- By CNI
- Category: ဆောင်းပါး
- Hits: 1781
CNI Article News
၂၀၂၂ ခုနှစ်၊ မေလ ၁၈
ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှု စတင်ကြောင်း ရုရှားစစ် ကြေညာပြီးကတည်းက ယူကရိန်းစစ်ပွဲကာလ ရက်သတ္တပတ် ၁၁ ပတ်အတွင်း ကိုယ့်ရှူးကိုယ်ပတ်နေခဲ့သော ဖြစ်စဉ်များ ရှိခဲ့ပါသည်။
ဤဆောင်းပါးတွင် ယူကရိန်းအကျပ်အတည်းသို့ သမ္မတ ဂျိုးဘိုင်ဒန် ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းကို ပုံဖော်သည့် အင်အားစုကို ဆန်းစစ်ပြလိုပါသည်။ ထို့ပြင် ဘိုင်ဒန်၏ ဒီမိုကရက်တစ်ပါတီအတွင်း နိုင်ငံခြားရေးမူဝါဒ အခြေအတင် ဆွေးနွေးမှု အနေ အထား (သို့မဟုတ်) ယင်းတို့ကို ပိုင်းခြားဝေဖန် ပြလိုပါသည်။
ကလင်တန်၊ ဘုရှ်၊ အိုဘားမားနှင့် ထရမ့်အစိုးရများလက်ထက် ရာထူးအသီးသီးတွင် တာဝန်ထမ်းခဲ့ကြသော အမေရိကန် အဆင့်မြင့် စစ်ဘက်အရာရှိများ၊ ထောက်လှမ်းရေး သုံးသပ်သူများ၊ သံတမန်များနှင့် အေရှားတိုင်းမ်မီဒီယာတို့ မကြာသေးမီက တွေ့ဆုံမေးမြန်းခဲ့ပြီး သမ္မတဘိုင်ဒန်၏ မူဝါဒရေးရာ ရွေးချယ်စရာများကို အမြင်ချင်း ဖလှယ်ဖြစ်ခဲ့သည်။
လက်ရှိ ယူကရိန်း အကျပ်အတည်းမှာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဥရောပတိုက်တွင် အကြီးမားဆုံး အကျပ်အတည်း ဖြစ်လာသည်မှာ ငြင်း၍ မရပေ။
ပြီးခဲ့သည့်လ၌ ဘိုင်ဒန်အစိုးရသည် ရုရှားနိုင်ငံအပေါ် စစ်ရေးအရ သဘောထားတင်းမာသော ချဉ်းကပ်မှုတစ်ရပ် ချမှတ်ခဲ့သည် ကို မြင်တွေ့ရသည်။ အဆိုပါ ချဉ်းကပ်မှုမှာ ရုရှားအပေါ် ယူကရိန်း အောင်ပွဲခံနိုင်ရေးသည် တစ်ခုတည်းသော လက်ခံနိုင်စရာ ရလဒ်အဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။
ရုရှားပညာရှင် ဒေါက်တာမက်သရူး ရိုဂျန်စကီ
ဘိုင်ဒန်သည် ယူကရိန်းမြေပေါ် အမေရိကန် စစ်ဖိနပ်ရာများ ရှိစေမည်မဟုတ်ဟု အများသိအောင် အာမခံချက်ပေးခဲ့သည်။ သို့သော်လည်း အငြိမ်းစားဗိုလ်ချုပ်ကြီး တယ်ရီဝုဖ် (Terry Wolff) ကို အသစ်ခန့်အပ်လျက် လက်ရှိ တာဝန်ထမ်းဆောင်ဆဲနှင့် ယခင် စစ်အရာရှိဟောင်းများ ပါဝင်ပြီး ဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးကောင်စီက စစ်ရေးအကူအညီ ညှိနှိုင်းဆောင်ရွက် လျက်ရှိသည်။
