CNI Article News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

အိန္ဒိယခေါင်းဆောင်ကြီး ဂျဝါဟလာနေရူးသည် အရင်းရှင်စနစ်ကို သူလိုသလို ပေါင်းစပ်ခဲ့သည့် ဆိုရှယ်လစ်ဝါဒီ တစ်ဦး ဖြစ်သည်ဟူသော အဆိုပြုချက်သည် စိတ်ဝင်စားစရာ၊ အချေအတင် ဆွေးနွေးစရာ ရှိနေသည်။

သို့သော် အရင်းရှင်များက သူ့ကို ကျေးဇူးမတင်ခဲ့သလို လက်ဝဲသမားတွေကလည်း သူ့လုပ်ဆောင်ချက်များအပေါ် မလုံ လောက်ဟု ယူဆကြသည်။ နေရူးသည် သူလက်ခံသော ဆိုရှယ်လစ်ဝါဒကို Licence-Permit Raj ဟူသောပုံစံဖြင့် ကျင့်သုံး ခဲ့သည်။

Licence-Permit Raj ဆိုသည်မှာ ဟိန္ဒိူစကားလုံး ‘Raj’ (စည်းမျဉ်းစည်းကမ်း) ကို အင်္ဂလိပ်ဝေါဟာရဖြင့် ရောနှောသုံးစွဲထား ခြင်းဖြစ်ပြီး ကြိုးစနစ်တစ်မျိုးကို ခေါ်ဝေါ်ခြင်းသည်။ ထိုပုံစံစနစ် နည်းနာသည် ၁၉၄၇ ခုနှစ်နှင့် ၁၉၉၀ ပြည့်နှစ်ကြားတွင် အိန္ဒိယစီးပွားရေးလုပ်ငန်းများ ထူထောင်ခြင်းနှင့် လှုပ်ရှားလည်ပတ်ခြင်းကို အဟန့်အတား ဖြစ်စေခဲ့သော စနစ်ဟု သတ်မှတ် ကြသည်။

နေရူး၏ ဆိုရှယ်လစ်ဝါဒသည် ဆင့်ကဲဖြစ်စဉ် အကောက်အယူဖြစ်ပြီး တော်လှန်ခြင်းမဟုတ်သလို လူတန်းစားအပေါ်လည်း အခြေမခံဘဲ အားလုံးပါဝင်နိုင်သည်။ ဒီမိုကရေစီနည်းကျဖြစ်ပြီး အမျိုးဘာသာကွဲပြားမှု၊ မျှတမှုမရှိသော သက်သာချောင်ချိရေး နှင့် ခိုင်လုံသော လုပ်ဆောင်ချက်ကို ကတိကဝတ်ပြုသည်။ ပြိုင်ဆိုင်မှုများ ပါဝင်ရန် ပူးပေါင်းဆောင်ရွက်ခြင်း၊ မင်းမဲ့စရိုက် ဆန်ဆန် တစ်သီးပုဂ္ဂလဝါဒကို ကျော်လွှားရန် ဆင်ခြင်တုံတရားဖြင့် စီမံခြင်းတို့ကို နေရူး၏ ဆိုရှယ်လစ် လက်တွေ့ ကျင့်သုံး ခြင်းတွင် တွေ့ရသည်။

ခေတ်မီသော ပြည်သူ့ကဏ္ဍကို အစိုးရ ဦးဆောင်ရန် လိုအပ်ကြောင်း၊ ဒေသန္တရ ဒီမိုကရေစီနှင့် ဒေသန္တရ အသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုတို့ကို တန်ဖိုးထားကာ ရေမြေဒေသလှုပ်ရှား အကောင်အထည်ဖော်မှုများကို နည်းလမ်းပေါင်းစုံဖြင့် နေရူးက လှုံ့ဆော်ခဲ့သည်။

