- By CNI
- Category: ဆောင်းပါး
- Hits: 2168
CNI Article
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၁
“ခါကိဗ်အကြောင်း တွေးလိုက်တဲ့အချိန်မှာ ကျနော့်ရဲ့ နှလုံးသားက နာကျင်ရပါတယ်။ ဒုံးကျည်တစ်စင်းက ကျနော်တို့ လေ့ကျင့်ရေးကွင်းကို ထိမှန်သွားခဲ့ပါတယ်။ ဒီတော့ ကျနော်တို့ ကစားတဲ့နေရာက ဘာမှ မရှိတော့ ဘူး”လို့ ဂိုးသမားဖြစ်သူ ဆစ်ဒရန်ကိုက ပြောခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်မှာ ဆစ်ဒရန်ကိုရဲ့ အသင်းဖြစ်တဲ့ မီတာလစ် ၁၉၂၅ ခါကိဗ်အသင်းဟာ ယူကရိန်း ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီ အားလပ်ချိန် အတွင်းမှာ ပုံမှန်အတိုင်း လေ့ကျင့်ရေး အစီအစဉ်တွေကို ပြုလုပ်ခဲ့ပါတယ်။ ၂ ရက်အကြာမှာတော့ ရုရှားရဲ့ ကျူးကျော်မှုကြောင့် အရာအားလုံးက ရပ်တန့်သွားခဲ့ရပါတယ်။
အခုဆိုရင် စစ်ပွဲကာလဟာ ၆ လအတွင်း ရောက်ရှိနေပါပြီ၊ ဒီကာလအတွင်းမှာ ပဋိပက္ခတွေဖြစ်ပွားပြီး အန္တရာယ် ဆက်လက်ရှိနေခဲ့ပေမယ့် ယူကရိန်းဟာ ပြည်တွင်းလိဂ်ပြိုင်ပွဲကို ပြန်လည်စတင်ဖို့ ပြင်ဆင်နေပါတယ်။
၂၀၂၁-၂၂ ရာသီပြိုင်ပွဲကိုတော့ ဆက်လက် မကျင်းပတော့ဘဲ ဖျက်သိမ်းခဲ့ပါတယ်။ ယူကရိန်းလိဂ်ကို ရှက်တာဒိုး နက်အသင်းက ၂ မှတ်အသာနဲ့ ဦးဆောင်ခဲ့တာပါ။ သမ္မတ ဇာလန်းစကီးရဲ့ အမိန့်အရ ယူကရိန်း နိုင်ငံတော် အလံနေ့ဖြစ်တဲ့ သြဂုတ်လ ၂၃ ရက်မှာ ရာသီသစ်ကို ဆက်လက် လုပ်ဆောင်သွားဖို့ ဇူလိုင်လမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ပျက်စီးနေသော ယူကရိန်း ဘောလုံးကွင်း
“ဘောလုံး ပြန်လည်စတင်တာက နိုင်ငံအတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုပဲ”လို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ပါဗယ်လ်ကိုက ပြောခဲ့တာပါ။
“ယူကရိန်းက လုပ်နိုင်တယ်၊ ယူကရိန်းက အနိုင်ရမယ်ဆိုတာ ကမ္ဘာတစ်ခုလုံးကို သက်သေပြသလိုက်တာပါ။ ဒါက ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းအတွက် ယုံကြည်မှုရှိတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်တယ်”လို့ ပါဗယ်လ်ကိုက ပြောခဲ့တာ ဖြစ်ပါတယ်။
ရုရှားကျူးကျော်မှု နောက်ပိုင်းမှာ ကလပ်အသင်းတွေဟာ နိုင်ငံအနောက်ဘက်ရှိ အယ်လ်ဗစ်စတဲ့ မြို့တွေကို ပြောင်းရွှေ့ နေထိုင်ခဲ့ကြပြီး ဒါဟာ သူတို့အတွက် ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့ ဒေသထက် ပိုပြီးလုံခြုံတယ် လို့ ယူဆခဲ့တာပါ။
ဒိုင်နမိုကိဗ်လို အသင်းကြီးလည်း ပါဝင်ခဲ့ပါတယ်။ ဆစ်ဒရန်ကိုရဲ့ အသင်းဟာ ဆလိုဗားကီးယား နယ်စပ်ရှိ အူဇဟောရုဒ်မှာ လေ့ကျင့်မှု ပြုလုပ်ခဲ့ကြပြီး ဒါဟာ မြို့ကနေ ကီလိုမီတာ ၁,၃၀၀ ခန့်အကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။
ခါကိဗ်ရဲ့ အစိတ်အပိုင်းတွေဟာ စစ်ပွဲကြောင့် လုံးဝပျက်စီးခဲ့ပြီး ဒေသခံတွေဟာ ဒါကို ချာနိုဘိုင်းနဲ့ ခိုင်းနှိုင်းထားတာပါ။
“ကစားသမားတွေ ပြန်ဆုံတဲ့ အချိန်မှာ အားလုံးက စစ်ပွဲ စတင်တဲ့အချိန်၊ သူတို့ဘာတွေ လုပ်နေလဲစတဲ့ အကြောင်းအရာတွေကို ပြောခဲ့ကြတယ်”လို့ ဖေဖော်ဝါရီလမှာ ရည်းစားဖြစ်သူနဲ့အတူ ယူကရိန်း အနောက်ပိုင်း ကို ထွက်ပြေးခဲ့တဲ့ အသက် ၃၃ နှစ်အရွယ်ရှိ ဆစ်ဒရန်ကိုက ပြောပါတယ်။
သိပ်မကြာခင်မှာပဲ သူတို့နှစ်ဦးဟာ လက်ထပ်ခဲ့ကြပါတယ်။
“အခုလေ့ကျင့်ရေးကို ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ကျနော်တို့ရဲ့ ပရိသတ်တွေကို ပျော်ရွှင်စေချင်ပြီး ပွဲတိုင်းကို အနိုင်ယူချင်ပါတယ်”လို့ ဆစ်ဒရန်ကိုက သူ့ရဲ့ ဆန္ဒကို ပြောပြလာပါတယ်။
ယူကရိန်းအက်ဖ်အေဥက္ကဋ္ဌ ဖြစ်သူဟာ ဒီရာသီပွဲတွေကို အကောင်းဆုံး ကျင်းပနိုင်ဖို့အတွက် ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေခဲ့ကြတာပါ။ အခုအချိန်မှာ ပရိသတ်တွေ ဝင်ခွင့်ရမှာ မဟုတ်သလို ကျင်းပဖို့ ခွင့်ပြုခံထားရတဲ့ အားကစားကွင်းတွေမှာ လေကြောင်း တိုက်ခိုက်ရေး ဥသြတွေနဲ့ ဗုံး အမိုးအကာအရံတွေ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။
ဗုံးဒဏ်ခံထားရတဲ့ ယူကရိန်းဘောလုံးကွင်း
ဒိုင်နမိုကိဗ် အမျိုးသမီးအသင်းမှာ ကစားနေတဲ့ မိုင်ရွန်ချုပ်ခ်က သူမရဲ့အသင်း ဘောလုံး ပြန်ကစားခွင့်ရမယ့် အလားအလာအတွက် ပီတိဖြစ်ရသလို စစ်ပွဲတွေကနေ သူမရဲ့စိတ်ကို လွတ်မြောက်စေတယ်လို့ ပြောခဲ့ပါတယ်။
မိုင်ရွန်ချုပ်ခ်က “ကွင်းထဲပြန်ဝင်ဖို့၊ ကစားဖို့၊ ဂိုးသွင်းယူဖို့နဲ့ အနိုင်ရယူဖို့က ကစားသမားတိုင်းအတွက် ကြီးမားတဲ့ ပျော်ရွှင်မှုပါပဲ။ ဒါပေမယ့် ဖုန်းတွေပြန်ရချိန်မှာ သတင်းကြည့်ပြီး ဘယ်လိုဖြစ်သွားမှာလဲ”လို့ ပြောခဲ့ပါတယ်။
ရုရှားကျူးကျော်မှုအပြီးမှာ မိုင်ရွန်ချုပ်ခ်ရဲ့ အသင်းဖော် အများအပြားဟာ ကဒုတ်ကျင်းမှာ နှစ်ပတ်ကြာ နေထိုင်ခဲ့ ရပါတယ်။
“ဘောလုံးမှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး။ ဒါပေမယ့် ကျမတို့ရဲ့ ဒါရိုက်တာက ကျမတို့ကို မပစ်ထားပါဘူး။ ကျမတို့ကို လုပ်အားခတွေလည်း ပေးပါတယ်။ Zoom ကနေ သင်ခန်းစာတွေရခဲ့ပြီး ကစား သမားတွေကို တစ်ဦးချင်း အလုပ်တွေ ပေးခဲ့ပါတယ်။ ကျမတို့မှာ ယောဂဆရာ တစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ လေ့ကျင့်ရေး တစ်ခုနဲ့တော့ မတူပါဘူး”လို့ ဒိုင်နမို အမျိုးသမီးအသင်းနည်းပြ ပီထရန်ကိုက ပြောပါတယ်။
အဲ့ဒီနောက်ပိုင်း လတွေမှာ ဒိုင်နမို အမျိုးသား အသင်းအပြင် ရှက်တာဒိုးနက်အသင်းနဲ့ နိုင်ငံအသင်းတို့ဟာ “ Global Tour For Peace” ဆိုပြီး ထောက်ပံ့ငွေတွေ ရှာဖွေဖို့ နိုင်ငံရဲ့ အပြင်ဘက်မှာ ခြေစမ်းပွဲတွေ ဆက်တိုက် ကစားခဲ့ပါတယ်။
ယူကရိန်းအတွက် ၂ ပွဲ ကစားခဲ့ဖူးတဲ့ ရှက်တာဂိုးသမား ထရူဘင်က “နိုင်ငံတော် သီချင်း သီဆိုပြီးချိန်မှာ ကျနော်တို့ တချို့ဟာ ငိုကြွေးခဲ့ကြပါတယ်။ ရှက်တာက ကျနော့်ကို ပြုစုပျိုးထောင်ပေးပါတယ်။ ရှက်တာအသင်း ရဲ့ အင်္ကျီကို ဝတ်ခွင့်ရတဲ့ အချိန်တိုင်း အမြဲတမ်း ပျော်ရွှင်ရပါတယ်”လို့ ပြောပါတယ်။
ရှက်တာဟာ ၂၀၁၄ က ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ တိုက်ပွဲြုဖစ်ပွားခဲ့ပြီး အရှေ့ဘက် ဒိုးနက်မြို့ ကနေ ထွက်ခွာဖို့ တွန်းအားပေး ခံခဲ့ရကာ ပဋိပက္ခကြောင့် ၈ နှစ်ကြာ ပြည်နှင်ဒဏ် ပေးခံခဲ့ရတာ ဖြစ်ပါတယ်။
ဒိုးနက်ဟာ အခုအချိန် ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့ ရှေ့တန်းမှာ ရှိနေတာပါ။ ရှက်တာဟာ ပြီးခဲ့တဲ့ ရာသီက ဖျက်သိမ်းခဲ့တဲ့ လိဂ်ပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာမှာ ရှိတာကြောင့် အခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုဝင်ခွင့် တစ် နေရာကို ရရှိထားပါတယ်။
ယူကရိန်းစစ်အတွင်းက အပျက်အစီးများ
ဒိုင်နမိုကိဗ် အသင်းကလည်း ချန်ပီယံလိဂ် ခြေစစ်ပွဲ ကစားနေပြီး နီပရိုအသင်းကတော့ ယူရိုပါလိဂ် ဝင်ခွင့် ရရှိ ထားပါတယ်။ ယူကရိန်းကလပ်တွေဟာ ဥရောပပွဲစဉ်တွေကို နိုင်ငံပြင်ပမှာ ကစားဖို့ လိုအပ်နေပါတယ်။
ယူကရိန်းလိဂ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အသင်းတွေဟာ ပြင်ဆင်မှုတွေ ပြုလုပ်နေပေမမယ့် နှစ်သင်းကတော့ ပြန်လာနိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ ယူကရိန်းလိဂ် အမှတ်ပေးဇယားအဆင့် ၇ နေရာမှာ ရပ်တည်ခဲ့တဲ့ ချာနီဟစ်ဗ် အသင်းကတော့ သူတို့မြို့ကို ရုရှားတပ်တွေက ဝိုင်းရံခဲ့ပြီး မတ်လမှာ အပြီးသိမ်းပိုက်ခဲ့တာပါ။
