CNI Article News
၂၀၂၂ ခုနှစ်၊ မတ်လ ၇
ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပွဲ မပြီးမချင်း ရုရှားကျူးကျော်ြခင်း စတင်ဖို့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ အစောပိုင်းကပင် တရုတ်တောင်းဆိုခဲ့ကြောင်း အနောက်အုပ်စု ထောက်လှမ်းရေးသတင်းများ ထွက်ပေါ်နေသည်။
ဗလာဒီမာပူတင်နှင့် ရှီကျင့်ဖျင်တို့ အိုလံပစ်ဖွင့်ပွဲမတိုင်မီ တွေ့ဆုံခဲ့စဉ်က မည်သည့်ကိစ္စများ နှီးနှောခဲ့ပါသလဲဆိုတာ ကျနော်တို့ ဘယ်သောအခါမှ သိခွင့်ရမည်မဟုတ်။ သို့သော် တချို့အကြောင်းအရာများ ဖြစ်ပျက်ခဲ့သော အချိန်ကာလနှင့် တရုတ်၏ လုပ်ဆောင်ချက်များကို ချိန်ထိုးကြည့်ပြီး ကောက်ချက်ချနိုင်စရာများ ရှိနေသည်။
ဖေဖော်ဝါရီ ၄ ရက်တွင် ပူတင်နှင့်ရှီတို့သည် ရုရှား-တရုတ် ချစ်ကြည်နှီးမှု အကန့်အသတ် မရှိကြောင်း၊ ပြောင်းလဲနေသော နိုင်ငံတကာ ပတ်ဝန်းကျင်နှင့် တတိယနိုင်ငံများ၏ အခြေအနေကြောင့် ထိုချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေမည် မဟုတ် ကြောင်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြသည်။
ထိုကြေညာချက်၏ နောက်ဆက်တွဲ ဖြစ်ရပ်များတွင် ထူးဆန်းသော မြှုပ်ကွက်တစ်ခုရှိနေသည်။
ပူတင်နဲ့ရှီကျင့်ဖျင်ကိုတွေ့ရစဉ်(Reuters)
ဖေဖော်ဝါရီ ၂၂ ရက် အိုလံပစ်ပွဲတော်ပိတ်သိမ်းပြီး နှစ်ရက်ပဲ ကြာလိုက်သည်။ ယူကရိန်းနိုင်ငံ၊ ဒွန်ဘတ်စ်ဒေသရှိ ခွဲထွက်ဒေသ များဖြစ်ကြသည့် ဒွန်နက်ဆက်နှင့် လူဟန်စ်ဘတ်တို့၏ လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ပူတင် ပြောကြားလိုက်ပြီး ငြိမ်းချမ်းထိန်းသိမ်းဖို့ အကြောင်းပြချက်ဖြင့် ရုရှားတပ်များကို စေလွှတ်ခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းနယ်မြေထဲသို့ ပြောင်ပြောင်တင်းတင်း ကျူးကျော်ခဲ့လေ၏။ ထို့ကြောင့် အိုလံပစ် ပွဲပြီးချိန်အထိ တရုတ်နှင့်ရုရှား လက်ဝါးရိုက်ထားကြောင်းမှာ ပေါ်လွင်လို့နေသည်။
သို့သော် ဖေဖော်ဝါရီ ၁၉ ရက်တုန်းကတော့ မြူးနစ်မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နိုင်ငံအားလုံး၏ အချုပ် အခြာ အာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေပိုင်ဆိုင်မှုများကို နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းအဖြစ် လေးစားစွာ ကာကွယ်သင့်ကြောင်း ပြောကြားခဲ့ပြီး ထိုစံနှုန်းသည် စည်းလုံးညီညွတ်သည့် မူဝါဒတစ်ရပ်ဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။