ထို့ကြောင့် ယူကရိန်းအရေးတွင် အမေရိကန်တပ်ဖွဲ့ဝင်များ မြေပြင်တွင် အမှန်တကယ် ရှိနေကြောင်းမှာ ထင်ရှားပေါ်လွင် လာခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း ကော်လင်းပါဝဲလ် လက်ထက်၌ အမေရိကန်စစ်တပ်တွင် တပ်မှူးတစ်ဦးဖြစ်ခဲ့သူ ဗိုလ်မှူးကြီး လောရင့်စ်ဝီကာဆင် (Lawrance Wikerson) ၏ ပြောကြားချက်အရ ယူကရိန်းတွင် ပဋိပက္ခကြာရှည် တည်ရှိနေအောင် ဘိုင်ဒန်အစိုးရက စီစဉ်နေကြောင်း သိရသည်။
“သူတို့က မော်စကိုမှာ အစိုးရအပြောင်းအလဲ ဖြစ်စေချင်တာကြောင့် ရုရှားမတည်မငြိမ် ရှိနေအောင် ရေရှည်ပဋိပက္ခကို လို လားနေကြတယ်။ ပြီးရင် တရုတ်ဘက်ကို လှည့်မယ်။ အဲဒါက သူတို့ရဲ့ ရေရှည် ပထဝီဝင် နိုင်ငံရေးဗျူဟာပဲ” ဟု ဝီကာဆင်က ပြောသည်။
ဘိုင်ဒန်နှင့်အနီးစပ်ဆုံး အမျိုးသားလုံခြုံရေး ထိပ်တန်း အရာရှိများအပေါ် လွှမ်းမိုးနေသော သဘောထားကို ဤနေရာတွင် အတန်ငယ် ဖော်ပြလိုပါသည်။
ဒီမိုကရက်တစ် လွှတ်တော် ဥက္ကဋ္ဌ Mr. Nancy Pelos
ဘိုင်ဒန်၏ သမ္မတသက်တမ်း အစတွင် ဝါရှင်တန်ရှိ ထောက်ခံသူများနှင့်ဝေဖန်ရေးသမားများထံ မက်ဆေ့ချ်တစ်ခု ကျယ်ကျယ် ပြန့်ပြန့် ပေးပို့ခဲ့သည်။ ထိုမက်ဆေ့ချ်မှာ သမရိုးကျ အတွေးအခေါ်များမှ လမ်းကြောင်း လွှဲစေမည့် အချင်းအရာများကို သည်းခံ နေမည် မဟုတ်ကြောင်းနှင့် အပြင်လူများ၏ အမြင်၊ ကျွမ်းကျင်မှုများကို ကြိုဆိုမည်မဟုတ်ကြောင်း သတင်းစကားပင် ဖြစ် လေသည်။
ထိုသို့ အနေအထားကို အများလေးစားကြသော ရုရှားပညာရှင် ဒေါက်တာမက်သရူး ရိုဂျန်စကီ၏ ဖြစ်စဉ်တွင် နမူနာအနေဖြင့် တွေ့နိုင်ပါသည်။ ရိုဂျန်စကီသည် အမေရိကန် လွှတ်တော်ရန်ပုံငွေဖြင့် တည်ထောင်ထားသော ကန်နန်းသိပ္ပံနှင့်တွဲဖက်လျက် ဝီလဆင်စင်တာ ပညာရှင်အဖွဲ့တွင် ဒါရိုက်တာအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူဖြစ်သည်။
ရိုဂျန်စကီသည် အမေရိကန်နှင့် ရုရှားနိုင်ငံရေး သိပ္ပံပညာရှင်များ၊ အစိုးရအရာရှိဟောင်းများအကြား အဆင့်နှစ်ဆင့် ဆွေးနွေး ပွဲများတွင် စိန်ခေါ်သူမရှိအောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသူဖြစ်သည်။ သို့သော် ရိုဂျန်စကီကို ဘိုင်ဒန်၏ အမျိုးသားလုံခြုံရေး ကောင် စီ(NSC)တွင် ခန့်အပ်ရန် စဉ်းစားနေသည်ဟူသော သတင်း ပေါက်ကြားသွားသည့်အခါ ဒီမိုကရက်တစ် အမတ်များက သိမ်း ငှက်များပမာ ဝိုင်းဝန်းထိုးဆိတ်ကြတော့၏။ ယင်းသို့ ခန့်အပ်မည့်ကိစ္စကို ကဖျက်ယဖျက်ဖြင့် ခြေထိုးကြ၏။