မြို့ကို နေ့ရောညပါ ဝိုင်းရံခဲ့ပြီး လူထောင်ပေါင်းများစွာ ပိတ်မိနေခဲ့ပါတယ်။ ဒီနောက် အရပ်သား အဆောက်အ အုံ တွေနဲ့ လူနေရပ်ကွက်တွေကို တမင် ပစ်မှတ်ထားတယ်ဆိုပြီး ပြောနေခဲ့ကြပါတယ်။ အဲ့ဒါကြောင့် သူတို့ရဲ့ အိမ်ကွင်းဟာ ဆိုးရွားစွာ ပျက်ဆီးသွားခဲ့ပါတယ်။
နည်းပြအဖွဲ့ဝင်တွေဟာ လက်နက်ကိုင်ဆောင်ကာ အဆိုပါမြို့ရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေမှာ ပါဝင်ခဲ့ကြတာပါ။ ရုရှားဟာ ဧပြီလ အစောပိုင်းမှာ ထွက်ခွာသွားခဲ့ပေမယ့် ပြန်လည်တည်ဆောက်နိုင်ဖို့ လုပ်ဆောင်ရမယ့် အလုပ်တွေ အများအပြားရှိနေပါသေးတယ်။
အိုလက်ခ်ဆန်ဒါဟာ မာရီပေါလ်အသင်းမှာ ကစားနေချိန်အတွင်း ကျူးကျော်မှု ခံခဲ့ရပါတယ်။ တိုက်ခိုက်မှု ၃ လ ကြာပြီးနောက်မှာ မြို့ဟာ အပျက်အဆီးများစွာနဲ့ ကျန်ရစ်ပြီး အခု ရုရှားရဲ့ လက်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။ မာရီပေါလ် အသင်းဟာ အခုမရှိတော့ဘူးလို့ ရှက်တာကို အငှားချခံထားရတဲ့ အသက် ၂၁ နှစ်အရွယ်ရှိ အိုလက်ခ်ဆန်ဒါက ပြောခဲ့တာပါ။
ယူကရိန်းစစ်သားများ
အိုလက်ခ်ဆန်ဒါဟာ ဖေဖော်ဝါရီလက နယ်စပ်ကို ရုရှားတင့်ကားတွေ ပထမဆုံး ဝင်ရောက်လာချိန် နိုင်ငံရပ် ခြားမှာ ရှိနေခဲ့ပြီး ယူကရိန်းကို ပြန်မယ့် လေယာဉ်ပေါ် မတက်ခင် ၁၅ မိနစ်အလိုမှာ သူ့နိုင်ငံကို ကျူးကျော်ခဲ့ တယ်လို့ ပြောပြလာပါတယ်။
အခြားအသင်းဖော်တွေက သူတို့နေအိမ်အနီးရှိ အဆောက်အအုံတွေမှာ ဒုံးကျည်တွေနဲ့ ထိမှန်ခဲ့ကြောင်း မက်ဆေ့ချ်တွေ စတင် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ ပြန်သွားတော့မှာ မဟုတ်ပါဘူး။ အသင်း သစ်ရှာဖို့ ပြောခဲ့ပြီး ဘယ်လ်ဂျီယံကလပ် ဝါရီဂျန်အသင်းမှာ အငှားကစားနေခဲ့ပေမယ့် အသင်းဟောင်းအတွက် ကစားပေးချင် စိတ်ရှိနေသေးတာပါ။
“ကျနော့်ရဲ့ နှလုံးသားထဲကနေ မာရီပေါလ်ကို လွမ်းဆွတ်နေပါတယ်။ ဒီမြို့ကို အလွန်ချစ်ပြီး ကျနော်တို့မှာ လှပတဲ့ ကွင်းတစ်ကွင်း ရှိပါတယ်။ မကြာသေးခင်ကမှ မြက်ခင်းအသစ်တွေ ခင်းပြီးသွားခဲ့ပါတယ်။ ဒီမှာ မာရီပေါလ်ရဲ့ ဂျာစီကို ယူဆောင်လာပြီး ဝတ်ဆင်ပါတယ်။ ယူကရိန်းမှာ ဘောလုံးပွဲ ပြန်စရတာက ရဲရင့်တဲ့ လုပ်ရပ်တစ်ခုပါပဲ။ ဒီအတွက် ကျနော်ပျော်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျနော် အလွန်စိုးရိမ်နေပါတယ်”လို့ အိုလက်ခ်ဆန်ဒါက ပြောခဲ့ပါတယ်။
Source: BBC
- By CNI
- Category: ဆောင်းပါး
- Hits: 1445
CNI Article
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၄
ဂရမ်းဆလမ်းတစ်ဦးချင်း ချန်ပီယံဆုကို ၂၃ ကြိမ် ရရှိထားပြီး ကမ္ဘာ့အကောင်းဆုံး တင်းနစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အမေရိကန်နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလျံဟာ တင်းနစ်လောက ကနေ အနားယူတော့မှာ ဖြစ်ပါတယ်။
ကစားသမားဘဝ ၂၇ နှစ်တာ ကာလအတွင်းမှာ နိုင်ပွဲတွေ အများကြီးရခဲ့တဲ့ ဆရီနာဝီလျံ မပါဝင်တော့တဲ့ တင်းနစ် ပွဲတွေကို စိတ်ကူးနဲ့ တွေးကြည့်တာတောင် ခက်ခဲပါတယ်။ အားကစားဘက်ကနေ ကြည့်မယ်ဆိုရင် ဆရီနာဝီလျံ ဟာ ပြိုင်ပွဲရဲ့ အကြီးကျယ်ဆုံး ပြိုင်ဘက်တွေထဲက တစ်ဦးဖြစ်ပြီး အနိုင်ယူလိုစိတ် ဘယ်တော့မှ မပျောက်ဆုံးဘဲ အမျိုးသမီး အားကစားပြိုင်ပွဲတွေမှာ အသန့်ရှင်းဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။
လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ပြောဆိုတာတွေ၊ ကျားမတန်းတူညီမျှရေး၊ တန်းတူဆုကြေး ရရှိဖို့အတွက် လုပ် ဆောင်တာတွေ၊ လူမည်း အမျိုးသမီးအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံတွေကို မျှဝေပေးတဲ့ သူမကို အမှတ်ရနေကြမှာ ဖြစ်ပါတယ်။
ဆယ်ကျော်သက် တင်းနစ်မယ် ကိုကိုဂေါ့ဖ်က “ကျမ တင်းနစ်ကစားရတဲ့ အကြောင်းရင်းက ဝီလျံကြောင့်ပါ။ သူမ ရဲ့ အမွေအနှစ်က နောက်ထပ် မျိုးဆက်ပေါင်းများစွာကို လှုံ့ဆော်ပေးနိုင်တယ်”လို့ ပြောပါတယ်။
ဗြိတိန်တင်းနစ်မယ် ရာဒူကာနူကလည်း “သူမဟာ ပွဲကို ပြောင်းလဲနိုင်ခဲ့တယ်”လို့ သူ့၏ အမြင်ကို ပြောပြပါတယ်။ BBC Sports က ဆရီနာဝီလျံရဲ့ ကစားသမားဘဝ ထင်ရှားခဲ့တဲ့ အခိုက်အတန့်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁၉၉၉ အမေရိကန်အိုးပန်းမှာ ပထမဆုံး ဂရမ်းဆလမ်းအနိုင်ရ
*********************************************************
ဆရီနာဝီလျံဟာ နယူးယော့ခ်မှာ ဂရမ်းဆလမ်း ဆုဖလားကို ပထမဆုံးအကြိမ် ကိုင်မြှောက်နိုင်ခဲ့တုန်းက သူမရဲ့ အသက်ဟာ ၁၇ နှစ်အရွယ်သာ ရှိသေးပါတယ်။သူမဟာ ဒီပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်မှာ မိုနီကာဆီလတ်စ်၊ ဆီမီးဖိုင်နယ်မှာ ဒါဗန်ပေါ့တ်နဲ့ ဗိုလ်လုပွဲမှာ နာမည်ကြီးတင်းနစ်မယ် မာတီနာဟင်းဂစ် တို့ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
သူမဟာ ပထမဆုံး အာဖရိကန်- အမေရိကန် အမျိုးသမီးအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး အဆိုပါ ရက်သတ္တပတ်ထဲမှာပဲ ညီမဖြစ်သူ ဗီးနပ်စ်ဝီလျံနဲ့ နှစ်ယောက်တွဲ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ထပ်ရပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။
၂၀၀၁ အင်ဒီယန်းဝဲလ်ပြိုင်ပွဲမှာ လူမျိုးရေးခွဲခြားမှုကို ဖြေရှင်းခြင်း
*************************************************************
ဝီလျံ ညီအစ်မ နှစ်ဦးစလုံးဟာ ရိုးရာလူဖြူ အားကစားနည်းမှာ သူတို့ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ လူမျိုးရေး ခွဲခြားမှု အကြောင်းနဲ့ ဖခင်ဖြစ်သူ ရင်ဆိုင်ရတဲ့ ပြဿနာတွေအကြောင်းကို ပြောခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ဂရမ်းဆလမ်းရဲ့ အပြင်ဘက် ၂၀၀၁ အင်ဒီယန်းဝဲလ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံဖို့ အကြောင်း ဖန်လာ ခဲ့ပါတယ်။
ဗီးနပ်စ်က ဒဏ်ရာကြောင့် နုတ်ထွက်သွားတဲ့ အခါမှာတော့ ဖခင်ဖြစ်သူ ရစ်ချတ်နဲ့ ညီအစ်မတွေဟာ လုပ်ပွဲကစားဖို့ စီစဉ်တယ်ဆိုပြီး စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ ဆရီနာဟာ ဗိုလ်လုပွဲကစားဖို့ ထွက်လာတဲ့ အချိန်မှာ ပြင်းထန်စွာ လှောင်ပြောင် ခံခဲ့ရပါတယ်။
ဆရီနာဝီလျံနဲ့ ညီမဖြစ်သူ ဗီးနပ်စ် (GETTY IMAGES)
ရစ်ချတ်နဲ့ ဗီးနပ်စ်တို့ကိုလည်း ပရိသတ်တွေက လူမျိုးရေးအရ တိုက်ခိုက်ခဲ့ ကြပါသေးတယ်။ ဆရီနာဟာ နိုင်ပွဲ ရပြီးချိန်မှာ ပွဲကြည့်စင်မှာရှိတဲ့ ဖခင်ဖြစ်သူ သွားရောက် ပွေ့ဖက်ခဲ့ပါတယ်။ ဆရီနာနဲ့ ဗီးနပ်စ်တို့ဟာ ဒီပြိုင်ပွဲကို နှစ်ပေါင်းများစွာ သပိတ်မှောက်ခဲ့ကြပြီး ၂၀၁၅ အထိ ဝင်ရောက် မယှဉ်ပြိုင်ခဲ့တော့ ပါဘူး။
သြစတြေးလျအိုးပန်းကို ၂၀၀၃ ခုနှစ်က ဗိုလ်စွဲပြီး ဂရမ်းဆလမ်းအာလုံး ရယူနိုင်ခဲ့