နေရူးကိုတွေ့ရစဉ်

ထူးခြားသည်က အိန္ဒိယစစ်တပ်၏ ရပ်တည်ချက်ဖြစ်သည်။ ၎င်းစစ်တပ်ကို လက်နက်ကိုင်အစုအဖွဲ့အနေဖြင့် မဟုတ်ဘဲ လှုပ်ရှားမှု ယန္တရားတစ်ခုအဖြစ် တကမ္ဘာလုံးက ရှုမြင်ကြသည်။ ကဏ္ဍအသီးသီးကို အောင်မည်ဆိုလျှင် ဗျူရိုကရေစီ ကျင့်သုံး ခြင်းထက် ဒီမိုကရေစီ အသိအမှတ်ပြုမှုက ရှေ့ပိုရောက်လာသည်။

နောက်ဆုံး ပန်းတိုင်တစ်ခုကို အရောက်လှမ်းဖို့ဆိုတာထက် ဦးတည်ချက်တစ်ခု အခိုင်အမာချမှတ်၍ အရှိန်ပြင်းပြင်းဖြင့် တန်ဖိုးတစ်ခု၊ စနစ်တစ်ခုကို ဖော်ဆောင်ပေးနိုင်ဖို့က အရေးကြီးသည်ဟု နေရူးက တွက်ဆခဲ့သည်။

နေရူးသည် မာ့က်စ်ဝါဒကို သမိုင်းဆိုင်ရာ ရှင်းလင်းချက် တစ်ခုအဖြစ် စွဲမက်ခဲ့သော်လည်း ထိုဝါဒသည် တိုးတက်မှုဖြစ်ပေါ်စေဖို့ အစီအစဉ်များနှင့် မသက်ဆိုင်ကြောင်း တွေ့ရှိခဲ့သည်။ မာ့က်စ်ဝါဒသည် လူတန်းစားတိုက်ပွဲအကြောင်း မှတ်တမ်းများဖြင့် ကမ္ဘာ့သမိုင်းကို တစောင့်တစောင်း ဖော်ညွှန်းနေလျှင်ပင် နေရူး၏ သမိုင်းအနက်ဖွင့်ဆိုချက်မှာ တကယ် အထောက်အကူ ပြုခဲ့ သလားဆိုသည်မှာ သံသယဖြစ်စရာရှိသည်။

နေရူး နားလည်သည့် လူတန်းစား အနက်ဖွင့်ဆိုချက်မှာ လူမှုရေးဆိုင်ရာ အထက်တန်းအဆင့် အကောက်အယူနှင့် ပို၍ဆင်တူ သည်။ သို့သော် မာ့က်စ်ဝါဒီ အများအပြား၏ ကြီးကျယ်ခမ်းနားသော ဝါဒစွဲလန်းမှု သဘောတရားကို လက်တွေ့အားဖြင့် နေရူး က အသုံးမချခဲ့ပေ။

 

နယ်ချဲ့ဆန့်ကျင်ရေးနှင့်ညီညွတ်ရေး
*************************


ဆိုရှယ်ဒီမိုကရက်တစ် (သို့မဟုတ်) ဆိုရှယ်လစ်တစ်ဦးအနေဖြင့် နေရူးသည် လစ်ဘရယ်လက်ကိုင်ထား၍ ကွန်မြူနစ်နှင့် ဆိုဗီယက်ပုံစံတို့ကို ဆန့်ကျင်ခဲ့သည်။ ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း လစ်ဘရယ်ဥရောပ၏ ဆင်းရဲဒုက္ခများထဲမှ ဖက်ဆစ်ဝါဒ ပေါက်ဖွား၍ တိုက်ကြီးတစ်ခုလုံး ဖုံးလွှမ်းသွားချိန်၌ ကွန်မြူနစ်ဝါဒသည် ထိုစဉ်က တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပုံရ သည်။

ထို့ကြောင့် ဆိုဗီယက်ပြည်ထောင်စုသည် ယဉ်ကျေးမှုသစ်တစ်ခု၏ အရုဏ်ဦးအဖြစ် ၁၉၃၆ ခုနှစ်တွင် လက်ကနောင်း ညီလာခံ (ကွန်ဂရက်)၌ နေရူးက ကြေညာခဲ့သည်။ ယင်းနောက် သူသည် အိန္ဒိယအနာဂတ်ကို ပုံဖော်ဖို့ နည်းနာနိဿယများကို ရှင်း လင်းစွာ ရေးဆွဲခဲ့လေသည်။