ရိုဂျန်စကီသည် အာဏာရှိ အသိုင်းအဝိုင်း၏ ခပ်လှမ်းလှမ်းတွင် နေထိုင်ပြီး အမေရိကန်-ရုရှား ဆက်ဆံရေးအကြောင်း အာရုံစိုက် သုတေသနပြုနေသော အကျိုးအမြတ် မယူသည့်အဖွဲ့ ခေါင်းဆောင်အဖြစ်သာ ရှိနေသည်။
သို့သော် သူနှင့်ပတ်သက်၍ စိတ်ပူသည်က စီအိုင်အေဖြစ်သည်။ စီအိုင်အေညွှန်ကြားရေးမှူး ဝီလျံဘန်းစ်သည် ဘိုင်ဒန်အစိုးရ အဝန်းအဝိုင်းထဲတွင် ရုရှားနှင့်နီးစပ်သည်ဟု ယူဆသူတစ်ဦးတလေကိုမှ မထားလိုပေ။ ထိုအကြောင်းကို အေရှားတိုင်းမ်နှင့် စကားပြောခွင့်ရခဲ့သော အမေရိကန် အစိုးရအရာရှိများ၏ ပြောကြားချက်အရ သိရှိရခြင်း ဖြစ်သည်။
ရုရှား ကျူးကျော်မှုကို ခံနေရသည့် ယူကရိန်းနိုင်ငံ
သို့သော် အစိုးရတစ်ရပ်ထဲတွင် ရုရှားအရေး ကျွမ်းကျင်သူဦးရေ နည်းပါးနေပါက ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုများ တွင် ဒီမိုကရေတစ် နိုင်ငံခြားရေးမူဝါဒ အားသန်သူများ၊ သဘောထား ပျော့ပျောင်းပြီး အသာစီးရနေသော အစွန်းရောက် ဝါဒီ များနှင့် ဆက်နွှယ်နေသူများသာ ကျန်ရှိမည်ဖြစ်သည်။ ထိုသူများက ယူကရိန်းနှင့်စပ်လျဉ်း၍ အမေရိကန် မူဝါဒအပေါ် သက် ရောက်မှု ရှိကြသည်။
ဝါရှင်တန်ရှိ နိုင်ငံခြားရေးမူဝါဒ အခြေအတင် ဆွေးနွေးပွဲများတွင် ထဲထဲဝင်ဝင် ရှိနေဆဲဖြစ်သည့် ဘရောင်းတက္ကသိုလ်၊ ဝပ်ဆင် သိပ္ပံမှ အကြီးတန်း အရာရှိနှင့် သံတမန်ဟောင်း ချက်စ်ဖရီးမန်းက ဘိုင်ဒန်၏ မူဝါဒ အပြောင်းအလဲမှုကို အေရှားတိုင်းမ် သတင်းထောက်ကို အောက်ပါအတိုင်း ရှင်းပြခဲ့သည်။
“အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSC)ရဲ့ အကြံပေးပုဂ္ဂိုလ် ဂျက်ဆူလီဗန်က အစိုးရအတွက် ရက်သတ္တ ၈ ပတ် အချိန်ယူပြီးတော့ တစ်ဆင့်ခံစစ်ပွဲ (proxy war) အတွက် ရည်ရွယ်ချက်တွေကို ရေးဆွဲပေးခဲ့ပါတယ်။ ရုရှားကျူးကျော်မှုကို အမေရိကန် တုံ့ပြန်တဲ့ အစပိုင်းမှာတော့ ဘိုင်ဒန်အစိုးရက ရုရှားတွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ရန်စမှုတွေကို အကန့်အသတ်နဲ့ သတိ ထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ မော်စကိုဆီကနေ တိုက်ရိုက် လက်တုံ့ပြန်တာကို သတိမထားမိ၊ မမြင်မိတာတွေ ဖြစ်လာပါတယ်” ဟု ဖရီးမန်းက ရှင်းပြသည်။
