CNI Article News

၂၀၂၂ ခုနှစ်၊ ​ဖေဖော်ဝါရီ ၁၂

ယခုရက်ပိုင်း၊ လပိုင်းများအတွင်း ထိပ်တန်းရောက်ကမ္ဘာ့သတင်းတစ်ပုဒ်မှာ ယူကရိန်းအရေးဖြစ်သည်။

ရုရှား၏ စစ်ရေးအရ ခြိမ်းခြောက်မှု တိုးမြင့်လာနေခြင်းကြောင့် ယူကရိန်းမှာ ကျန်ရှိနေသည့် အမေရိကန်နိုင်ငံသားအားလုံး ယူကရိန်းနိုင်ငံထဲမှ ချက်ချင်း ထွက်ခွာကြရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယခုသီတင်းပတ်၌ တိုက်တွန်းနေပြီဖြစ်သည်။

အကယ်၍ မော်စကိုက ယူကရိန်းကို ကျူးကျော်လာလျှင် အမေရိကန်နိုင်ငံသားများကို ကယ်တင်ဖို့ တပ်ဖွဲ့များ စေလွှတ်တော့ မည် မဟုတ်ကြောင်း မစ္စတာဘိုင်ဒန်က ပြောကြားထားသည်။ နိုင်ငံတစ်နိုင်ငံတွင် စစ်မက် အကြီးအကျယ် ဖြစ်ပွားတော့မည့် အရိပ်အယောင်များ မြင်တွေ့လာပြီဆိုရင် အနောက်အုပ်စုများက ၎င်းတို့နိုင်ငံသားများကို စစ်မြေပြင်ဖြစ်လုဆဲဆဲ နယ်မြေ အတွင်းမှ အမြန်ဆုံး ရုန်းထွက် ထွက်ခွာကြဖို့ အချက်ပြလေ့ရှိသည်။

အလားတူ ဗြိတိန် အပါအဝင် အခြားနိုင်ငံများကလည်း ၎င်းတို့၏ နိုင်ငံသားများ ယူကရိန်းမှ ထွက်ခွာရန် တိုက်တွန်းထား သည်။ နယ်ခြားအနီးတွင် တပ်ဖွဲ့ဝင် ၁ သိန်းကျော်  ဖြန့်ကြက်ချထားသော်လည်း ယူကရိန်းကို ကျူးကျော်ရန် အစီအစဉ်မရှိဟု ရုရှားက အကြိမ်ကြိမ် ငြင်းဆိုထားသည်။

သို့သော် ယူကရိန်းနှင့် ကပ်လျက်ရှိသည့် အိမ်နီးချင်း ဘီလာရုစ်နိုင်ငံမှာတော့ ကြီးမားသော စစ်ရေးလေ့ကျင့်မှုကို စတင်နေပြီး ရုရှားသည် ၎င်းနှင့်ထိစပ်နေသော ပင်လယ်တွင်းသို့ သင်္ဘောများ ဝင်ရောက်ခွင့်ကိုလည်း ပိတ်ထားလိုက်ပြီဟု ယူကရိန်းက စွပ်စွဲခဲ့သည်။

မူရင်းပိုင်ရှင်-BBC

ယခင် ဆိုဗီယက်အုပ်စုဝင်ဟောင်းလည်းဖြစ်၊ အိမ်နီးချင်းလည်းဖြစ်သည့် ယူကရိန်းကို မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (နေတိုး)နှင့် မပူးပေါင်းကြောင်း သေချာစေရန် "အနီရောင်မျဉ်းများ"ကို ကျင့်သုံးလိုကြောင်း ကရင်မလင်က ပြောကြားခဲ့သည်။

"အမေရိကန်နိုင်ငံသားတွေအနေနဲ့ (ယူကရိန်းကနေ) အခုပဲ ထွက်သွားသင့်ပါတယ်"ဟု မစ္စတာဘိုင်ဒန်က NBC သတင်းဌာန သို့ ပြောကြားခဲ့သည်။