*************************************************************************
ဆရီနာဝီလျံဟာ ၂၀၀၂ မှာ ဝင်ဘယ်လ်ဒန်နဲ့ ပြင်သစ်အိုးပန်း ချန်ပီယံဆုတွေကို ရယူပြီးနောက် သူ့ရဲ့ ဆုဖလား ဗီရို ထဲထည့်ဖို့ ဂရမ်းဆလမ်းဆုဖလားအဖြစ် သြစတြေးလျအိုးပန်းသာ ရှိတော့တာပါ။ ဆရီနာဟာ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ မှာ ညီမဖြစ်သူ ဗီးနပ်စ်နဲ့ တွေ့ဆုံခဲ့ပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သူမဟာ အဓိကဆုဖလား ၄ ခု ဆက်တိုက်ကို ရယူနိုင်ခဲ့ပြီး အသက် ၂၂ နှစ်အရွယ်မှာပဲ ဂရမ်းဆလမ်းဆုဖလား အားလုံးကို သိမ်းပိုက်နိုင်တဲ့သူ ဖြစ်လာခဲ့ပါတယ်။
၂၀၁၂ ဝင်ဘယ်လ်ဒန်အိုးပန်းနဲ့ လန်ဒန်အိုလံပစ်မှာ နှစ်ထပ်ကွမ်း အောင်မြင်မှုရယူခဲ့
****************************************************************************
ဆရီနာဝီလျံဟာ ၂၀၁၂ က လန်ဒန်မှာ ကျင်းပခဲ့တဲ့ အိုလံပစ်နဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းမှာ ချန်ပီယံဆုတွေကို နှစ်ထပ် ကွမ်း ရယူနိုင်ခဲ့ပါတယ်။ ဆရီနာဟာ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲရဲ့ တစ်ဦးချင်းနဲ့ နှစ်ယောက်တွဲပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့သလို အဆိုပါကွင်းမှာပဲ ကျင်းပခဲ့တဲ့ လန်ဒန်အိုလံပစ်မှာလည်း အောင်ပွဲခံနိုင်ခဲ့တာပါ။
ဆရီနာဝီလျံနဲ့ ဖခင်ဖြစ်သူ (talkSPORT)
လန်ဒန်အိုလံပစ်မှာလည်း ဆရီနာဝီလျံဟာ တစ်ဦးချင်းနဲ့ နှစ်ယောက်တွဲ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့ ပါတယ်။
၂၀၁၅ အမေရိကန်အိုးပန်းမတိုင်ခင် နောက်ထပ် ဆရီနာဆလမ်းထပ်ဖြစ်ခဲ့
*******************************************************************
ဆရီနာဟာ ၂၀၁၅ ရာသီအစနဲ့ အဆုံးကို ကမ္ဘာ့နံပတ်တစ်အဖြစ် ဖြတ်သန်းခဲ့ပြီး ၂၀၁၄ အမေရိကန်အိုးပန်းနဲ့အတူ သြစတြေးလျအိုးပန်း၊ ဝင်ဘယ်လ်ဒန်အိုးပန်းနဲ့ ပြင်သစ်အိုးပန်း ချန်ပီယံဆုကို ၂၀၁၅ ခုနှစ်မှာ ရယူနိုင်ခဲ့ပါတယ်။
သူမဟာ ဂရမ်းဆလမ်း အားလုံးကို ရယူနိုင်ခဲ့တာကြောင့် နောက်ထပ် ဆရီနာဆလမ်းအဖြစ် သတ်မှတ်ခဲ့တာပါ။ ဆရီနာဟာ အမေရိကန် အိုးပန်းချန်ပီယံဆုကို ၄ နှစ် ဆက်တိုက် ရယူနိုင်ဖို့ ဆီမီးဖိုင်နယ် အဆင့်အထိ တက်လှမ်း နိုင်ခဲ့ပေမယ့် အီတလီနိုင်ငံသူ ဗင်စီက အားလုံး အံ့အားသင့်ဖွယ် စွမ်းဆောင်ပြခဲ့ပြီး ဆရီနာဝီလျံကို ကြေကွဲစေခဲ့ ပါတယ်။
ဂရမ်းဆလမ်းဆုဖလား ၂၃ ကြိမ်အဖြစ် ၂၀၁၇ သြစတြေးလျအိုးပန်းမှာ ကိုယ်ဝန် ၈ ပတ်နဲ့ ချန်ပီယံဆု ရရှိ
***********************************************************************************************
ဆရီနာဝီလျံဟာ တစ်နှစ်တာရဲ့ ပထမဆုံး ဂရမ်းဆလမ်း မတိုင်ခင် မကြာမီ သူမရဲ့ ပထမဆုံး ရင်သွေးလေး ရယူနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ ကိုယ်ဝန်လွယ်ထားရတဲ့ ၈ ပတ်မှာ ဆရီနာဝီလျံဟာ ၈ ကြိမ်မြောက် သြစတြေးလျ အိုးပန်း ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပြီး စတီဖီဂရဗ်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
အဲ့ဒါကြောင့် သူမရဲ့ အထက်မှာ ဂရမ်းဆလမ်း အများဆုံး ကစားသမားအဖြစ် မာဂရတ်ကော့တ် တစ်ဦးတည်းသာ ရှိတော့ပါတယ်။ ဆရီနာဝီလျံဟာ မီးမဖွားခင်မှာ ကမ္ဘာ့အဆင့် ထိပ်ဆုံးနေရာကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။
စူပါဟီးရိုးဝတ်စုံနဲ့ ၂၀၁၈ ပြင်သစ်အိုးပန်း ပြိုင်ပွဲဝင်
***************************************************
ဆရီနာဝီလျံဟာ အမေရိကန်မှာရှိတဲ့ လူမည်းအမျိုးသမီးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ ကြုံတွေ့နေရတဲ့ ရုန်းကန်မှုတွေ၊ အထူးသဖြင့် ကိုယ်ဝန် ဒါမှမဟုတ် မီးဖွားခြင်းနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို အကျယ်တဝင့် ပြောဆိုခဲ့ပါတယ်။
ဆရီနာဟာ အိုလံပီယာကို မွေးဖွားပြီးနောက် သွေးကြောပိတ်ဆို့ပြီး သေဆုံးလုနီးပါး ဖြစ်ခဲ့ပါတယ်။ ဆရီနာဝီလျံ ဟာ ကလေးမွေးဖွားပြီးနောက် ၈ လအကြာ ပြင်သစ်အိုးပန်းပြိုင်ပွဲကို ပြန်လာခဲ့ပြီး သူ့ကိုယ်သူ Wakanda က ဘုရင်မလို့ ခံစားကာ သွေးခဲခြင်းကို ရင်ဆိုင်ဖို့ ကူညီနိုင်ခဲ့ပါတယ်။
နှစ်လ အကြာမှာ သူမဟာ ဝင်ဘယ်လ်ဒန်အိုးပန်း ဗိုလ်လုပွဲ ရောက်ရှိခဲ့ပေမယ့် ကာဘာကို အရေးနိမ့် သွားခဲ့ပါ တယ်။
စည်းကမ်းကြီးကြပ်သူကို တုံ့ပြန့်နေတဲ့ ဆရီနာဝီလျံ (ABC News)
၂၀၁၈ အမေရိကန်အိုးပန်းမှာ အငြင်းပွားဖွယ်ရာဖြစ်ရပ် ဖြစ်ခဲ့
*******************************************************
ဆရီနာဝီလျံဟာ အမျိုးသမီး ဂရမ်းဆလမ်း အများဆုံး ကစားသမားအဖြစ် မာဂရတ်ကော့တ်ရဲ့ စံချိန်ကို ချိုးဖျက် နိုင်ဖို့အတွက် သမီးမွေးဖွားပြီးတာတောင် အကြိမ်ကြိမ် ကြိုးစားနေခဲ့တာပါ။ သူမဟာ ဗိုလ်လုပွဲမှာ နာအိုမီ အိုဆာကာနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။
ဆရီနာဟာ ဒီပွဲမှာ သူ့ကို ၃ မှတ် လျှော့ချခဲ့တဲ့ ဒိုင်လူကြီး ကားလို့စ်ရာမို့စ်ကို လူလိမ်၊ အမှတ်သူခိုး ဆိုပြီး ခေါ်ဆိုမှု ခဲ့ပါတယ်။ အဲ့ဒီမှာ သဘောထားကွဲလွဲပြီး ပရိသတ်ကြီးဆီကို ဦးတည်သွားခဲ့ပါတယ်။ ဒီပွဲမှာ အိုဆာကာ အနိုင်ရခဲ့ ပေမယ့် သူတို့ နှစ်ဦးစလုံး ငိုကြွေးခဲ့ရတာပါ။
ငိုကြွေးနေတဲ့ ဆရီနာဝီလျံ (Tennis)
ပြန်လာနိုင်ဖို့ ကာလကြာရှည်စောင့်ဆိုင်းခဲ့ရပြီး ၂၀၂၂ ဝင်ဘယ်လ်ဒန်အိုးပန်းမှာ ပြန်ကစားနိုင်ခဲ့
******************************************************************************************
ဆရီနာဝီလျံဟာ ဒဏ်ရာကြောင့် အနားယူတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပြီး နောက်ဆုံးမှာ အံ့အားသင့်ဖွယ် တင်းနစ်ကွင်းတွေဆီကို ပြန်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆရီနာဟာ ပထမအဆင့်မှာပဲ အရေးနိမ့် ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။
အခုဆိုရင် ဆရီနာဝီလျံဟာ အမေရိကန် အိုးပန်းအပြီးမှာ အနားယူတော့မှာ ဖြစ်တာကြောင့် ဆရီနာ နောက် တစ်ယောက် ဘယ်တော့မှ ရှိမှာမဟုတ်တော့ပါဘူး။ ဆရီနာ အနေနဲ့ ကစားသမားဘဝ နောက်ဆုံး ဂရမ်းဆလမ်း ပွဲစဉ်မှာ သူမျှော်လင့်နေတဲ့ အောင်မြင်မှုရယူပြီး အဆုံးသတ် မလားဆိုတာတော့ အားလုံးစိတ်ဝင်စားစွာနဲ့ စောင့်ကြည့် နေမယ်ဆိုတာ အသေအချာပါပဲ။
Source: BBC
- By CNI
- Category: ဆောင်းပါး
- Hits: 1251
CNI Article News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁
မြန်မာပြည်ဖွား တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ ONE Championship ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့ပြီး ကိုယ်ခံပညာနယ်ပယ်မှာ ကမ္ဘာတစ်ဝှမ်းရဲ့ အသိအမှတ် ပြုမူကို ရရှိခဲ့ပါတယ်။
သူဟာ အလွန်ကောင်းမွန်တဲ့ ရလဒ်တွေ ရယူနိုင်ခဲ့ပြီး သူ့ရဲ့ မွေးရပ်မြေ မြန်မာနိုင်ငံသမိုင်းမှာ အကြီးကျယ်ဆုံး အားကစား သမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ မြန်မာ့စပါးအုံး မြွေလို့ ခေါ်ဝေါ်ကြတဲ့ အောင်လအန်ဆန်းဟာ ONE Championship ပြိုင်ပွဲမှာ အောင်မြင်တွေ ရယူနိုင်ဖို့အတွက် သူဟာ အခက်အခဲ ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရပါတယ်။