တရုတ်က ထိုသဘောထားမှတ်ချက်တွင် ယူကရိန်းလည်း အကျုံးဝင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ထိုသို့ စကားလုံး အသုံးအနှုန်းကို ပြန်လည် ကောက်ယူကြည့်လျှင် တရုတ် လှည့်စားခဲ့လေသလားလို့ ဒွိဟပွားစရာ ဖြစ်လာသည်။
သံတမန်ကောင်းတို့မည်သည် မုသားစကား သုံးလေ့ မရှိစကောင်း။ ဝမ်ယိသည် အတွေ့အကြုံရင့်ကျက်၍ သံခင်းတမန်ခင်း ကျွမ်းကျင်လိမ္မာသူ တစ်ဦးဖြစ်သည်။ သို့သော် ယူကရိန်းကို ရုရှားကျူးကျော်မှုတွင်တော့ ဝမ်ယိနှင့် အခြား တရုတ်သံတမန် များ ရေငုံနှုတ်ပိတ်၍ ခပ်မဆိတ်နေခဲ့ ကြသည်။
တရုတ်သည် သူ့ပြည်တွင်းရေးနှင့် ပတ်သက်လာလျှင်တော့ တိဘက်၊ ရှင်ကျန်း၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့တွင် ခွဲထွက်ရေး သမားများအပေါ် ပြင်ပမှ ကူညီပံ့ပိုးမှုများကို မျက်စိဒေါက်ထောက် ကြည့်လေ့ရှိသည်။ တရုတ်သံတမန်များသည် ၎င်းတို့ အချုပ်အခြာနှင့် နယ်မြေပိုင်ဆိုင်ရေး အခြေခံမူများ ကာကွယ်ရန်ဟု ပြောကြားခဲ့လင့်ကစား ယူရိန်းအရေးတွင်တော့ သူတို့၏ သံခင်းတမန်ခင်းမှာ ရှေ့နောက်မညီတော့ပေ။
ယူကရိန်းနဲ့ရုရှားစစ်ပွဲက ပျက်စီးနေသော တင့်ကား(AFP)
သံသယ ဖြစ်စရာတစ်ခုက ပူတင်အနေဖြင့် ရှီကို မုသားစကား ပြောခဲ့လေသလား။ သံခင်းတမန်ခင်းတွင် လှည့်စားခြင်းသည် ထိပ်သီးအဆင့် သံခင်းတမန်ခင်းဖြစ်နေလျှင် ပို၍ပင် ပြင်းထန်သည်။ ခေါင်းဆောင်အချင်းချင်း ယုံကြည်မှု ပျက်ပြားသွားလျှင် ပြန်လည်တည်ဆောက်ဖို့က ခက်သည်။
သို့သော် အတိအကျ ပြောရမည်ဆိုလျှင် ခေါင်းဆောင်များသည် သူတို့ကိုယ်သူတို့ လှုပ်သာလှည့်သာအောင် လမ်းခင်း ပေးနိုင် မည့် စကားမျိုးကို မကြာခဏ ရွေးချယ်လေ့ ရှိကြသည်။ ခေါင်းဆောင်များသည် ၎င်းတို့ သံတမန်များကဲ့သို့ မကြာမကြာ လိမ်ညာ ပြောဆိုလေ့မရှိကြသလို ပကတိဖြစ်တည်မှုမှ ခွဲထွက်၍ ပြောဆိုဖို့လည်း တာဝန်မရှိကြပေ။
ရုရှားဘက်မှ ပြောသည့် အထူးစစ်ဆင်ရေးသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ဒွန်ဘတ်စ်ဒေသတွင် အကန့်အသတ်ဖြင့် ပြုလုပ်မည့် မီးခိုးရောင်ဇုန် စစ်ဆင်ရေးဖြစ်မည်ဟု ရှီကို ယုံကြည်စေခဲ့သည်။ သို့တည်းမဟုတ်လျှင် ၂၀၀၈ ဂျော်ဂျီယာကိစ္စနှင့် ၂၀၁၄ ခရိုင်းမီးယား သိမ်းပိုက်ရေးတို့အကြောင်း ရုရှားက ရှီကို ဖျောင်းဖျခဲ့ပေလိမ့်မည်။
ထိုကိစ္စရပ် နှစ်ခုစလုံးအတွက် နိုင်ငံတကာတုံ့ပြန်မှုမှာ အနည်းငယ်ရှိခဲ့သည်။ ပူတင်ကိုယ်တိုင်ကလည်း သူ့လုပ်ရပ်များအတွက် ကြီးလေးသည့် အကျိုးဆက်မရှိဘဲ မြန်မြန်ဆန်ဆန် အောင်ပွဲခံနိုင်သည်ဟု ယုံကြည်ပုံ ရသည်။