ခေတ်ပြိုင် ဆိုဗီယက်တို့က စက်မှုလုပ်ငန်းကို အတိုချုံး ဖြတ်တောက်ခြင်းဖြင့် သူ့ကို ဆွဲဆောင်ခဲ့သော်လည်း ထိုနည်းလမ်း များသည် ထိတ်လန့်စရာကောင်းပြီး လူသားအရင်းအမြစ် ကုန်ကျစရိတ်မှာလည်း ဆိုးဆိုးရွားရွား ကြီးမားလှသည်။ ထို့အတွက် အိန္ဒိယတွင် ဆိုဗီယက်လမ်းကြောင်းအတိုင်း လိုက်လုပ်ဖို့ နေရူးက လက်သင့်မခံခဲ့ပေ။

ကွန်မြူနစ် ရွေးချယ်မှုကို ငြင်းပယ်ရန် အကြောင်းပြချက်များစွာကို နေရူး တွေ့ရှိခဲ့သည်။ ပထမဆုံး အချက်အနေဖြင့် လူတန်းစား တိုက်ပွဲအသွင် ကွန်မြူနစ်များကိုတော့ နေရူးနှစ်သက်သည်။ ဂုတ်သွေးစုပ်၊ အမြတ်ထုတ်ခြင်း၌ မွေ့လျော်သော အရင်းရှင်နှင့် မြေပိုင်ရှင်များအတွက် လူတန်းစားတိုက်ပွဲသည် ဖော်မပြနိုင်လောက်အောင် ရက်စက်ယုတ်မာမှု၊ နာကြည်းမှု၊ ရုပ်ဝတ္ထုများနှင့် လူသားများကို သေကြေပျက်စီးစေခဲ့သည်က အမှန်ပင်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ကွန်မြူနစ်ဝါဒကို နယ်ချဲ့စနစ် ဆန့်ကျင်ရေးနှင့် အိန္ဒိယပြည်ဖွားများ စုစည်းရေးတို့အတွက် အသုံးချ ရန် ဖြစ်သည်။ လူတန်းစားများအကြား ဆင်းရဲချမ်းသာ ကွာဟချက်နှင့် နယ်ချဲ့သမားများ၏ နည်းပရိယာယ်များအတွက် ကွန်မြူနစ်က မှတ်ကျောက်တစ်ခုဖြစ်သည်။ နေရူးကို လူတန်းစားတိုက်ပွဲများ သွေးဆောင် ဖျားယောင်းနေပြီဟု မဟတ္တဂန္ဒီ ကြီးက သိလိုက်သည်နှင့်တပြိုင်နက် အလိုက်သင့် ထိန်းပေးခဲ့သည်။

တတိယအချက်အနေဖြင့် လူတန်းစားတိုက်ပွဲသည် လစ်ဘရယ်နေရူးအတွက် အိန္ဒိယဇာတ်နိမ့်ဇာတ်မြင့် ထုံးတမ်းစဉ်လာ များကြား၌ လူတစ်ဦးချင်း၏ ဝင်ငွေအတွက် လူတန်းစား ညီမျှရေး အကျိုးစီးပွား ဖြစ်စေခဲ့သည်။ စတုတ္ထအချက်ကတော့ ဒီမိုကရေစီနည်းကျ ကျင့်သုံးခြင်းဖြစ်ပြီး တစ်ပါတီစနစ်ကို ငြင်းပယ်သော ရွေးကောက်ပွဲများကို အားပေးခြင်းဖြစ်သည်။ ထို့ အတွက် ပေးဆပ်မှုတစ်ခုအနေဖြင့် နေရူးသည် သူအင်မတန်မြတ်နိုးသည့် အခြေခံအခွင့်အရေးအချို့ကို ဖျက်ပစ်ခဲ့ရသည်။

