်ကြောင်း၊ အာဘေးလည်း နာမကျန်းဖြစ်သည်က တစ်ကြောင်းတို့ကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။
သို့သော် ယခင် အိုလံပစ်ပွဲတော် အလွန်ကာလ ဂျပန်ဝန်ကြီးချုပ်များ ရာထူးမှ နုတ်ထွက်သည့်ဖြစ်စဉ် (၃)ကြိမ်စလုံးသည် တူညီသော အကြောင်းပြချက် မပါဝင်ပေ။ အမျိုးသားကျန်းမာရေး လေ့လာမှုတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ မီကီတီ ကာမာစုယာမက “အီကီဒါက သူ့ကျန်းမာရေးအတွက် မဟုတ်ရင် တာဝန်ဆက်ထမ်းဆောင်မှာပါ။ ဆတိုက တော့ ပါတီအတွင်း သဘောထား ကွဲလွဲမှုကြောင့် ထွက်ခဲ့တာဖြစ်ပြီး ဟာမာရှီမိုတိုက ပါတီကနေ စားသုံးမှု အခွန်တိုးမြှင့်တဲ့ကိစ္စကို ဘာမှမတုံ့ပြန် ပေးနိုင်လို့ ထွက်ခဲ့တာဖြစ်ပါတယ်။ အိုလံပစ်ပွဲကလွဲလို့ တခြားအချက်တွေကြောင့် သူတို့ထွက်ရတယ်ဆိုတာ ပိုသိသာပါတယ်” ဟု ကောက်ချက်ချသည်။
၂၀၂၁ ခုနှစ် တိုကျိုအိုလံပစ်အပြီးမှာတော့ ဂျပန်နိုင်ငံရေးအခြေအနေ ဘယ်လိုရှိနိုင်ပါသလဲ။ ဆုဂသည် ရာထူးလက်ခံသည်မှာ တစ်နှစ်ပင် မရှိသေး။ ပရိသတ်နတ္ထိဖြစ်နေသော ပြိုင်ပွဲများမှာ သူ့ကို မျက်နှာသာပေးမည့် ထွက်ပေါက်တော့မဟုတ်။
Nikkei Asia ၏ ပြီးခဲ့သည့် ဇူလိုင်လ စစ်တမ်းတွင် ကက်ဘိနက်၏ အတည်ပြုချက်ကို လူထုနှစ်သက်မှု ၃၄ ရာခိုင်နှုန်းအထိ ထိုးကျသွားသည်။ အဆိုးဆုံး ထိုးကျမှုဖြစ်သည်။ ဝန်ကြီး ချုပ်သည် LDP ပါတီထဲတွင် အားကောင်းသည့် ပြိုင်ဘက်မရှိ၍ ဆုဂ ကို နှိပ်ကွပ်မည့် အလားအလာလည်း မတွေ့ရသေးပေ။
ပုံ-နာဂါနိုဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကျင်းပပြီးငါးလခန့်အကြာ ၁၉၉၈ ခုနှစ်ဇူလိုင်လတွင်အထက်လွှတ်တော်ရွေးကောက်ပွဲရှုံးပြီးနောက် ၀ န်ကြီးချုပ် Ryutaro Hashimoto သည်ရာထူးမှဆင်းပေးခဲ့ရသည်။ (ဓာတ်ပုံများ Nikkei)
“အိုလံပစ်ပွဲတော် အဆင်ပြေပြီး လူထုသဘောထား ပြောင်းလဲလာရင်တော့ ဆုဂအတွက် အလားအလာ ပိုကောင်းလိမ့်မယ်” ဟု မာစုယာမက သုံးသပ်သည်။
တစ်ချိန်တည်းမှာပင် အိုလံပစ်သည် ဝေဖန်ထိုးနှက်ခံရနေပြီး ကူးစက်ရောဂါပြန့်လာခြင်းနှင့် ကာကွယ်ဆေး ပြဿနာတို့ကို လည်း ရင်ဆိုင်နေရသည်။ ဇူလိုင် ၃၀ ရက်စာရင်းအရ ဂျပန်တွင် ရောဂါဖြစ်ပွားသူအသစ် နေ့စဉ် တစ်သောင်းကျော်ရှိနေသည်။
အောက်လွှတ်တော် ရွေးကောက်ပွဲနှင့် LDP ပါတီခေါင်းဆောင် သက်တမ်း ကုန်ဆုံးချိန် နှစ်ခုစလုံးသည် ယခုဆောင်းရာသီတွင် ကျရောက်လာတော့မည်ဖြစ်ပြီး လာမည့်နွေလများတွင် အထက်လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပတော့မည်ဖြစ်သည်။ လာမည့်နှစ် ဂျပန်နိုင်ငံရေး အနာဂတ်ကို ဟောကိန်းထုတ်သည့် ပရောဟိတ်များလည်း အများကြီးထွက်ပေါ်လာမည်ဖြစ်သည်။
ဂျပန်နိုင်ငံရေးကို အတွင်းကျကျ လေ့လာကြည့်လျှင် တိုကျို၏ မူဝါဒနှင့်နိုင်ငံခြားဆက်ဆံရေး အသေးစိတ် လုပ်ဆောင်ချက် များကို အလေးပေးသော မျက်နှာစာတစ်ခုကို တွေ့ရမည်ဖြစ်ပါကြောင်း။
Source: Nikkei Asia
#ဂျပန်ဝန်ကြီးချုပ် # ယိုရှိဟိဒဲဆုဂ #ဂျပန်နိုင်ငံရေး #အိုလံပစ်ပွဲတော် #ဆောင်းပါး #CNImyanmar #cninews