အောင်လအန်ဆန်းရဲ့ မြန်မာနိုင်ငံ ဘဝ အစပိုင်းမှာ ဇာတိမြို့ မြစ်ကြီးနားကနေ ရန်ကုန်ကို မိသားစုနဲ့အတူ ပြောင်းရွှေ့ နေထိုင် ခဲ့ပါတယ်။ ဒီလို နေရတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးမြို့မှာ သူနဲ့ သူ့ရဲ့ မောင်နှမတွေ ကောင်းမွန်တဲ့ ပညာ ရေးကို သင်ကြားနိုင်စေတာကြောင့် ဖြစ်ပါတယ်။
အောင်လအန်ဆန်းဟာ ထူးချွန်တဲ့ ကျောင်းသားဖြစ်ခဲ့ပြီး ကျောင်းအတွက် အားကစားပြိုင်ပွဲတွေမှာလည်း ပါဝင်ကစားခဲ့ပါ တယ်။ သူဟာ အဲ့ဒီအချိန် ကတည်းက ပြိုင်ဆိုင်မှုတွေမှာ မကြာခဏ ရှုံးနိမ့်နေရခြင်းကို နှစ်သက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
“ကျနော်တို့ ဘောလုံးကစားတဲ့ အချိန်၊ ဘတ်စကတ်ဘော ကစားတဲ့အချိန်၊ ဘောလီဘော ကစားတဲ့ အချိန်တွေမှာ ကျနော်တို့ ရှုံးနိမ့်တယ်။ အားကစား အများစုမှာ ကျနော်တို့ ရှုံးနိမ့်နေမယ်ဆိုရင် ဒါတွေက ကျနော့်ကို ရူးသွပ်စေပါတယ်။ ပြီးတော့ စိတ် မကောင်းလည်း ဖြစ်တယ်”လို့ အောင်လအန်ဆန်းက ပြောပါတယ်။
သူဟာ ဘွဲ့ရပြီးနောက် အမေရိကန်မှာ ပညာဆက်လက် သင်ယူခဲ့ပါတယ်။
အောင်လအန်ဆန်း မိသားစု
အောင်လအန်ဆန်းက “ နည်းပြတွေနဲ့ ပတ်သက်တဲ့အခါမှာ မြန်မာနိုင်ငံနဲ့ အခြားနေရာတွေမှာ ကြီးမားတဲ့ ကွာဟချက်တွေရှိ ပါတယ်။ ဒီလို ကွာဟမှုတွေကို ပိတ်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ သူ့ရဲ့ ဆန္ဒကို ပြောပြပါတယ်။
အောင်လအန်ဆန်းဟာ ၂၀၀၃ မှာ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ပြီး အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ရှိ အန်ဒရူးစ်တက္ကသိုလ် မှာ စိုက်ပျိုးရေး သိပ္ပံပညာရပ်ကို လေ့လာခဲ့ပါတယ်။
လေ့လာမှု ကောင်းမွန်ခဲ့ပေမယ့် တစ်နှစ်အကြာမှာ မတော်တဆ တွေ့ဆုံမှုတစ်ခုက အရာအားလုံးကို ပြောင်းလဲသွားစေခဲ့ပါ တယ်။ အောင်လအန်ဆန်းဟာ ဆာမိုအန်ဆိုတဲ့ သူနဲ့ တွေ့ဆုံခဲ့ပြီးနောက် ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်လာဖို့အတွက် လမ်း ကြောင်းပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
“သူနဲ့တွေ့အပြီးမှာ ကျနော်ဟာ ဘရာဇီးလ်ဂျူဂျစ်ဆု လေ့ကျင့်မှုတွေ စလုပ် တယ်။ ဒါကို ချစ်မြတ်နိုးသွားတယ်။ ကိုယ်ခံပညာ ရပ်ကိုလည်း ချစ်မြတ်နိုးခဲ့တယ်”လို့ အောင်လအန်ဆန်းက ပြန်ပြောင်း ပြောခဲ့ပါတယ်။
ဒီလို လေ့ကျင့်မှုတွေကို အောင်လအန်ဆန်း ဆက်လက် ပြုလုပ်ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်၊ မတ်လမှာ ပရော်ဖက်ရှင်နယ် MMA ပွဲဦးထွက်အဖြစ် လိုက်ဟဲဗီးဝိတ်တန်းမှာ သူ့ထက် သိသိသာသာ ကြီးမားတဲ့ ပြိုင်ဘက်နဲ့ ထိုးသတ်ခဲ့ပါတယ်။
အောင်လအန်ဆန်းဟာ ဒီပွဲစဉ်ရဲ့ ပထမအချီမှာပဲ ပါးရိုးရောင်ရမ်းခဲ့တဲ့အတွက် ဆရာဝန်က ဆက်ထိုးဖို့ ခွင့်မပြုတော့တာ ကြောင့် အရေးနိမ့် သွားခဲ့ပါတယ်။ ဒီအရှုံးကြောင့် အောင်လအန်ဆန်း တစ်ယောက် စိတ်ဓာတ်ကျ သွားခြင်းတော့ မရှိခဲ့ပါဘူး။
အောင်လအန်ဆန်းက “ဒါက ကျနော့်ကို ကိုယ်ခံပညာကို နှစ်သက်စေခဲ့ပါတယ်။ အလွန် စိတ်လှုပ်ရှားမိပါတယ်။ ပိုပြီး လေ့ကျင့်မှုတွေ ပြုလုပ်ပြီး ပိုကောင်းလာဖို့ အတွက်လည်း ကြိုးစားချင်ခဲ့တယ်။ သူတို့က နောက်ထပ် ပွဲရှိတယ်လို့ ပြောခဲ့ တယ်”လို့ ပြောပါတယ်။
MMA ပွဲဦးထွက် ယှဉ်ပြိုင်မှု အပြီးမှာ အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ်တန်းကို ပြောင်းလဲခဲ့ပြီး ထိုးသတ်ခဲ့တဲ့ နောက်ထပ် ၅ ပွဲမှာ ပထမအချီတွေမှာပဲ အနိုင်ထိုးသတ်နိုင်ခဲ့ ပါတယ်။
ဒီလို ယှဉ်ပြိုင်မှုတွေနဲ့အတူ တစ်ချိန်တည်းမှာပဲ အောင်လအန်ဆန်းဟာ ကျောင်းဝင်းအနီးမှာရှိတဲ့ နို့စား မွေးမြူရေးခြံမှာ အလုပ်လုပ်ကိုင်ရင်းနဲ့ ကျောင်းကို ဆက်ပြီး တက်နေခဲ့တာပါ။
ဒီလိုနဲ့သူ ဘွဲ့ရရှိပြီးနောက် ၂၀၀၇ မှာ အောင်လအန်ဆန်းဟာ မေရီလန်းပြည်နယ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။
သူဟာ ဘာတီမိုးရှိ အားကစားရုံမှာ လေ့ကျင့်မှု ပြုလုပ်နေချိန်အတွင်း သူ့ရဲ့ အစ်မဖြစ်သူအိမ်မှာ နေထိုင်ကာ အလုပ်ရှာဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အောင်လအန်ဆန်းရဲ့ အလုပ်ရှာဖွေမှုဟာ ဖလော်ရီဒါအထိ ရောက်ရှိသွားခဲ့ပြီး ရွှေ့ပြောင်း ပျားမွေးမြူရေးသမားအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
အောင်လအန်ဆန်း မိသားစု
တစ်နှစ်ခွဲကျော် အကြာမှာတော့ သူ့ရဲ့ တိုက်ခိုက်မှုအပေါ် အလုပ်ရဲ့ ဆိုးကျိုးတွေကို သတိထားမိလာခဲ့ပါတယ်။ အဲ့ဒါကြောင့် သူဟာ အလုပ်ကထွက်ပြီး ချန်ပီယံဖြစ်ဖို့အတွက် ခရီးဆက်ခဲ့ပါတော့တယ်။
မြန်မာ့စပါးအုံးမြွေဟာ မေရီလန်းကို ပြန်သွားပြီး Crazy 88 အားကစားရုံမှာ ထပ်မံလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။ သူ့ရဲ့ စိတ်သဘောထား အသစ်တွေနဲ့ ဆုံးဖြတ်ချက်တွေကြောင့် သူဟာ ထိုးသတ်ပွဲတွေမှာ ပိုပြီး အောင်မြင်လာခဲ့ပါတယ်။
အောင်လအန်ဆန်းက “ခင်ဗျား စိုက်ပျိုးထားတဲ့ အတိုင်း ရိတ်ရတာပါပဲ။ အလုပ် မလုပ်ဘူးဆိုရင် ဘယ်လိုအကျိုးအမြတ်ကိုမှ ခင်ဗျားတို့ ရနိုင်မှာ မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၁၅ ပွဲ အနိုင်ရပြီးနောက် ၂၀၁၄ မှာ အောင်လအန်ဆန်းဟာ ONE Championship နဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ အောင်လအန်ဆန်းဟာ ပွဲစဉ်ပေါင်း ၄ ပွဲကို ဖြတ်ကျော်အပြီးမှာ လူသိများလာကာ အချိန်တိုအတွင်းမှာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
အောင်လအန်ဆန်းဟာ သီတင်းနှစ်ပတ်ခန့် လေ့ကျင့်ပြင်ဆင်ပြီးနောက် ၂၀၁၇ ဇန်နဝါရီမှာ ဘစ်ဒက်ရှ်နဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး ရှုံးနိမ့်ခဲ့ပေမယ့် ကြီးကျယ်တဲ့ ပြိုင်ဆိုင်မှုကို စတင်နိုင်ခဲ့ပါတယ်။ ၅ လ အကြာမှာတော့ မြန်မာနိုင်ငံမှာ မကျေပွဲအဖြစ် ထိုးသတ် ဖို့ ဖြစ်လာခဲ့တာပါ။ အောင်လအန်ဆန်းဟာဆိုရင် လေ့ကျင့်မှု အပြည့်အဝ ပြုလုပ်ပြီးနောက် အမိမြေမှာ ONE ရဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲကို တစ်နှစ်တာ အကောင်းဆုံး ထိုးသတ်ပွဲလို့ သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဘယ်လို အားကစားနည်းမှာ မဆို ပထမဆုံး ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
အောင်လအန်ဆန်းက “ ဒါကို အမှန်တကယ် မဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ ဒါဟာ ကျနော်တစ်ဘဝလုံး လုပ်ခဲ့တဲ့ အရာဖြစ်ပြီး ကျနော့်ရဲ့ မွေးရပ်မြေ ပရိသတ်ရှေ့မှောက်မှာ အမှန်တကယ် ဖြစ်လာတာပါ။ ကျနော် အံ့သြပြီး ပျော်ရွှင်ခဲ့ရသလို အလွန် ကောင်းမွန်တယ်လို့လည်း ခံစားခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့ငယ်လေးကနေ လာရတာ မယုံနိုင်စရာကောင်းပြီး ကမ္ဘာ့ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူစရာပါပဲ”လို့ ပြောခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း သူ့ရဲ့ စွမ်းဆောင်ရည်တွေက အလွန်ကောင်းမွန်ခဲ့တာပါ။
၂၀၁၈ မှာတော့ အောင်လအန်ဆန်းဟာ ONE လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဆုနဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဆုကို ၂ ကြိမ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဟာဆီဂါဝါနဲ့ ပထမဆုံးအကြိမ် ချန်ပီယံဆု ကာကွယ်တဲ့ပွဲက အကောင်းဆုံးပွဲနဲ့ တစ်နှစ်တာ အကောင်းဆုံး အလဲထိုးပွဲအဖြစ် ကြေညာခြင်း ခံခဲ့ရတာပါ။