နေရူးနဲ့ ချေဂွေဗားရားကို တွေ့ရစဉ်

သည်နေရာတွင် အိန္ဒိယသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများမှနေ၍ ကွန်မြူနစ်များ တစိတ်တပိုင်း အာဏာရလာစေဖို့ ခြွင်းချက်အနေဖြင့် ပံ့ပိုးပေးခဲ့ခြင်း ဖြစ်သည်။ ကွန်မြူနစ်ဟူသည်ကား တစ်ပါတီစနစ်ကို ထိုစဉ်က သည်းခြေကြိုက်ပင် မဟုတ် ပါလား။ သို့သော် နေရူးက ပါတီစုံရွေးကောက်ပွဲထဲတွင် ကွန်မြူနစ်ပါတီကိုလည်း ဝင်စေခဲ့သည်။

ပဉ္စမအချက်မှာ ကွန်မြူနစ်များသည် မော်စကို၏ ညံ့ဖျင်းမှုတို့ကို သဘောတွေ့ မနောခွေ့နေခြင်းကို နေရူး တွေ့ခဲ့သည်။ သူ တွက်ဆသည့်အတိုင်း ဆိုဗီယက်ကွန်မြူနစ်ကို အစားထိုးဖို့ ဗြိတိသျှကိုလိုနီ ထမ်းပိုးတုံးကို ပစ်မချခဲ့ပေ။

ဆဋ္ဌမအချက်မှာ ကွန်မြူနစ်များသည် အရင်းရှင်စနစ်ကို တိုက်သည်ဟု ကြွေးကြော်ရင်း ကမ္ဘာလုံးဆိုင်ရာ ထိပ်တိုက် ရင်ဆိုင် ကြရန် ကြိုးပမ်းခြင်းကို နေရူးက အန္တရာယ်ဟု ယူဆခဲ့သည်။ ထို့အတွက် ဘက်မလိုက်လှုပ်ရှားမှု (Non-alignment) ဟုခေါ် သည့် လွတ်လပ်သော အတွေးအခေါ်ကဏ္ဍကို နေရူးက ဦးစားပေးခဲ့သည်။

အိန္ဒိယလွတ်လပ်ရေး မရမီကပင် ကမ္ဘာကြီး အကွဲကွဲအပြားပြား ဖြစ်နေပြီး ကွန်မြူနစ်များနှင့် နယ်ချဲ့သမားများကြားတွင် စက်ကွင်းလွတ်အောင် ရပ်တည်ဖို့ လိုနေပြီဆိုသည်ကို သူ မြင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း နေရူးသည် ဝါဒရေးရာ အကြောင်းပြချက်ဖြင့် ဖက်ဆစ်ဝင်ရိုးတန်းကို ငြင်းပယ်ခဲ့ပြီး အတွေးအခေါ်အရ နီးကပ်မှုမရှိသော်လည်း ရန်သူနှင့်ပူးပေါင်းရ သည့် အန္တရာယ်များသော ဗျူဟာကို နေရူး တွေ့ရှိခဲ့သည်။

သို့ဖြစ်၍ ဆူဘတ်ချန်ဒရာဘို့စ်၏ ဝင်ရိုးတန်းနှင့် ပူးပေါင်းခြင်းကို အသုံးချ၍ ဗြိတိသျှနယ်ချဲ့ဝါဒကို ခွနင်းခဲ့သည်။ ထိုသို့ ဆုတ် သာတက်သာ ကစားကွက်များကြောင့် အိန္ဒိယပြည်ကြီး လွတ်လပ်ရေးအတွက် နယ်ချဲ့အင်္ဂလိပ်နှင့် ပူးပေါင်းဆောင်ရွက်ရန်မှာ ဒုတိယကမ္ဘာစစ်အပြီးတွင် အသင့်ဖြစ်နေခဲ့သည်။ အင်္ဂလိပ်တို့၏ နေမဝင် အင်ပါယာထဲတွင် နယ်ချဲ့သမားများကို မုန်းတီးနေ ချိန်တွင် လန်ဒန်မှာတော့ လစ်ဘရယ်ဒီမိုကရေစီ အရူးအမူး ဖြစ်နေကြသည်။