“ယူကရိန်းမဟုတ်တဲ့ သတင်းရင်းမြစ်တွေကနေ ထွက်လာတဲ့ ဆန့်ကျင်ဘက် အချက်အလက်တွေကို အနောက်နိုင်ငံတွေမှာ တားဆီး ပိတ်ပင်ထားပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရ ယန္တရားထဲမှာ ကိုယ်ပိုင်ဝါဒဖြန့်မှု ပြန်ရှုရှိုက်နေရတဲ့အတွက် လျှော့တွက်မိတဲ့အန္တရာယ် ပိုများလာခဲ့ပါတယ်” ဟု ဖရီးမန်းက ဆက်လက် ပြောကြားခဲ့သည်။
ဖရီးမန်း၏ သဘောထား မှတ်ချက်ကို စီအိုင်အေမှ ရုရှားအရေးသုတေသီ အကြီးအကဲဟောင်း ဂျော့ဘီးဘီကလည်း သဘောတူ သည်။ ဂျော့ဘီးဘီသည် တစ်ချိန်က ဒုတိယသမ္မတ ဒစ်ချေနီ၏ အမျိုးသားလုံခြုံရေး တာဝန်ယူခဲ့ဖူးသူ ထောက်လှမ်းရေး ဝါရင့် တစ်ဦး ဖြစ်သည်။
“အမေရိကန်နဲ့ နေတိုးတို့ဟာ အစားစားနေရင်းနဲ့ အစာစားချင်စိတ် ပိုပြီးများလာတဲ့ ဖြစ်စဉ်မျိုးနဲ့ ကြုံတွေ့ နေရတယ်လို့ ကျနော် ယူဆပါတယ်။ ယူကရိန်းနိုင်ငံသားတွေဟာ အမေရိကန်နဲ့ နေတိုး မျှော်လင့်ထားသလို အောင်ပွဲခံလိမ့်မယ်လို့ ကျနော် မထင်ဘူးဗျ” ဟု ၎င်းက ပြောသည်။
ယူကရိန်း စစ်သားများ လူထုကို ကယ်ဆယ်ရေးလုပ်နေစဉ်
“ဒါပေမယ့် ပူတင်ကတော့ ဒီကျူးကျော်မှု စတင်ချိန်မှာ အမေရိကန် မျှော်လင့်တာထက် ကျော်လွန်ပြီး စစ်မြေပြင်မှာ အောင်မြင်မှုရတယ်လို့ပဲ ကျနော်ထင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
“ယူကရိန်းကို ထောက်ခံဖို့ မလုံလောက်သေးဘူးလို့ ကွန်ဂရက်လွှတ်တော် အမတ်အများစု စိုးရိမ်နေကြပုံ ရပါတယ်။ ဒီနေရာ မှာ အင်မတန် အန္တရာယ်များတဲ့ အခြေအနေ တစ်ရပ်ကို ကျနော်တို့ အလွန်အကျွံ မလုပ်မိဖို့ လိုပါတယ်။ ဒါကြောင့် အခုဆို ပိုပြီး စွန့်စားလုပ်ဆောင်ရမယ့် အနေအထားရှိတယ်လို့ ပြောရတာ တရားမျှတတယ်လို့ ကျနော်ထင်ပါတယ်” ဟု ဂျော့ဘီးဘီ က ကောက်ချက်ချခဲ့သည်။
ဘိုင်ဒန်သည် မကြာသေးမီက ဥပဒေနှစ်ခုကို လက်မှတ်ရေးထိုးပေးခဲ့သည်။ ယင်းတို့မှာ ချေးငွေ အစီအစဉ်ကို ပြန်လည် အသက် သွင်းရန်နှင့် ၎င်းကို ယူကရိန်းတွင် ကျင့်သုံးရန် ဥပဒေပြဋ္ဌာန်းချက်အဖြစ် ဧပြီ ၂၈ ရက်က အောက်လွှတ်တော်တွင် ထောက်ခံမဲ ၄၁၇ မဲ၊ ကန့်ကွက်မဲ ၁၀ မဲဖြင့် အတည်ပြုခဲ့သည်။
အတိုက်အခံ ၁၀ မဲမှာ ရီပတ်ဘလီကန်များ ဖြစ်သည်။ နှစ်ပတ်အကြာတွင် အောက်လွှတ်တော်သည် ယူကရိန်းအတွက် ထောက်ပံ့ ကူညီမှု အစီအစဥ်ကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့သည်။ ဘိုင်ဒန်၏ ဒီမိုကရက်တစ်ပါတီမှ ကန့်ကွက်မဲ မရှိခဲ့ပေ။