နိုင်ပွဲတွေ ဆက်တိုက်ဆိုသလို ရယူနိုင်ခဲ့ပြီး ဟဲဗီးဝိတ်ချန်ပီယံ ဘရန်တန်ဗီရာကို အနိုင်ရတဲ့ပွဲကလည်း အောင်လအန်ဆန်းရဲ့ အကောင်းဆုံး ပွဲတွေထဲက တစ်ပွဲဖြစ်ခဲ့ပါတယ်။ အောင်လအန်ဆန်းဟာ မြန်မာနိုင်ငံမှာ ဂုဏ်ပြုမှု အများအပြား ရယူနိုင်ခဲ့တာ ပါ။
အောင်လအန်ဆန်းနဲ့ မြန်မာနိုင်ငံက ကလေးငယ်များ
အဲ့ဒီနောက်မှာ သူဟာ ပရဟိတနဲ့ သက်ဆိုင်တဲ့ ပရော်ဂျက် အများအပြားကို ပံ့ပိုးကူညီခဲ့သလို၊ စိတ်ဓါတ် လှုံ့ဆော်မှုဆိုင်ရာ မိန့်ခွန်းတွေ ပြောခြင်း၊ လှုမှုရေးအရ ဘေးဖယ်ခြင်း ခံထားရတဲ့ အစုအဖွဲ့တွေဆီ သွားရောက်ခြင်း၊ ဒေသခံ တောင်သူလယ် သမားတွေနဲ့ တွေ့ဆုံခဲ့သလို ကျား/မ အခြေပြု အကြမ်းဖက်မှုတွေကိုလည်း တိုက်ဖျက်ခဲ့ပါတယ်။
အောင်လအန်ဆန်းဟာ မြန်မာ့တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးမှာလည်း တက်ကြွစွာ ထောက်ခံသူအဖြစ် ရှိနေခဲ့ပါတယ်။
၂၀၁၈ နိုဝင်ဘာလမှာ မြန်မာနိုင်ငံရှိ WWF ရုံးက တောရိုင်းတိရစ္ဆာ ရာဇဝတ်မှုဆိုင်ရာ သံတမန်အဖြစ် အောင်လအန်ဆန်း ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
“သူတို့အနေနဲ့ ရွေးချယ်မှုတွေ ပြုလုပ်ကာ ကြိုးစားအားထုတ်ပြီး သူတို့ရဲ့ စိတ်နဲ့ ဝိဉာဉ်ကို ဒီထဲ ထည့်သွင်းလိုက်မယ်ဆိုရင် အမြင့်ဆုံး အဆင့်မှာ အောင်မြင်နိုင်တယ် ဆိုတဲ့အကြောင်း ကျနော့်မွေးရပ်မြေနဲ့ ကျနော့်တိုင်းပြည်က သူတွေသိအောင် လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ အားကစားစံပြပုဂ္ဂိုလ် တစ်ဦးအနေနဲ့ ကျနော်ဟာ အကောင်းဆုံး တိုက်ခိုက်ရေး သမားဖြစ်ခြင်းနဲ့ နိုင်ငံတစ်ခုလုံးကို လှုံ့ဆော်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့်မှာ ဘယ်တုန်းကမှ မပြိုင်ဖူးပါဘူး။ ဒါက ကျနော့် အတွက် ဂုဏ်ယူစရာဖြစ်သလို ဂုဏ်ယူရမယ့် အရာတစ်ခုပါ။ ကျနော့်စိတ်ကိုလည်း တကယ်လှုံ့ဆော်မှု ပေးပါတယ်”လို့ အောင်လအန်ဆန်းက ပြောပါတယ်။
မြန်မာ့စပါးအုံးမြွေဟာ ကိုဗစ် ကူးစက်မှုတွေကြောင့် သူ့ရဲ့ စွမ်းဆောင်ရည် အနည်းငယ် ကျဆင်းသွားခဲ့ပြီး ၂၀၂၀ မှာ ရိုင်နီယာကို အရေးနိမ့်ကာ ၂ နှစ်ကျော်ကြာ ထိန်းသိမ်းထားတဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဆုကို လွှဲပြောင်း ပေးခဲ့ရတာပါ။
အောင်လအန်ဆန်းဟာ ၂၀၂၁ မှာ ရိုင်နီယာကိုပဲ ထပ်မံအရေးနိမ့်ကာ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆုကိုပါ စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။၂ ပွဲဆက် ရှုံးနိမ့်ပြီးနောက် ၂၀၂၁ မှာ နောက်ထပ် ပွဲထိုးသတ်ခဲ့တာမှာတော့ လီအန်ဒရိုကို အနိုင်ယူကာ နိုင်ပွဲ ပြန်လည် ရရှိခဲ့ပါတယ်။
အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ် ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားပြင်ဆင်ခဲ့ပေမယ့် အခုနှစ်ထဲမှာ ထိုးသတ်ခဲ့တဲ့ နောက်ဆုံးပွဲမှာတော့ ဘစ်ဒက်ရှ်ကို အရေးနိမ့်သွားခဲ့တာပါ။ ဒီလိုရှုံးပွဲတွေကြောင့် အောင်လအန်ဆန်းဟာ အားနည်းနေတဲ့ နပန်းပညာရပ်ကိုပါ သင်ယူပြီး လေ့ကျင့်မှုတွေ ပိုပြီး လုပ်ဆောင်နေတာကြောင့် ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည် ရယူနိုင် မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
Source: Apmma.Net
- By CNI News
- Category: ဆောင်းပါး
- Hits: 2064
CNI Article News
၂၀၂၂ ခုနှစ်၊ မေလ ၂၉
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းခဲ့ရာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး တစ်နှစ်အကြာ လူဦးရေ ၅ သိန်း ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါး လိုအပ်ချက်များကို လက်လှမ်း မမီသူနိုင်ပေါင်း သန်းနှင့်ချီ၍ ရှိလာခဲ့သည်။
အမျိုးသမီးများအတွက် လစဉ်ဓမ္မတာလာခြင်းကို ထိန်းသိမ်းသန့်ရှင်းရာမှာလည်း အခက်အခဲများ ရင်ဆိုင်လာရသည်။
“ကျမ တနေ့လုံး၊ တညလုံး သန့်ရှင်းရေးလုပ်ဖို့ ဂွမ်းထုပ်တစ်ခုတည်းပဲ သုံးနိုင်တယ်။ တခါတလေ သွေးလျှံကျလာတဲ့အထိ သုံးရတယ်။ ဂွမ်းထုပ် လုံးဝမရရင်တော့ အဝတ်စတွေပဲ သုံးရတော့တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ပိုင်းမှ မစန္ဒာက ပြောပြသည်။
ပြီးခဲ့သည့်နှစ်က မစန္ဒာသည် တောထဲ၌ တာပေါ်လင်တစ်ချပ်ပေါ် မကြာခဏ အိပ်စက်ခဲ့ရပြီး အနီးအနားရှိ စာသင်ကျောင်း များနှင့် ဘုန်းကြီးကျောင်းများတွင် ခိုလှုံခဲ့ရသည်။
သူ့အတွက် သန့်ရှင်းသည့် အဝတ်အထည်များ ယူဆောင်လာဖို့ အခက်အခဲတွေ့ရုံမက ရေချိုးရန် (သို့မဟုတ်) အတွင်းခံ ဘောင်းဘီ လျှော်ဖွပ်ရန် ရေမလုံလောက်မှုကလည်း နောက်ထပ် အခက်အခဲတွေ့စေသည်။ သို့ဖြင့် ရုပ်ပိုင်းဆိုင်ရာ မသက် မသာဖြစ်မှု၊ ရှက်ရွံ့စိတ်နှင့် ရောဂါပိုး ကူးစက်အန္တရာယ်တို့ကိုပါ ရင်ဆိုင်လာရတော့သည်။
“ကျမက ဓမ္မတာလာတဲ့အချိန် လမ်းထလျှောက်ဖို့ (ဒါမှမဟုတ်) တခြားသူတွေအနားသို့ သွားဖို့ စိတ်မလုံဘူးရှင့်” မစန္ဒာက ရင်ဖွင့်သည်။
အယ်လ်ဂျာဇီးယား သတင်းထောက်နှင့် တွေ့ဆုံခဲ့သူများအပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်ကို ရှောင်ရှားသောအားဖြင့် ယခုဆောင်းပါးတွင် စန္ဒာနှင့် အခြားအမျိုးသမီးများကို အမည်လွှဲ အသုံးပြုထားပါသည်။
“လူတွေက အနံ့ဆိုးလို့ သတိထားမိမှာစိုးတဲ့အတွက် စိတ်မလုံခြုံတာ ခံစားရတယ်။ သွေးပေနေတာမျိုး ရှိ/မရှိ တခြား အမျိုး သမီး တွေကို ကျမ နောက်ကျောဘက် လှမ်းကြည့်ပေးဖို့ ပြောရပါတယ်”
တစ်ချိန်တည်းတွင် ကမ္ဘာတလွှား အမျိုးသမီး သန်း ၈၀၀ တို့သည် ဓမ္မတာ သွေးစီးဆင်းမှု ရှိနေကြသည်။
အကောင်းဆုံး အခြေအနေ တစ်ရပ်ရှိသည့် အမျိုးသမီးများသည်ပင် ထိုကာလ၌ မသက်မသာ ဖြစ်လေ့ရှိပြီး စိတ်ဖိစီးမှုဖြစ်ကြ သည်။ ဆင်းရဲနွမ်းပါးသော (သို့မဟုတ်) ပဋိပက္ခ ကဲ့သို့သော ခက်ခဲကျပ်တည်းသည့် အခြေအနေမျိုးတွင် နေထိုင်ရသူများအဖို့ ဓမ္မတာလာခြင်းမှာ ၎င်းတို့၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးတို့အတွက် များစွာ ထိခိုက်မှု ဖြစ်နိုင်သည်။
အိုးမဲ့အိမ်မဲ့ ဖြစ်ရသော အမျိုးသမီးများနှင့် မိန်းကလေးများသည် ဓမ္မတာလာစဉ် မဖြစ်မနေ အသုံးအဆောင်များ ချို့တဲ့နေရ ကြောင်း၊ ဘေးကင်းလုံခြုံ၍ သီးခြားသန့်ရှင်းသော အိမ်သာနှင့် သန့်ရှင်း ဆေးကြောဖို့ နေရာ၊ အထောက်အကူပြု ပစ္စည်းများ လည်း လက်လှမ်းမီနိုင်မှု နည်းပါးနေကြောင်း ကိုလံဘီယာတက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးသုတေသီ မဂ္ဂီရှမစ်က အယ်လ်ဂျာဇီးယားသို့ ပြောသည်။
၎င်းသည် နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီနှင့် လူသားချင်းစာနာမှုအရေးပေါ် အခြေအနေများနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် ကတည်းက လုပ်ကိုင်ခဲ့ဖူးပြီး ဓမ္မတာလာခြင်းဆိုင်ရာ ကမ္ဘာတဝန်း သုတေသနပြုခဲ့သူ ဖြစ်သည်။
ဓမ္မတာ ပေါ်နေချိန် ဂွမ်းထုပ် စသည့် အသုံးအဆောင် မလုံလောက်၍ သွေးစွန်းပေမှာ စိုးရိမ်လျက် လုပ်ငန်းခွင်နှင့် စာသင် ကျောင်း အပါအဝင် နေ့စဉ်ဖြတ်သန်းမှု အချို့၌ အမျိုးသမီးများနှင့် ဆယ်ကျော်သက် မိန်းကလေးငယ်များ ပူးပေါင်းပါဝင်နိုင်မှု အားလျော့စေသည်။