ပြောရမည်ဆိုလျှင် နယ်ချဲ့အရင်းရှင်ဝါဒနှင့် ကွန်မြူနစ်ဝါဒ နှစ်ရပ်စလုံးက အိန္ဒိယအမျိုးသားရေးဝါဒကို ၎င်းတို့၏ ဗျူဟာဆီ သွတ်သွင်းပြီး မည်သည့်အရာမှ ပြန်မပေးကြဖို့ အကြံကြီး ကြံခဲ့ကြသည်။ ထိုအခြေအနေများအတွင်း နေရူး၏ ရွေးချယ်မှုက ရှင်းလင်းတိကျသည်။ ဘက်မလိုက်မူဝါဒကို မျှော်မှန်းရန်နှင့် မိမိရွေးချယ်မှု၏ လွတ်လပ်ခြင်းကို ထိန်းသိမ်းရန်နှင့် အခြား သူများ၏ စစ်ပွဲများမှ ရုန်းထွက်နိုင်ရန်တို့ ဖြစ်သည်။

ဆိုရှယ်လစ်ဝါဒသည် ကိုလိုနီနိုင်ငံများ လွတ်လပ်ရေးအတွက် ဝါဒရေးရာအခြေခံကို ဆောင်ကြဉ်းပေးခဲ့သည်။ နောက်ထပ် ဝါဒရေးရာ နက်နဲစွာ မပါဝင်ဘဲလည်း အမျိုးသားရေးသီးသန့် ရပ်တည်ချက်ဖြင့် ဆိုရှယ်လစ်ဝါဒ ကိုင်စွဲလျက် တိုင်းပြည်ကို ဦးဆောင်သွားနိုင်စရာ အကြောင်းရှိ၏။

နေရူးသည် ၁၉၂၇ ခုနှစ်တွင် နက်ချဲ့လက်အောက် တွန်းပို့ခံခဲ့ရသော ပိုလန်နိုင်ငံ (သို့မဟုတ်) ၁၉၂၈ ခုနှစ်တွင် အမေရိကန် စီးပွားရေးအရ နယ်ချဲ့မှုအောက် တွန်းပို့ခံခဲ့ရသော လွတ်လပ်ရေး ဘိုလီဗီးယားနိုင်ငံတို့၏ အမျိုးသားရေးဝါဒကို ဥပမာကို မီးမောင်းထိုးပြခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် အရင်းရှင်စနစ်ဘက် ဇောက်ချခြင်းသည် အိန္ဒိယကို ဗြိတိန်နှင့်အမေရိကန်တို့ ဦးဆောင်သော ကမ္ဘာ့ အရင်းရှင်စနစ် ပင့်ကူအိမ်ထဲကို ပြန်လည်ရောက်ရှိစေခဲ့ပြီး လွတ်လပ်ရေးကို နာကျင်စွာဖြင့် ထွေးပွေ့ခဲ့ရသည်။

၁၉၅၀ ပြည့်လွန်နှစ်များအတွင်း တရုတ်နိုင်ငံ၏ လွတ်လပ်သော ကွန်မြူနစ်ဝါဒ ဖြစ်နိုင်ခြေကို ပိုင်းခြားတွေ့ရှိနိုင်သော်လည်း မည်သည့် ကွန်မြူနစ်ဝါဒကိုမဆို ငြင်းပယ်ရန် နေရူးထံတွင် အကြောင်းပြချက် ကောင်းကောင်းရှိသည်။

 

ဂန္ဒီနဲ့ ဆူဘတ်ချန်ဒရာဘို့စ်ကိုတွေ့ရစဉ်

ကမ္ဘာ့ဆိုရှယ်လစ်စနစ်
******************
နေရူး၏ ဆိုရှယ်လစ်စနစ်သည် ဥရောပဆိုရှယ်လစ်စနစ်များ၏အမှီအခိုကင်းမဲ့ခဲ့သည်။ နယ်ချဲ့ဝါဒထက် ဥရောပဆိုရှယ်လစ် များ အထူးသဖြင့် ဗြိတိန်ရောက် လက်ဝဲအယူအဆများကို ချဉ်းကပ်မိရာတွင် စိတ်မကောင်းစရာ အခြင်းအရာများကို နေရူး တွေ့ခဲ့ရသည်။