စစ်ပွဲဆီသို့ ဘိုင်ဒန်၏ ချဉ်းကပ်မှုသည် ယခင်သမ္မတ အိုဘားမားနှင့် ကလင်တန်တို့ ကျင့်သုံးခဲ့သော ကြီးမားကျယ်ပြန့်သော နိုင်ငံစုံဝါဒကို ထင်ဟပ်စေကာ အခြေခံအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖော်ညွှန်းမှုကို လိုက်နာထားခြင်း ဖြစ်သည်။ မူဝါဒအားဖြင့် “လူသားချင်း စာနာထောက်ထားမှု ဝါဒ” နှင့် ကုလသမဂ္ဂ ကဲ့သို့သော နိုင်ငံပေါင်းစုံ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အရေးပါမှု ကို လက်ခံသည်။
သို့သော် ထိုသို့သော ချဉ်းကပ်မှုတွင် ဆိုးရွားသော အန္တရာယ်များ ရှိသည်။ ရုရှားကို အားနည်းစေပြီး ပူတင်ကို နာကျင်စေလို သည့် အယူအဆသည် အမေရိကန်အတွက် ကောင်းမွန်သည်ဟု ဂျော့ဘီးဘီက ပြောကြားခဲ့သည်။
“ကျနော်တို့ အကျိုးစီးပွား အမှန်တကယ် ထိခိုက်နိုင်မယ့် ဗျူဟာမြောက် အခြေအနေတွေကို ကျနော်တို့ တွန်းလှန်နိုင်ပါ တယ်။ ရုရှားရဲ့ သမားရိုးကျ စစ်ရေးအင်အား နည်းလာတာနဲ့အမျှ တဖက်က ကြီးထွားလာတဲ့ အန္တရာယ်ကတော့ နျူကလီး ယား လက်နက်တိုက်ကို ရုရှားထုတ်သုံးမယ့် ကိစ္စဗျ” ဟု ၎င်းက သုံးသပ်ပြခဲ့သည်။
ဖရီးမန်း၏ အကဲဖြတ်မှုသည် အထက်ပါ အတိုင်း ထပ်တူထပ်မျှဖြစ်သည်။
“အမေရိကန်၊ ကျနော်တို့ရဲ့ နေတိုးမဟာမိတ်တွေ၊ ယူကရိန်းနဲ့ ရုရှားတို့ဟာ အခုအချိန်မှာ ကာလရှည် ရန်လို မုန်းတီးမှုတွေနဲ့ ချောင်ပိတ် လှောင်မိနေပါတယ်။ ကက်ရှ်မီးယားက အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခလိုပဲ ယူကရိန်း အရှေ့ဘက်နဲ့ တောင်ပိုင်းရှိ ပဋိပက္ခတွေဟာ လာမယ့် ဆယ်စုနှစ်တွေအထိ စစ်ပွဲအနေနဲ့ ဆက်ရှိနေဦးမှာပါ။ ဒါဟာ လုံးဝ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် ဥရောပရဲ့ အရှေ့ဘက် နယ်နိမိတ်ထဲမှာ ရန်လိုမှု ဆက်ဖြစ်ပြီး နျူကလီးယား အပါအဝင် ရုရှားနဲ့ အမေရိကန်တို့ ကြားထဲမှာ တိုက်ရိုက် ပဋိပက္ခကို အရှိန်တက်လာလိမ့်မယ်” ဟု ဖရီးမန်းက ပြောကြားခဲ့သည်။
“ဝါရှင်တန်နဲ့ မော်စကိုဟာ လေးနက်တဲ့ သံတမန်အရေး ဆွေးနွေးမှု မရှိတာမို့ အခုလို အရှိန်တက်လာမှာကို ဘယ်လိုတားဆီး ရမယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး” ၎င်းက မှတ်ချက်ချခဲ့သည်။
Source: Asia Times