ဆပ်ပြာသုံး၍ သန့်ရှင်းသောရေဖြင့် ရေမချိုးနိုင်ခြင်း (သို့မဟုတ်) ဓမ္မတာလာချိန် ဂွမ်းထုပ် ပြတ်လပ်ခြင်းကြောင့် ရောဂါပိုး ကူးစက်မှု လွယ်စေသည်။
“ဘေးကင်းလုံခြုံမှုနဲ့ ခိုလှုံစရာ ရှာဖွေဖို့ တစ်နေရာကနေ တစ်နေရာ ပြောင်းရွှေ့နေရတဲ့ အမျိုးသမီးတွေအတွက် အကူး အပြောင်း ကာလမှာ သူတို့ရဲ့ ဓမ္မတာ လာစဉ် လိုအပ်ချက်တွေ ပိုပြီး အာရုံစိုက်ဖို့ လိုပါတယ်” ဟု မဂ္ဂီရှမစ်က ပြောသည်။
မြန်မာနိုင်ငံတွင် တိုက်ပွဲများ အနှံ့အပြား ဖြစ်ပွားနေခြင်း၊ အခြေအနေ မတည်ငြိမ်ခြင်းအပြင် လူနေရပ်ကွက်၊ ကျေးရွာများနှင့် တိုက်ပွဲရှောင် စခန်းများကို စစ်တပ်က တိုက်ခိုက်နေခြင်းတို့ကြောင့် ဓမ္မတာလာနေချိန် အမျိုးသမီးများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှု ကင်းမဲ့နေခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တိုက်ပွဲရှောင်နေကြသူများ
မြန်မာနိုင်ငံရှိ မတည်ငြိမ်သော ဒေသများမှ အမျိုးသမီးများမှာ အဆက်မပြတ် လှည့်လည် သွားလာနေရသဖြင့် သန့်ရှင်းရေး သုံး ဂွမ်းထုပ်များနှင့် သန့်ရှင်းသောရေများ ရရှိရန်မှာ အဟန့်အတား ဖြစ်သည့်အပြင် လျှို့ဝှက်သိုသိပ်စွာ နေထိုင်နိုင်မှုမှာလည်း အတန်ငယ်သာ ရကြသည်။
ထို့ပြင် သန့်ရှင်းရေးသုံး ဂွမ်းထုပ်များအတွက် ကုန်ကျစရိတ်မှာလည်း ယခင်ထက် ပိုများလာကြောင်း အယ်လ်ဂျာဇီးယား တွေ့ဆုံခဲ့ရသော မြန်မာအမျိုးသမီးများက ပြောကြသည်။ လောင်စာဆီဈေးတက်မှု၊ ကုန်စည်ထောက်ပံ့ရေး ကွင်းဆက် ပြတ် တောက်မှုနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတို့ကြောင့် အခြေခံကုန်စည် ဈေးနှုန်းမှာ အဆမတန် တက်လာခဲ့သည် မဟုတ် ပါလား။
တိုက်ပွဲများကြောင့် ဒေသတွင်း ဈေးကွက်များ ပိတ်ခဲ့ရပြီး ကုန်စုံဆိုင်များသို့ ရောင်းကုန်ပစ္စည်းများ ပို့ဆောင်ရေး ပိုခက်လာ သဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် အခြေခံ လူသုံးကုန်ပစ္စည်းများ ရှားပါးလာခဲ့သည်။ စစ်တပ်သည် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကို အစာရေစာ ငတ်မွတ်စေဖို့ ‘ဖြတ်လေးဖြတ်’ ဟု သူတို့ခေါ်ကြသည့် နှစ်ပေါင်းများစွာက မဟာဗျူဟာ ထုတ်သုံးပြီး မရှိမဖြစ် လိုအပ်သော ထောက်ပံ့ရေးပစ္စည်များ စီးဆင်းသွားလာမှု ကန့်သတ်ပိတ်ဆို့နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံ၌ ကပ်ရောဂါနှင့် စစ်တပ် အာဏာသိမ်းမှုတို့ကြောင့် လူပေါင်း ၁ ဒသမ ၆ သန်းခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး လက်နက်ကိုင် ပဋိပက္ခများကြောင့် လယ်သမားများနှင့် နေ့စားလုပ်သားများ အလုပ် မလုပ်နိုင်တော့ပေ။
ယခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် တစ်ရက်လျှင် တစ်ဒေါ်လာအောက်သာ လျော့နည်းစွာ သုံးစွဲနိုင်တော့မည်ဟု ကုလသမဂ္ဂ (UN) က ယမန်နှစ် ဒီဇင်ဘာလက ခန့်မှန်းခဲ့သည်။ ထိုနှုန်းသည် ပြီးခဲ့သော ၅ နှစ် ကာလ ထက် အခြေအနေ ၂ ဆ ပိုဆိုးသွားသည်။
“ကျမသွေးတွေကို ယောက်ျားတွေ မြင်ကုန်မှာ သိပ်ရှက်တယ်ရှင့်”
စစ်တပ်အာဏာသိမ်းမှုကို လက်နက်ကိုင် တိုက်ခိုက်နေကြ
အသက် ၂၇ နှစ်အရွယ်ရှိ စန္ဒာသည် ယခင်ဧပြီလက စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ရှိ သူမ၏ကျေးရွာမှ ထွက်ပြေးခဲ့ ရသည်။ အာဏာသိမ်းပြီး ၃ လ မပြည့်ခင် အကြမ်းမဖက်ဘဲ ဆန္ဒပြသူများကို စစ်တပ်၏ ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူများ ရာနှင့်ချီ၍ သေဆုံးခဲ့ပြီးနောက် ကျေးလက်ဒေသများတွင် လက်နက်ကိုင်တော်လှန်ရေး စတင်ပေါ်ပေါက်လာခဲ့သည်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ စစ်ကိုင်းတိုင်းဒေသကြီးသည် အရပ်သားများက လက်နက်ဖြင့် ပြန်လည် တိုက်ခိုက်သည့် ပထမဆုံးသော ဒေသတစ်ခု ဖြစ်ပါသည်။
လက်နက်ကိုင်တော်လှန်ရေး ကြီးထွားလာသည်နှင့်အမျှ စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်း မီးရှို့၍ အစုလိုက် အပြုံ လိုက် သတ်ဖြတ်ခြင်း ကျူးလွန်လျက် လက်တုံ့ပြန်ခဲ့ရာ ယမန်နှစ် ဇူလိုင်လအတွင်း အနည်းဆုံး လူ ၄၀ ခန့်၏ အလောင်းများ တွေ့ရှိခဲ့ရပြီး အများစုမှာ ဒဏ်ရာရခဲ့ကြသည်။ ထိုဧရိယာများထဲတွင် ကနီမြို့နယ်လည်း ပါဝင်ပြီး လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။
စစ်သားများနှင့် ထိတွေ့ခြင်းမှ ရှောင်ရှားနိုင်ရန် ထိုဧရိယာတဝိုက်မှ ရွာသူရွာသားများသည် တောတောင်များ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်ကျောင်းများတွင် မကြာခဏ ပုန်းရှောင်ကြပြီး နေရပ်ပြန်ဖို့ ရက်သတ္တပတ်များစွာ စောင့်နေကြရသည်။
စန္ဒာ တို့ရွာတွင် ယခုအခါ ဈေးဆိုင် တစ်ဆိုင်တည်းတွင်သာ သန့်ရှင်းရေးသုံး ဆပ်ပြာများ ရောင်းချပေးသော်လည်း တစ်ခါတစ် ရံ ပြတ်လပ်သွားတတ်သည်။ ဂွမ်းထုပ်များ ရရှိနိုင်သော်လည်း နိုင်ငံအရေးပေါ် ပြဋ္ဌာန်းပြီး ကတည်းက ကုန်ကျစရိတ်မှာ အကြမ်းဖျင်း အားဖြင့် နှစ်ဆတိုးလာခဲ့သော်လည်း စန္ဒာနှင့် သူ့၏မိသားစုမှာ ဝင်ငွေမရှိပေ။
စန္ဒာသည် တနိုင်ငံလုံး အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ၏ တစိတ်တပိုင်း အနေဖြင့် စာသင်ပေးသည့် အလုပ်မှ တစ်နှစ် ကျော်ကြာ သပိတ်မှောက်ခဲ့ပြီး သူ့မိသားစုသည် ပဋိပက္ခကြောင့် နေ့စား အလုပ်သမား ဝင်ငွေကိုပင် မရှာနိုင်တော့ပေ။
“ကျမတို့မိသားစုက စားစရာနဲ့ မရှိမဖြစ် အသုံးစရိတ်တွေကို ဦးစားပေးရတာမို့ အိမ်မှာနေတဲ့ အချိန်ဆို ခါတိုင်းတော့ ဂွမ်းထုပ် မသုံးပါဘူး။ အခန်းထဲမှာပဲနေပြီး ငါတို့ရဲ့ ထမီ အဟောင်းသုံးရင် ရပါတယ်” ဓမ္မတာလာချိန် ရင်ဆိုင်ဖြေရှင်းရပုံကို စန္ဒာက ပြောသည်။
စန္ဒာသည် တောသို့ထွက်ပြေးရသောအခါ အနီးအနားတွင် ရေချိုးစရာ ရေပေးဝေလေ့မရှိပေ။ ရွာသားများသုံး လေ့ရှိသော ရေတွင်း တစ်တွင်းရှိပြီး စစ်သားများနှင့် ဝေးဝေးနေရသော နေရာကို ရှာဖွေရသဖြင့် ရေအလုံအလောက်ရသော နေရာသို့ မရောက်နိုင်၍ စန္ဒာသည် သုံးရက်လျှင် တစ်ကြိမ်သာ ရေချိုးရသည်။
“ရေချိုးတာထက် သောက်ရေကို ဦးစားပေးရတယ်” ဟု သူက ပြောသည်။
CDM လုပ်ရန် တိုက်တွန်းကြ
ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ရေအခြေအနေက ပိုကောင်းသော်လည်း လာရောက် ခိုင်လှုံသူ များပြားလွန်းပြီး အမျိုးသား၊ အမျိုးသမီး အိပ်စက်ခြင်း၊ ရေချိုးခြင်းနှင့် အိမ်သာ အသုံးပြုခြင်းတို့အတွက် ရေကို မျှတသုံးစွဲရသည်။
“ဓမ္မတာလာတဲ့အခါ ယောက်ျားတွေ (ဒါမှမဟုတ်) တခြားလူတွေက ကျမသွေးကို မြင်မှာကြောက်လို့ ညဘက်ပဲ ရေချိုးခဲ့ရ တယ်” ဟု စန္ဒာက ပြောသည်။
စန္ဒာက “အဝတ်အစားလဲဖို့ သီးသန့်နေရာ မရှိဘူး။ တစ်နေရာတည်းမှာ အတူတူ စုနေရတဲ့ စစ်ဘေးရှောင်တွေက အများကြီး ရှိတယ်။ ခါတိုင်းတော့ လူတိုင်းအိပ်နေတဲ့အချိန် ညဘက်မှာ ဂွမ်းထုပ် လဲရတယ်”ဟု ဆက်ပြောပြသည်။
သုံးပြီးသား ဂွမ်းထုပ်များကို စွန့်ပစ်ဖို့ နေရာမတွေ့လျှင် စန္ဒာသည် အိမ်မပြန်မချင်း သတိရှိရှိဖြင့် တခါတရံ သယ်သွားရတတ် သည်။ သူ့အတွင်းခံများကို အခြောက်ခံဖို့ သီးသန့်နေရာလည်း မရှိခြင်းကြောင့် အခြား အဝတ် အစားတွေအောက်မှာ ချိတ်ဆွဲ ထားကာ စိုစွတ်နေချိန်မှာလည်း ထပ်ဝတ်ရလေ့ရှိသည်။