"ကျနော်တို့က ကမ္ဘာပေါ်ရှိ အကြီးဆုံး စစ်တပ်တွေထဲက တစ်ခုနဲ့ ဆက်ဆံနေရတာ ဖြစ်ပါတယ်။ အဲဒီအခြေအနေက တခြား အခြေအနေတွေနဲ့ အင်မတန်ကွာခြားတဲ့အတွက် အရာရာတိုင်းကို အချိန်တိုအတွင်းမှာ တုန်လှုပ် ရိုက်ခတ်သွားနိုင်ပါတယ်” ဟု ဘိုင်ဒန်က ဆက်လက် ပြောကြားခဲ့သည်။

“ထွက်ပြေးလာတဲ့ အမေရိကန်တွေကို ကယ်တင်ဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ ရှိပါသလား”ဟု NBC က ဆက်လက် မေးမြန်း ရာမှာ မစ္စတာဘိုင်ဒန်က "မရှိပါဘူး။ အမေရိကန်နဲ့ ရုရှားတို့ ပစ်ခတ်မှု စပြီဆိုရင် ကမ္ဘာစစ်ဖြစ်ပြီပဲ။ ကျနော်တို့က အရင်တုန်း ကနဲ့ အများကြီး ကွာခြားသွားပြီဖြစ်တဲ့ ကမ္ဘာမှာ ရပ်တည်နေတာပါ။ ဒါမျိုးလည်း အရင်က ဖြစ်ဖူးတယ်"ဟု ပြန်လည် ဖြေ ကြားခဲ့သည်။

နယ်သာလန်၊ ဂျပန်နှင့် တောင်ကိုရီးယား အပါအဝင် အခြားနိုင်ငံ အများအပြားကလည်း ၎င်းတို့၏ နိုင်ငံသားများကို ယူကရိန်း မှ ထွက်ခွာရန် ညွှန်ကြားထားသည်။

Quad မဟာမိတ်လေးနိုင်ငံခေါင်းဆောင်များကိုတွေ့ရစဉ်(AP)

သံရုံး အသီးသီး၏ သတိပေးချက်တွင် လက်ဗီးယားနိုင်ငံက "ရုရှား၏ လုံခြုံရေးဆိုင်ရာ ဆိုးရွားသောခြိမ်းခြောက်မှု" ကို ကိုးကားဖော်ပြခဲ့သည်။

သြစတြေးလျနိုင်ငံကို အလည်အပတ် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က “အိုလံပစ် ပွဲတော်အတွင်း ကျူးကျော်မှုဟာ အချိန်မရွေး စတင်နိုင်သလို ရှင်းရှင်းလင်းလင်း သိသာစေမှာပါ” ဟု ဖေဖော်ဝါရီ ၁၁ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၌ ကျင်းပနေဆဲ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြီးဆုံးရမည် ဖြစ်သည်။ ဘလင်ကင် သည် ကမ္ဘာ့အရှေ့ဖျား၌ တရုတ်ဩဇာကြီးမားလာခြင်းကို တန်ပြန်ရန် Quad ဟု ခေါ်သော မဟာမိတ် ၄ နိုင်ငံ အစည်းအဝေး သို့ ဖေဖော်ဝါရီ ၁၁ ရက်၌ တက်ရောက်နေခြင်းဖြစ်ပြီး ကမ္ဘာ့အင်အားချိန်ခွင်လျှာ ထိန်းညှိဖို့ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနှင့်ဂျပန်တို့ တိုင်ပင်နှီးနှောနေကြသည်။

အဆိုပါ နိုင်ငံများ၏ လေးပွင့်ဆိုင်လုံခြုံရေး ဆွေးနွေးသဘောတူညီမှု (Quadrilateral Security Dialogue) ကို အတိုကောက် အနေဖြင့် Quad(ကွက်ဒ်)ဟု သုံးနှုန်းသည်။