တရုတ်သည် အစောပိုင်းက ယူကရိန်းရောက် ၎င်းနိုင်ငံသားများကို ကယ်ထုတ်ဖို့ မကြိုးစားခဲ့ပေ။ ပြည်ပရောက် တရုတ်နိုင်ငံ သားများ၏ လုံခြုံရေးသည်း ဘေဂျင်းအတွက် ထိလွယ်ရှလွယ် ပြည်တွင်းပြဿနာ ဖြစ်လာနိုင်သည်။
ရုရှား ဝင်တိုက်သည့်နေ့တွင် ကိယက်ဗ်မြို့ရှိ တရုတ်သံရုံးက ၎င်းနိုင်ငံသားများ အိမ်ထဲနေကြရန်နှင့် တရုတ်အလံ ထောင်ထား ကြရန် အကြံပြု လမ်းညွှန်ခဲ့သည်။ ထိုသဘောက တရုတ်နှင့်ရုရှား နီးကပ်သော ဆက်ဆံရေးကြောင့် တရုတ်လူမျိုး ဘေးကင်း စေမည်ဟု ယူဆ၍ ဖြစ်သည်။
ရုရှားတိုက်ခိုက်နေမှု အခြေပြဇယား(BBC)
သို့သော် နောက်တစ်နေ့တွင် သံရုံးက တရုတ်များကို ၎င်းတို့နိုင်ငံသားအဖြစ် မပြသဖို့ ထပ်မံလမ်းညွှန်ခဲ့ပြန်သည်။
ရုရှား၏ ကျူးကျော်မှု အတိုင်းအတာသည် လုံးဝပေါ်လွင်လာခဲ့ပြီး နိုင်ငံတကာ ရှုတ်ချမှု ပိုမိုထူထပ်လာသည်နှင့်အမျှ မျှော်လင့် ထားသလောက် မလွယ်ကူသည့် စစ်ပွဲဟု မြင်လာ၍ တရုတ်က လေသံပြောင်းလာခဲ့သည်။
ကျူးကျော်မှု ဒုတိယနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၂၅ ရက်တွင် စေ့စပ်ညှိနှိုင်းမှုဖြင့် ယူကရိန်းနှင့် ပြဿနာများ ဖြေရှင်းရန် ပူတင် ကို ရှီက တိုက်တွန်းခဲ့သည်။
မတ်လ ၁ ရက်တွင် ဝမ်ယိက ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနှင့် စကားပြောခဲ့ပြီး အရပ်သားများ သေကြေ ပျက်စီးရခြင်းအပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်းနှင့် စေ့စပ်ညှိနှိုင်းခြင်းဖြင့် အဖြေရှာသင့်ကြောင်း ထပ်မံတောင်းဆိုခဲ့သည်။
သို့သော် ထိုရက်ပိုင်းတွင် တရုတ်က ‘စစ်ပွဲ’ဟူသော ဝေါဟာရကို ပထမဆုံးအကြိမ် သုံးနှုန်းခဲ့သော်လည်း ရုရှားကို ကျူးကျော် သည် (သို့မဟုတ်) ဝေဖန်သည်ဟု မပြောသေးပေ။
ယူကရိန်းကို ကျူးကျော်ဖို့ မော်စကို ရည်ရွယ်ချက်အား ဘေဂျင်းက သိရှိထားသော်လည်း ရုရှား၏ထိုးစစ်၊ နိုင်ငံတကာ တုံ့ပြန် မှု အတိုင်းအတာနှင့် ရက်စက်ကြမ်းကြုတ်မှု ရေချိန်တို့ကို စောင့်ကြည့်နေခြင်း ဖြစ်နိုင်သည်။
စစ်အတွင်းက လသာအရွယ် ကလေးငယ်ကို ကယ်နေသည့် ယူကရိန်းစစ်သား(GETTY IMAGES)
ယခုအခါ တရုတ်သည် ၎င်းနစ်နာဆုံးရှုံးရေးကို ကြိုတွေး၍ ကာကွယ်စရာ လိုလာသည်။ တရုတ်၏ လက်ရှိရပ်တည်ချက်သည် ကောင်းမွန်သည်တော့ မဟုတ်။ အနောက်အုပ်စုက ယူကရိန်းအရေးတွင် နစ်မြှုပ်နေသဖြင့် တရုတ်က အီရတ်နှင့် အာဖဂန်စစ် ပွဲများတွင် သူရပ်တည်ခဲ့သည့်အတိုင်း လွတ်လွတ်ကင်းကင်းပဲ နေလိမ့်မည်ဟု အကြမ်းဖျင်းအားဖြင့် လေ့လာသုံးသပ်သူများက ယုံကြည်ထားကြသည်။