ဗြိတိန် လေဘာပါတီဝန်ကြီးချုပ် ရမ်ဆေးမက်ဒေါ်နယ်၏ ကြမ်းတမ်းသော မှတ်ချက်တချို့ကို နေရူးက သိမ်းဆည်းခဲ့သည်။ သူ သည် ကမ္ဘာ့သုံး အများသုံးပုံစံဖြင့် ဆိုရှယ်လစ်ဝါဒကို တွေးခေါ်ခဲ့သော်လည်း အိန္ဒိယနှင့်ကိုက်ညီမည့် ဆိုရှယ်လစ်စနစ်အတွက် လွတ်လပ်သည့် လမ်းကြောင်းကို ရှာဖွေခဲ့ရသည်။

ဆိုရှယ်လစ်စနစ်နှင့် ဘက်မလိုက် ဆက်ဆံရေးတို့အကြား လိုအပ်သည့် အတိုင်းအတာအထိ ရပ်တည်နိုင်ရန် အနေအထား တစ်ခုသို့ မချဉ်းကပ်ဘဲ စစ်မှန်သည့်လွတ်လပ်ရေး၏ နောက်ဆက်တွဲအဖြစ် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည့်အလား နေရူးက ပြောကြားခဲ့သည်။

သို့သော် နေရူး၏ ဆိုရှယ်လစ်စနစ်သည် ကွန်ဂရက်နှင့်အမျိုးသားရေး လှုပ်ရှားမှုတို့အတွင်း လူနည်းစု ရပ်တည်ချက်အဖြစ် ပုံဖော်ခဲ့သည်။ ဂန္ဒီကတော့ သည်းခံခြင်းနှင့် အနုနည်းလမ်းကြောင်းကိုသာ ချပေးသည်။

ပတေး၊ ရာဂျာဂိုပလာချာရီ၊ ရာဂျန္ဒရာပရာဆတ်နှင့် ဘီစီရွိုင်း စသည့် အဓိက နိုင်ငံရေးခေါင်းဆောင်များက နေရူး၏ ရပ်တည် ချက်ကို ဆန့်ကျင်ကြသည်။ ဆူဘတ်ချန်ဒရာဘို့စ်ကသာ ကွန်ဂရက်လွှတ်တော်အတွင်း အစွန်းရောက်များကို ဖြိုခွင်းရန် အတွက် နေရူး၏ အဖော်ကောင်းအဖြစ် ကျန်ရှိသည်။

 

သို့သော် ဘို့စ်သည် ဂန္ဒီချပေးသည့် လမ်းကြောင်းနှင့်ခွဲထွက်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဝင်ရိုးတန်းနိုင်ငံများနှင့် မဟာမိတ်ဖွဲ့ ကာ ရှောင်ထွက်သွားခဲ့သည်။ ဂျာယာပရာကက်နေရာယန်နှင့် နရိန္ဒြာဒေဝတို့ ဦးဆောင်သော ကွန်ဂရက် ဆိုရှယ်လစ်ပါတီ သည် နေရူး၏ အားထားရာ မဲဆန္ဒနယ်များကို စုစည်းပေးခဲ့သည်။ သို့သော် ၎င်းတို့အုပ်စုကလည်း အပေးအယူလုပ်၍ နိုင်ငံရေး အတက်အကျ ကစားရခြင်းကို စိတ်မရှည်စွာဖြင့် ၁၉၄၈ ခုနှစ်၌ ကွန်ဂရက်မှ ထွက်ခွာသွားခဲ့သည်။