“ကျမ အရေပြားယားယံပြီး မသက်မသာဖြစ်တာမျိုး လစဉ်ခံစားရပါတယ်” ဟု သူက ရင်ဖွင့်သည်။
ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ အမျိုးသမီးများတွင်လည်း အလားတူ ပြဿနာများ တွေ့ကြုံကြရသည်။ ထို ဒေသတွင်လည်း ပြီးခဲ့သော နှစ်အတွင်း တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၃၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ သည်။ ယခုအခါ စစ်ဘေးရှောင် အများအပြားမှာ ရေ၊ ထင်းနှင့် စားနပ်ရိက္ခာအတွက် မနည်းရုန်းကန်၍ ရှာဖွေနေကြရသည်။
အထူးသဖြင့် လူဦးရေ ထက်ဝက်ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရသည့် ကယားပြည်နယ်တွင် အကျပ်အတည်း ပြင်းထန်နေပြီး စစ်တပ်က လွိုင်ကော်မြို့တော်အပြင် စစ်ဘေးရှောင် စခန်းများနှင့် ခရစ်ယာန် ဘုရားကျောင်းများကို ဗုံးကြဲခဲ့သည်။
ကပ်ရောဂါနှင့် အာဏာသိမ်းမှုမတိုင်မီ တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်သည့် မထီးမေသည် ပြီးခဲ့သည့် မေလက တိုက်ပွဲ များကြောင့် ရွာမှ ထွက်ပြေးခဲ့သည်။ သူသည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့လာကာ တစ်ခါတစ်ရံ အကာအရံ မပါဘဲ အခြားသူများ၏အိမ် (သို့မဟုတ်) တောထဲတွင် အိပ်စက်ခဲ့ရသည်။
သောက်သုံးရေနဲ့ ချိုးရေ အခက်အခဲ
မိုးရာသီတွင် ညဘက် မကြာခဏ ရေစိုခဲ့ရသော်လည်း ယခုအခါ ခြောက်သွေ့ရာသီသို့ ရောက်ရှိနေသည်မှာ ၇ လရှိပြီး သန့်ရှင်းသော ချိုးရေကို ရှာဖွေရန် ရုန်းကန်နေရဆဲဖြစ်သည်။
“ရေတွင်းတွေ ခမ်းခြောက်နေတယ်။ တောထဲရောက်ရင် ကျွဲ၊ နွားတွေနဲ့ အတူတူ ရေကန်မှာ ဖြစ်သလို ရေချိုးရလို့ အရေပြား ယားယံပြီး အဖုတွေ ပေါက်တယ်” ဟု သူက ပြောသည်။
“ချောင်းတွေနဲ့ နီးပေမယ့် စစ်သားတွေရဲ့ ပစ်မှတ်ထားဖို့ ပိုလွယ်တာကြောင့် အဲဒီနေရာတွေကို သွားပြီး ရေမချိုးရဲကြဘူး” ဟု တကိုယ်ရည်သန့်ရှင်းရေး ကင်းမဲ့စွာနေထိုင်ရပုံကို မထီးမေက ရင်ဖွင့်သည်။
“ကျမတို့ရဲ့ ယာယီတဲတွေမှာ တံခါးတွေ၊ အခန်းတွေ မရှိဘူး။ ကျမတို့ သန့်ရှင်းရေးသုံး ဂွမ်းထုပ်လဲဖို့ လိုတယ်ဆိုရင် မိသားစု ဝင်တွေ (ဒါမှမဟုတ်) သူငယ်ချင်းတွေကို အပြင်ထွက်ခိုင်းရပါတယ်" ဟု သူမက ဆက်ပြောသည်။
ထို့အပြင် သူ့အတွက် မကြာခဏ သန့်ရှင်းရေးသုံး ပစ္စည်းများ ပြတ်တောက်ခဲ့ရသည်။
“တစ်ခါတလေမှာ လမ်းတွေ ပိတ်နေလို့ သန့်ရှင်းရေး ဂွမ်းထုပ်တွေ လုံးဝ မရှိတော့ဘူး၊ အခုအချိန်မှာတော့ အဆက်မပြတ် တိုက်ပွဲတွေ ဖြစ်တာကြောင့် လူတွေ အလုပ်မလုပ် နိုင်တော့ဘူး။ ဂွမ်းထုပ် ထွက်ဝယ်ချင်ရင်တောင် သွားလာရတာ အင်မတန် အန္တရာယ်များပြီး ဓာတ်ဆီဈေးလည်း တအားတက်နေတယ်။ အထည်တစ်ထည်တည်းကို ခဏခဏလဲရတယ်။ ကျမရဲ့ အတွင်းခံတွေ အရမ်းညစ်ပတ်ပြီး မသက်မသာ ဖြစ်ရပါတယ်။ ကျမရဲ့ အတွင်းခံတွေ၊ အဝတ်တွေကို လျှော်ဖို့ ရေမရှိလို့ ဓမ္မတာ လာတဲ့အခါ လမ်းလျှောက်တာ (ဒါမှမဟုတ်) တခြားရွှေ့ပြောင်း နေထိုင်သူတွေနဲ့ စကားပြောတာမျိုး လုပ်ဖို့ စိတ်က မလုံခြုံ ဘူး” ဟု သူက ရင်ဖွင့်သည်။
ပရဟိတနှင့် INGO ကဲ့သို့ အဖွဲ့အများအပြားသည် စစ်ဘေးရှောင် ပြည်သူများထံ သန့်ရှင်းရေးသုံး ပစ္စည်းများ ဖြန့်ဝေရန် လုပ် ဆောင် နေကြသော်လည်း အယ်လ်ဂျာဇီးယား သတင်းထောက်နှင့် တွေ့ဆုံမေးမြန်းခဲ့သော အမျိုးသမီးများက ၎င်းတို့ထံတွင် ဂွမ်းထုပ် အနည်းငယ် သို့မဟုတ် လုံးဝ မရှိတော့ကြောင်း ပြောကြားခဲ့ကြသည်။
မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် အခြေစိုက်ပြီး သန့်ရှင်းရေးသုံး ပစ္စည်းများကို ဝယ်ယူဖြန့်ဝေရန် အလှူငွေများ ကောက်ခံ နေသည့် စေတနာ့ဝန်ထမ်း တစ်ဦးက “သူနှင့် အခြားသော စေတနာ့ဝန်ထမ်းများ အနေဖြင့် ဝေးလံခေါင်သီသော ဒေသများ တွင် ခိုလှုံနေကြရသည့် စစ်ဘေးရှောင် ဒုက္ခသည်များထံ ခရီးထွက်သည့်အခါ အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း” ပြောပြ ခဲ့သည်။
လေးကေ့ကော်တိုက်ပွဲရှောင်များကို လှူဒါန်း
စစ်ရေး ပဋိပက္ခကြောင့် ပြည်တွင်းရှိ ဆိုင်အများစု ပိတ်ထားကြ၍ ဂွမ်းထုပ်များ ဝယ်ယူရာတွင်လည်း ခက်ခဲကြောင်း သူက ပြောပြသည်။ ရန်ကုန်မှ အိတ်များကို မှာယူသည့်အခါ ပို့ဆောင်မှု နှောင့်နှေးတတ်သည်။ ထောက်ပံ့ရေး ဖြန့်ဝေရာတွင် စေတနာ့ဝန်ထမ်း အများစုမှာ အမျိုးသားများ ဖြစ်သောကြောင့် စစ်ဘေးရှောင် အမျိုးသမီးများခမျာ မကြာခဏ ရှက်ရွံ့အားနာ စွာဖြင့် ဂွမ်းထုပ်တောင်းရန် တွန့်ဆုတ်နေမိကြကြောင်း သူက ဆက်ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း မစန္ဒာက အလားတူ စိုးရိမ်မှု ရှိလာခဲ့သည်။
“အိုးမဲ့အိမ်မဲ့ စခန်းအများစုကို စီမံခန့်ခွဲသူတွေက ယောက်ျားတွေဖြစ်ပြီး ကျမတို့မိန်းမသားတွေ ဒီလိုအခက်အခဲကို ထုတ်ပြော ဖို့က ရှက်တတ်ကြတယ်” ဟု သူမက ရင်ဖွင့်သည်။
“ယာယီစခန်း မန်နေဂျာတွေ (ဒါမှမဟုတ်) တာဝန်ခံတွေက အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ ဂွမ်းထုပ်လိုမျိုး စီစဉ် ပေးဖို့ မေ့သွားတတ်ကြပါတယ်” ဟု မစန္ဒာက ပြောသည်။
အမျိုးသမီး အများအပြားသည် ဝေးလံခေါင်သီသော လေ့ကျင့်ရေး စခန်းများတွင် နေထိုင်ကြပြီး တောတွင်းနှင့် တောထဲတွင် သွားလာလှုပ်ရှားနေကြသည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် ပူးပေါင်းလာကြသည်။
အသက် ၁၉ နှစ်အရွယ်ရှိ ဂလိုရီယာသည် ၎င်း၏ ရာသီသွေးချိန်များကို စီမံခန့်ခွဲရန် ခက်ခဲကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲဒေသတွင် ယခု ဖေဖော်ဝါရီလတွင် စစ်တပ်ကို ပြန်တိုက်ရန် သူလည်း လက်နက်ကိုင် လာခဲ့ကြောင်း ပြောသည်။
“တစ်ခါတလေမှာ ကျမတို့ရဲ့ ဂွမ်းထုတ်တွေကို တစ်ရက်ကို တစ်ခု မလဲနိုင်ဘူး။ တစ်ခုတည်းကိုပဲ နှစ်ရက်လောက် သုံးရတာ ရှိတယ်။ တစ်ခါတလေမှာ ဂွမ်းထုပ် လုံးဝမရတော့ရင် များများစားစား မလဲနိုင်တော့ဘဲ အမိုးအကာနဲ့ အိပ်လိုက်ရတာပါပဲ” ဟု ဂလိုရီယာက သူ့အခက်အခဲကို ထုတ်ပြောသည်။
စစ်တပ် အာဏာသိမ်းမှုကို လက်နက်ကိုင် တိုက်ပွဲ၀င်နေတဲ့ အမျိုးသမီး တစ်ဦး
ဂလိုရီယာသည် အမျိုးသား ၁၀၀ ကျော်ရှိသော စခန်းတစ်ခုမှာ အမျိုးသမီး ၁၀ ဦးခန့် နေထိုင်ရပြီး အမျိုးသမီးများအတွက် သီးခြား စခန်းချပေးပြီး ကိုယ်ပိုင်အိမ်သာ ရှိသော်လည်း ရေချိုးရာတွင်တော့ အမျိုးသားများနှင့် မျှဝေချိုးကြရသည်။
ဆပ်ပြာ နှင့် ရေရှားပါးလှပြီး ဘုံဘိုင်ခေါင်းတစ်ခုသာ ရှိသောကြောင့် ဂလိုရီယာသည် တစ်လလျှင် နှစ်ကြိမ်ခန့်သာ ရေချိုးရ သည်။ ရှေ့တန်းကို သွားတဲ့အခါ သူသည် တစ်ထည်တည်းသော ယူနီဖောင်းနှင့် အတွင်းခံကိုသာ ဝတ်ဆင်လေ့ရှိသည်။
ဂွမ်းထုပ်များကို လွယ်အိတ်ထဲတွင် ထည့်ထားကာ သောက်ရေပဲ ရသဖြင့် ရေကောင်းကောင်း မချိုးရပေ။ သို့တိုင် ဂလိုရီယာ သည် ရှေ့သို့ ချီတက်နေဆဲ ဖြစ်သည်။
“ကျမ ရာသီလာနေတယ်။ တခြားရဲဘော်တွေရဲ့ လျှောက်လှမ်းနေတဲ့ အရှိန်ကို လိုက်မီဖို့ ကြိုးစားရင်း သေနတ်တွေနဲ့ အိတ်ကြီးတွေလည်း လွယ်ထားရတယ်” ဟု သူက ပြောသည်။
“ဒီမိုကရေစီကို လိုချင်လို့ ဒီအခက်အခဲတွေကြားက ဆက်သွားမယ်”
Source: Aljazeera
(အယ်လ်ဂျာဇီးယားဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင်များဖြစ်ကြသည့် Emily Fishbein နှင့် Nu Nu Lusan တို့၏ရေးသားဖော်ပြချက်ကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်)