သို့သော် ယခုတစ်ကြိမ်တွင် ကျူးကျော်သူမှာ တရုတ်၏ပြိုင်ဘက် အမေရိကန်မဟုတ်ဘဲ ၎င်း၏မိတ်ဖက် ရုရှားဖြစ်နေသည်။ ပူတင်သည် အနောက်အုပ်စု အယူအဆကို ပြန်လည်အားဖြည့်ခဲ့ပြီး အမေရိကန်သမ္မတများ ပျက်ကွက်ခဲ့သည့်အရာများကို လုပ်ဆောင်ခဲ့သည်။ ဥရောပကာကွယ်ရေး အလေးအနက်ထားရန် တောင်းဆိုခဲ့သည်။
ဂျာမနီက ညတွင်းချင်း ၎င်း၏ကာကွယ်ရေး အသုံးစရိတ်ကို နှစ်ဆတိုးလိုက်သည်။ ထိုသို့ အနောက်နိုင်ငံများ၏ ပြတ်သားမှု သည် ထိုင်ဝမ်အရေးအတွက်လည်း သက်ရောက်မှုရှိသည်။
မော်စကိုအား ကျောခိုင်းခြင်း (သို့မဟုတ်) မော်စကို၏ရန်လိုမှုကို ဘေဂျင်း ဝေဖန်ခြင်း မရှိပါက တရုတ်သည် မိတ်ဖက် ဆက်ဆံရေး ထိခိုက်နိုင်သည်။ တရုတ်၏ အပြုအမူသည် နိုင်ငံအများစုကို စိုးရိမ်လာစေသည့်အပြင် အမေရိကန်နှင့် ဥရောပ ဆက်ဆံရေးကိုလည်း ရှုပ်ထွေးစေသည်။
ရုရှားသမ္မတကို ပူတင်ကိုတွေ့ရစဉ်(AP)
တရုတ်စီးပွားရေး တိုးတက်မှုနှုန်းသည် နှေးကွေးနေဆဲဖြစ်သည်။ ဥရောပအလယ်ပိုင်း စစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး သက်ရောက်မှုနှင့် မသေချာ မရေရာမှုများအပေါ် ဘေဂျင်း အကြီးအကျယ် စိတ်ဒုက္ခ ရောက်လိမ့်မည် ဖြစ်သည်။
ယခု ရုရှားအပေါ် ပိတ်ဆို့မှု အတိုင်းအတာသည် မကြုံစဖူး များပြားလွန်းလှသည်။ တသက်လုံးက ကြားနေအဖြစ် ရပ်တည်ခဲ့ သည့် ဆွစ်ဇာလန်သည်ပင် ပိတ်ဆို့မှုထဲ ပါဝင်လာသဖြင့် ရုရှားသည် မျက်နှာမူစရာ တရုတ်ပဲ ကျန်သည်။ ဘေဂျင်းသည် ကျူးကျော်မှုဆိုသည့် နာမည်ဆိုးအတွက် သူ့အကျိုးစီးပွားကို မစွန့်ပစ်လိုသော်လည်း ရုရှားကို အားပေးနေသေးသော တရုတ် ပြည်သူများအတွက် ရွေးချယ်စရာ အနည်းငယ်သာ ရှိတော့သည်။
ပူတင်သည် တွက်ချက်မှု မှားယွင်းခဲ့ပြီး ရုရှား လွယ်လင့်တကူ ရုန်းထွက်မရသော ဗျူဟာမြောက်လုပ်ရပ်၏ အဆုံးစွန်သို့ တရုတ်က မျက်လုံးစုံမှိတ်၍ မျှောလိုက်နေခဲ့သည်။ ဘေဂျင်းနှင့် မော်စကိုတို့ကို ပခုံးဖက်လာမည့် တခြားမိတ်ဖက်လည်း မယ်မယ်ရရ မရှိသဖြင့် ၎င်းတို့နှစ်ဦးတည်းသာ ကျောချင်ကပ် နေရမည်ဖြစ်သည်။
တရုတ်အပေါ် ရုရှား ပိုမိုမှီခိုလာရခြင်းအတွက် ဘေဂျင်းသည် တာဝန်ယူမှုတစ်ခုတော့ သက်သေပြရမည် ဖြစ်သတည်း။
Source: Nikkei Asia
(Nikkei Asia ဝက်ဘ်ဆိုက်တွင် မတ်လ ၅ ရက် ရက်စွဲဖြင့် ဖော်ပြထားသော မူရင်းဆောင်းပါးရှင် Bilahari Kausikan ၏ အတွေးအမြင်ဆောင်းပါးကို CNI က ဆီလျော်အောင် ပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)