ယူကရိန်း အရေးနှင့်ပတ်သက်ပြီး လက်ရှိ အကျပ်အတည်းကို ဖြေရှင်းရန် သံတမန်ရေးရာ ကြိုးပမ်းခဲ့ကြသည့် ကမ္ဘာ့နိုင်ငံ အချို့လည်း ရှိခဲ့သည်။

ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်ဝင်ရောက်လျှင် နှစ်နိုင်ငံစလုံးအတွက် ကြေကွဲဖွယ် အကျိုးဆက်များ ဖြစ်လာနိုင်သည်ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလက်(Ben Wallace)က မော်စကိုမြို့တွင် သတိပေးခဲ့သည်။ သို့သော် ဥရောပတွင် စစ်ရေးတင်းမာမှုများ ကြီးထွားလာခြင်းသည် မိမိတို့ အမှားမဟုတ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂု(Sergei Shogiu)က ပြောကြားခဲ့သည်။

ပြောရမည်ဆိုလျှင် ယူကရိန်းတောင်ပိုင်းရှိ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက သိမ်းယူပြီး နောက်ဆက်တွဲ အနေဖြင့် ရှစ်နှစ် အကြာတွင် လက်ရှိတင်းမာမှုများ (သို့မဟုတ်) ယူကရိန်းအကျပ်အတည်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ရုရှား နယ်စပ်အနီး အရှေ့ပိုင်းဒေသများတွင် ယူကရိန်းစစ်တပ်သည် ရုရှားကျောထောက်နောက်ခံပြု သူပုန်များနှင့် စစ်ပွဲများ အလီလီ ဖြစ်ပွားရင်း ချောင်ပိတ်မိနေခဲ့သည်။

မူရင်းပိုင်ရှင်-BBC

တစ်ချိန်တည်းတွင်ပင် ယူကရိန်းသည် ရေတပ်စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် ရုရှားက ၎င်းနှင့်ထိစပ်နေ သော ပင်လယ်အတွင်းသို့ ဝင်ရောက်ခွင့်ကို ပိတ်ဆို့ ဟန့်တားထားကြောင်း ယူကရိန်းက စွပ်စွဲခဲ့သည်။ ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီး ဒီမီထရိုကူလီဘာ (Dmytro Kuleba)က အေဇော့ဗ် (Azov) ပင်လယ်အဝင်အထွက်ကို လုံးဝပိတ်ဆို့ခဲ့ပြီး ပင်လယ်နက် အတွင်း ရေကြောင်းသွားလာရေးအား ရုရှားတပ်ဖွဲ့များက အပြည့်အဝနီးပါး ဖြတ်တောက်ခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့ သည်။

ထို့ပြင် ရုရှားသည် ၎င်း၏ရေတပ် စစ်ရေးလေ့ကျင့်မှုကို လာမည့် သီတင်းပတ်တွင် ယူကရိန်းနိုင်ငံ တောင်ပိုင်း၊ ပင်လယ်နက် နှင့် အေဇော့ဗ် ပင်လယ်တို့၌ ခင်းကျင်းရန် စီစဉ်ထားသည်။ သို့သော်လည်း ရုရှားနှင့် ယူကရိန်းတို့ နယ်နိမိတ်ချင်း ထိစပ်နေ သော ဒေသတွင်း ပင်လယ်ဖြစ်သည့် အေဇော့ဗ် ပင်လယ်ပြင်တွင် ရုရှားက ၎င်း၏ စစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းလိုက်သည် ဟု ရုရှားဘက်မှ သတင်းထွက်လာကြောင်း ယူကရိန်း နယ်ခြားစောင့်တပ်ဖွဲ့က ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်း ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ကလည်း ရေကြောင်း ကန့်သတ်ချက်များ ရုတ်သိမ်းလိုက်ပြီဟု နောက်ပိုင်းမှာ အတည်ပြု ခဲ့သည်။