ယင်းနောက်ပိုင်း နေရူးသည် အထီးကျန်စွာဖြင့် သူလက်ခံသော ဆိုရှယ်လစ်မူဝါဒများကို ဘောင်ခတ်ခြင်းထက် စံပြုလုပ်စရာ တစ်ခုခုကို လုပ်ပြခြင်းဖြင့် တင်းတိမ်ရောင့်ရဲခဲ့သည်။ သူသည် ဆိုရှယ်လစ်ကို ဝါဒတစ်ခုအဖြစ်သာ မဟုတ်ဘဲ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ အုပ်ချုပ်ရေးကို လျှော့ချရေးနှင့် ပြဿနာဖြေရှင်းရေးတို့အတွက် လက်တွေ့ကျသော လိုအပ်ချက်အဖြစ် ဆိုရှယ်လစ်စနစ် ကျင့်သုံးခြင်းကို ထောက်ခံခဲ့သည်။

၂၀ ရာစု၏ လေးပုံတစ်ပုံနီးပါးခန့် ကာလဖြစ်သော ၁၉၂၇ ခုနှစ်တွင် ဥရောပရှိ ဆိုရှယ်လစ်သွေးစည်းမှု အခိုက်အတန့် သူ့ အတွက် အရေးကြီးသော အချိန်အခါတိုင်းတွင် နေရူးသည် သူ၏ ဆိုရှယ်လစ် ယုံကြည်ချက်ကို ကြွေးကြော်လေ့ရှိခဲ့သော် လည်း ဝါဒအားဖြင့် မဖြစ်မနေ အမိန့်ချမှတ်၍ အကောင်အထည်ဖော်ရန် အစီအစဉ်မဟုတ်ကြောင်း လူတိုင်းကို အာမခံခဲ့သည်။

 

နေရူးနဲ့ဂန္ဒီကိုတွေ့ရစဉ်

အရင်းရှင်စနစ်
*************
အိန္ဒိယပြည်သူ့လွှတ်တော်တွင် ရည်မှန်းချက်များနှင့် ရုပ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွင် ဆိုရှယ်လစ်စနစ်ကို ထည့်သွင်းရေး အပေါ် နေရူး ငြင်းဆန်ခဲ့ပြီး ၎င်းကို သီအိုရီဆိုင်ရာ အသုံးအနှုန်းများနှင့် ဖော်မြူလာဟူ၍ တစ်တစ်ခွခွ ရှုတ်ချခဲ့သည်။

ထို့ကြောင့် သူသည် အရင်းရှင်းများဘက်မှ ရပ်တည်နေသည်ဟု ဆိုရှယ်လစ်များ၏ တုံ့ပြန်စွပ်စွဲချက်ကို ခေါင်းညိတ်လက် ခံခဲ့သည်။ သို့သော် အိန္ဒိယသည် တစ်စိတ်တပိုင်း ဆိုရှယ်လစ်ပုံစံအချို့နှင့် လက်ဝဲအာဏာရှင်စနစ်မှ ဒီမိုကရေစီပုံစံတို့ကို ပေါင်းစပ်ကျင့်သုံးလျှင် အရင်းရှင်စနစ်အောက်မှ လွတ်မြောက်နိုင်မည်ဟု သူ ခံစားခဲ့ရသည်။

ဒီမိုကရက်တစ် ဆိုရှယ်လစ်စနစ်ကသာ အဓိပ္ပါယ်ပြည့်ဝသည်ဟု သူခံယူသည်။ ဒီမိုကရက်တစ် ဆိုရှယ်လစ်စနစ်သည် စစ်ပြီး ခေတ် ဥရောပတွင် ခေတ်စားခဲ့သော သက်သာချောင်ချိရေး အရင်းရှင်စနစ်ထက် သာ၍ မထူးဘူးဆိုလျှင်တောင် နေရူးက ထိုစနစ်ကို ဖော်ဆောင်ပေးခဲ့သည်။
ထိုသို့ သက်သာချောင်ချိရေး (သို့မဟုတ်) လူမှုဖူလုံရေး ဦးစားပေးသည့် အရင်းရှင်စနစ်သည် အနှစ် ၄၀ ကြာလျှင် လွတ်လပ် သည့် ဒီမိုကရက်တစ် ဆိုရှယ်လစ်စနစ်အဖြစ် ရောက်ရှိလာမည်ဟု နေရူး ခန့်မှန်းတွက်ဆခဲ့ရာ သူတွက်ထားသည့်အတိုင်း ၁၉၈၀ ပြည့်လွန်နှစ်များအထိ အိန္ဒိယကို အောင်မြင်သော လမ်းကြောင်းပေါ်သို့ ဆွဲတင်ပေးနိုင်ခဲ့သည်။