ယူကရိန်းနိုင်ငံ၏ မြောက်ပိုင်း၌ တည်ရှိသည့် ဘီလာရုစ်နိုင်ငံတွင် ၁၀ ရက်ကြာ စစ်ရေးလေ့ကျင့်မှုများ ဆက်လက် ပြုလုပ်နေ ချိန်နှင့် တပြိုင်တည်း တိုက်ဆိုင်လျက် ခရိုင်းမီးယားကျွန်းဆွယ်မှာ ရုရှားရေတပ် စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၁၁ ရက်က စတင်ခဲ့သည်။

ယူကရိန်းကို ကျူးကျော်ဖို့ ရုရှားက ကြိုးစားရင် ၎င်းစစ်ရေး လေ့ကျင့်မှုအသွင်မှ ရုရှားစစ်တပ်ကို ယူကရိန်းမြို့တော် ကိယက်ဗ်နှင့် တဖြည်းဖြည်း နီးကပ်လာစေပြီး မြို့တော်ကို တိုက်ခိုက်သိမ်းယူရေး ပိုမိုလွယ်ကူစေလာမည်ကို စိုးရိမ်မှုစရာများ တိုးပွားခဲ့သည်။

ပူတင်ကိုတွေ့ရစဉ်(AP)

စစ်ရေးလေ့ကျင့်မှု ပြီးလျှင်ပြီးချင်း ၎င်း၏တပ်များသည် မူလ အမြဲတမ်း အခြေစိုက်စခန်းများသို့ ပြန်သွားမည်ဖြစ်ကြောင်း ရုရှားကတော့ ပြောသည်။

ရုရှားနှင့် နက်ရှိုင်းသော လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ ထိတွေ့ဆက်ဆံမှုများ ထွေးပွေ့ထားရသော ယူကရိန်းကို တစ်နေ့နေ့ တစ်ချိန်ချိန် အနောက်အုပ်စု၏ မဟာမိတ် နေတိုးတပ်ပေါင်းစုထဲသို့ ဆွဲမသွင်းရေး အကြိမ်ကြိမ် တောင်းဆိုထားကြောင်း မော်စကိုက အဆက်မပြတ် သတိပေးနေခဲ့သည်။

၂၀၁၄ ခုနှစ်ကတည်းက ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်ဒေသတွင် သွေးထွက်သံယို လက်နက်ကိုင်ပုန်ကန်မှုကို ရုရှားက ကျောထောက် နောက်ခံပေးပြီး မြှောက်ပင့်ပေးနေခဲ့သည်။ ထိုအချိန်မှ စတင်ခဲ့သည့် တိုက်ပွဲများအတွင်း အရပ်သားများ အပါအဝင် လူပေါင်း ၁၄,၀၀၀ ခန့် သေဆုံးခဲ့ရသည်။

ယခင် ယူကရိန်းအရှေ့ပိုင်းပဋိပက္ခကို အဆုံးသတ်ဖို့ ကြိုးပမ်းခဲ့ဖူးသည့် မင့်ခ် (Minsk) ဟုခေါ်သည့် သဘောတူညီချက်များကို အသစ်တဖန် ပြန်လည် အာရုံစိုက်ခြင်းအားဖြင့် လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန် အခြေခံအဖြစ် သုံးနိုင်ကြောင်း အကြံပြု ချက်အချို့လည်း မျက်မှောက်ကာလတွင် ထွက်ပေါလာခဲ့သည်။

အဆိုပါ မင့်ခ် သဘောတူညီချက်ကို ယူကရိန်း၊ ရုရှား၊ ပြင်သစ်နှင့် ဂျာမနီတို့က ၂၀၁၄-၂၀၁၅ ခုနှစ်၌ သဘောလက်ခံခဲ့ကြပြီး အသက်ဝင်ခဲ့သည်။

Source: BBC

(ဘီဘီစီအင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားသည့် ယူကရိန်းအရေးသတင်းဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)