နေရူးကိုတွေ့ရစဉ်

အိန္ဒိယအရန်ဘဏ်၏ ဥက္ကဋ္ဌဖြစ်ခဲ့ဖူးသူ အိုင်ဂျီပတေးတို့လိုမျိုး သုံးသပ်လေ့လာသူများက “အရင်းရှင်စနစ်နှင့် ဆိုရှယ်လစ်စနစ် တို့ကို နေရူးက အချိုးကျကျ ဓါတ်ခွဲ၍ ပေါင်းစပ်ခဲ့သည်”ဟုပင် ပြောခဲ့ကြသည်။ သို့သော် နေရူး၏ ညွန့်ပေါင်းပုံစံသည် မည်သူ တရားဝင် သမ္မတအဖြစ် တက်တက်၊ ခိုင်မာသောလေသံကို ထွက်နိုင်မည့် အုပ်စုကို ရှာကြည့်လျှင် အရင်းရှင် အများစု၏ အသံ ဖြစ်သည်မှာ သေချာလွန်းလှသည်ဟု အိုင်ဂျီပတေးက မှတ်ချက်ချခဲ့သည်။

မည်သို့ပင်ဆိုစေ လူအတော်များများက ပုံနှိပ်စာအုပ်ထဲမှ ဆိုရှယ်လစ်ဝါဒကို မျှော်လင့်ခြင်း (သို့မဟုတ်) စာအုပ်ပြဋ္ဌာန်းချက် ထက် ပိုမသိဘဲ ဆိုဗီယက်၏ ညံ့ဖျင်းမှုကြောင့် အရှက်တကွဲ အကျိုးနည်း ဖြစ်မည့်အရေးကို တွေးပူခဲ့ကြဖူးသည်မှာ အမှန်ပင် ဖြစ်သည်။

နေရူးကို ဝေဖန်သူများသည် လွတ်လပ်ရေးပြီးနောက် မျိုးဆက်နှစ်ဆက်စာအတွက် ကိုယ်ကျင့်တရား ထွန်းကားစေဖို့ ဆိုရှယ်လစ်စနစ်ဖြင့် ဖော်ဆောင်ခဲ့သည့် စကားလုံး အသုံးအနှုန်းကို သတိမပြုမိခဲ့ကြပေ။

သို့စဉ်လျက် လူအများစုကတော့ နေရူး၏ လွတ်လပ်သော ဆိုရှယ်လစ်စနစ်သည် နယ်ချဲ့လက်အောက်မှ ကွန်မြူနစ်ဝါဒနှင့် ဥရောပ ဆိုရှယ်လစ် အကူးအပြောင်းတို့တွင် မျှော်မှန်းထားသည့် အတိုင်းအတာအထိ ကမ္ဘာ့အရင်းရှင်စနစ် အသွင်ဖြင့် လွတ်လပ်ရေးကို ထိန်းသိမ်းရန် ကိရိယာတစ်ခုအဖြစ် အသုံးချခဲ့ပေသတည်း။ ။

Source: thehindu.com

(မူရင်းဆောင်းပါးရှင် Madhavan K.Palat သည် ဂျဝါဟလာနေရူး၏စွမ်းဆောင်ရည်စာစောင်မှ အယ်ဒီတာဖြစ်သည်။ အဆိုပါ စာစောင်တွင် အခန်းဆက် အက်ဆေးကဏ္ဍ၏ စတုတ္ထမြောက်အက်ဆေးအဖြစ် ပုံနှိပ်ဖော်ပြခဲ့ပြီးနောက် thehindu.com က ယခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် ရက်စွဲဖြင့် အွန်လိုင်းပေါ် လွှင့်တင်ခဲ့ပါသည်။ ထိုဆောင်းပါးကို CNI သတင်းဌာနက ဆီလျော် အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)