- By CNI
- Category: ဆောင်းပါး
- Hits: 1837
CNI Article News
၂၀၂၂ ခုနှစ်၊ မေလ ၁၈
ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှု စတင်ကြောင်း ရုရှားစစ် ကြေညာပြီးကတည်းက ယူကရိန်းစစ်ပွဲကာလ ရက်သတ္တပတ် ၁၁ ပတ်အတွင်း ကိုယ့်ရှူးကိုယ်ပတ်နေခဲ့သော ဖြစ်စဉ်များ ရှိခဲ့ပါသည်။
ဤဆောင်းပါးတွင် ယူကရိန်းအကျပ်အတည်းသို့ သမ္မတ ဂျိုးဘိုင်ဒန် ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းကို ပုံဖော်သည့် အင်အားစုကို ဆန်းစစ်ပြလိုပါသည်။ ထို့ပြင် ဘိုင်ဒန်၏ ဒီမိုကရက်တစ်ပါတီအတွင်း နိုင်ငံခြားရေးမူဝါဒ အခြေအတင် ဆွေးနွေးမှု အနေ အထား (သို့မဟုတ်) ယင်းတို့ကို ပိုင်းခြားဝေဖန် ပြလိုပါသည်။
ကလင်တန်၊ ဘုရှ်၊ အိုဘားမားနှင့် ထရမ့်အစိုးရများလက်ထက် ရာထူးအသီးသီးတွင် တာဝန်ထမ်းခဲ့ကြသော အမေရိကန် အဆင့်မြင့် စစ်ဘက်အရာရှိများ၊ ထောက်လှမ်းရေး သုံးသပ်သူများ၊ သံတမန်များနှင့် အေရှားတိုင်းမ်မီဒီယာတို့ မကြာသေးမီက တွေ့ဆုံမေးမြန်းခဲ့ပြီး သမ္မတဘိုင်ဒန်၏ မူဝါဒရေးရာ ရွေးချယ်စရာများကို အမြင်ချင်း ဖလှယ်ဖြစ်ခဲ့သည်။
လက်ရှိ ယူကရိန်း အကျပ်အတည်းမှာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဥရောပတိုက်တွင် အကြီးမားဆုံး အကျပ်အတည်း ဖြစ်လာသည်မှာ ငြင်း၍ မရပေ။
ပြီးခဲ့သည့်လ၌ ဘိုင်ဒန်အစိုးရသည် ရုရှားနိုင်ငံအပေါ် စစ်ရေးအရ သဘောထားတင်းမာသော ချဉ်းကပ်မှုတစ်ရပ် ချမှတ်ခဲ့သည် ကို မြင်တွေ့ရသည်။ အဆိုပါ ချဉ်းကပ်မှုမှာ ရုရှားအပေါ် ယူကရိန်း အောင်ပွဲခံနိုင်ရေးသည် တစ်ခုတည်းသော လက်ခံနိုင်စရာ ရလဒ်အဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။
ရုရှားပညာရှင် ဒေါက်တာမက်သရူး ရိုဂျန်စကီ
ဘိုင်ဒန်သည် ယူကရိန်းမြေပေါ် အမေရိကန် စစ်ဖိနပ်ရာများ ရှိစေမည်မဟုတ်ဟု အများသိအောင် အာမခံချက်ပေးခဲ့သည်။ သို့သော်လည်း အငြိမ်းစားဗိုလ်ချုပ်ကြီး တယ်ရီဝုဖ် (Terry Wolff) ကို အသစ်ခန့်အပ်လျက် လက်ရှိ တာဝန်ထမ်းဆောင်ဆဲနှင့် ယခင် စစ်အရာရှိဟောင်းများ ပါဝင်ပြီး ဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးကောင်စီက စစ်ရေးအကူအညီ ညှိနှိုင်းဆောင်ရွက် လျက်ရှိသည်။
ထို့ကြောင့် ယူကရိန်းအရေးတွင် အမေရိကန်တပ်ဖွဲ့ဝင်များ မြေပြင်တွင် အမှန်တကယ် ရှိနေကြောင်းမှာ ထင်ရှားပေါ်လွင် လာခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း ကော်လင်းပါဝဲလ် လက်ထက်၌ အမေရိကန်စစ်တပ်တွင် တပ်မှူးတစ်ဦးဖြစ်ခဲ့သူ ဗိုလ်မှူးကြီး လောရင့်စ်ဝီကာဆင် (Lawrance Wikerson) ၏ ပြောကြားချက်အရ ယူကရိန်းတွင် ပဋိပက္ခကြာရှည် တည်ရှိနေအောင် ဘိုင်ဒန်အစိုးရက စီစဉ်နေကြောင်း သိရသည်။
“သူတို့က မော်စကိုမှာ အစိုးရအပြောင်းအလဲ ဖြစ်စေချင်တာကြောင့် ရုရှားမတည်မငြိမ် ရှိနေအောင် ရေရှည်ပဋိပက္ခကို လို လားနေကြတယ်။ ပြီးရင် တရုတ်ဘက်ကို လှည့်မယ်။ အဲဒါက သူတို့ရဲ့ ရေရှည် ပထဝီဝင် နိုင်ငံရေးဗျူဟာပဲ” ဟု ဝီကာဆင်က ပြောသည်။
ဘိုင်ဒန်နှင့်အနီးစပ်ဆုံး အမျိုးသားလုံခြုံရေး ထိပ်တန်း အရာရှိများအပေါ် လွှမ်းမိုးနေသော သဘောထားကို ဤနေရာတွင် အတန်ငယ် ဖော်ပြလိုပါသည်။
ဒီမိုကရက်တစ် လွှတ်တော် ဥက္ကဋ္ဌ Mr. Nancy Pelos
ဘိုင်ဒန်၏ သမ္မတသက်တမ်း အစတွင် ဝါရှင်တန်ရှိ ထောက်ခံသူများနှင့်ဝေဖန်ရေးသမားများထံ မက်ဆေ့ချ်တစ်ခု ကျယ်ကျယ် ပြန့်ပြန့် ပေးပို့ခဲ့သည်။ ထိုမက်ဆေ့ချ်မှာ သမရိုးကျ အတွေးအခေါ်များမှ လမ်းကြောင်း လွှဲစေမည့် အချင်းအရာများကို သည်းခံ နေမည် မဟုတ်ကြောင်းနှင့် အပြင်လူများ၏ အမြင်၊ ကျွမ်းကျင်မှုများကို ကြိုဆိုမည်မဟုတ်ကြောင်း သတင်းစကားပင် ဖြစ် လေသည်။
ထိုသို့ အနေအထားကို အများလေးစားကြသော ရုရှားပညာရှင် ဒေါက်တာမက်သရူး ရိုဂျန်စကီ၏ ဖြစ်စဉ်တွင် နမူနာအနေဖြင့် တွေ့နိုင်ပါသည်။ ရိုဂျန်စကီသည် အမေရိကန် လွှတ်တော်ရန်ပုံငွေဖြင့် တည်ထောင်ထားသော ကန်နန်းသိပ္ပံနှင့်တွဲဖက်လျက် ဝီလဆင်စင်တာ ပညာရှင်အဖွဲ့တွင် ဒါရိုက်တာအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူဖြစ်သည်။
ရိုဂျန်စကီသည် အမေရိကန်နှင့် ရုရှားနိုင်ငံရေး သိပ္ပံပညာရှင်များ၊ အစိုးရအရာရှိဟောင်းများအကြား အဆင့်နှစ်ဆင့် ဆွေးနွေး ပွဲများတွင် စိန်ခေါ်သူမရှိအောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသူဖြစ်သည်။ သို့သော် ရိုဂျန်စကီကို ဘိုင်ဒန်၏ အမျိုးသားလုံခြုံရေး ကောင် စီ(NSC)တွင် ခန့်အပ်ရန် စဉ်းစားနေသည်ဟူသော သတင်း ပေါက်ကြားသွားသည့်အခါ ဒီမိုကရက်တစ် အမတ်များက သိမ်း ငှက်များပမာ ဝိုင်းဝန်းထိုးဆိတ်ကြတော့၏။ ယင်းသို့ ခန့်အပ်မည့်ကိစ္စကို ကဖျက်ယဖျက်ဖြင့် ခြေထိုးကြ၏။
ရိုဂျန်စကီသည် အာဏာရှိ အသိုင်းအဝိုင်း၏ ခပ်လှမ်းလှမ်းတွင် နေထိုင်ပြီး အမေရိကန်-ရုရှား ဆက်ဆံရေးအကြောင်း အာရုံစိုက် သုတေသနပြုနေသော အကျိုးအမြတ် မယူသည့်အဖွဲ့ ခေါင်းဆောင်အဖြစ်သာ ရှိနေသည်။
သို့သော် သူနှင့်ပတ်သက်၍ စိတ်ပူသည်က စီအိုင်အေဖြစ်သည်။ စီအိုင်အေညွှန်ကြားရေးမှူး ဝီလျံဘန်းစ်သည် ဘိုင်ဒန်အစိုးရ အဝန်းအဝိုင်းထဲတွင် ရုရှားနှင့်နီးစပ်သည်ဟု ယူဆသူတစ်ဦးတလေကိုမှ မထားလိုပေ။ ထိုအကြောင်းကို အေရှားတိုင်းမ်နှင့် စကားပြောခွင့်ရခဲ့သော အမေရိကန် အစိုးရအရာရှိများ၏ ပြောကြားချက်အရ သိရှိရခြင်း ဖြစ်သည်။
ရုရှား ကျူးကျော်မှုကို ခံနေရသည့် ယူကရိန်းနိုင်ငံ
သို့သော် အစိုးရတစ်ရပ်ထဲတွင် ရုရှားအရေး ကျွမ်းကျင်သူဦးရေ နည်းပါးနေပါက ဘိုင်ဒန်၏ နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုများ တွင် ဒီမိုကရေတစ် နိုင်ငံခြားရေးမူဝါဒ အားသန်သူများ၊ သဘောထား ပျော့ပျောင်းပြီး အသာစီးရနေသော အစွန်းရောက် ဝါဒီ များနှင့် ဆက်နွှယ်နေသူများသာ ကျန်ရှိမည်ဖြစ်သည်။ ထိုသူများက ယူကရိန်းနှင့်စပ်လျဉ်း၍ အမေရိကန် မူဝါဒအပေါ် သက် ရောက်မှု ရှိကြသည်။
ဝါရှင်တန်ရှိ နိုင်ငံခြားရေးမူဝါဒ အခြေအတင် ဆွေးနွေးပွဲများတွင် ထဲထဲဝင်ဝင် ရှိနေဆဲဖြစ်သည့် ဘရောင်းတက္ကသိုလ်၊ ဝပ်ဆင် သိပ္ပံမှ အကြီးတန်း အရာရှိနှင့် သံတမန်ဟောင်း ချက်စ်ဖရီးမန်းက ဘိုင်ဒန်၏ မူဝါဒ အပြောင်းအလဲမှုကို အေရှားတိုင်းမ် သတင်းထောက်ကို အောက်ပါအတိုင်း ရှင်းပြခဲ့သည်။
“အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSC)ရဲ့ အကြံပေးပုဂ္ဂိုလ် ဂျက်ဆူလီဗန်က အစိုးရအတွက် ရက်သတ္တ ၈ ပတ် အချိန်ယူပြီးတော့ တစ်ဆင့်ခံစစ်ပွဲ (proxy war) အတွက် ရည်ရွယ်ချက်တွေကို ရေးဆွဲပေးခဲ့ပါတယ်။ ရုရှားကျူးကျော်မှုကို အမေရိကန် တုံ့ပြန်တဲ့ အစပိုင်းမှာတော့ ဘိုင်ဒန်အစိုးရက ရုရှားတွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ရန်စမှုတွေကို အကန့်အသတ်နဲ့ သတိ ထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ မော်စကိုဆီကနေ တိုက်ရိုက် လက်တုံ့ပြန်တာကို သတိမထားမိ၊ မမြင်မိတာတွေ ဖြစ်လာပါတယ်” ဟု ဖရီးမန်းက ရှင်းပြသည်။
“ယူကရိန်းမဟုတ်တဲ့ သတင်းရင်းမြစ်တွေကနေ ထွက်လာတဲ့ ဆန့်ကျင်ဘက် အချက်အလက်တွေကို အနောက်နိုင်ငံတွေမှာ တားဆီး ပိတ်ပင်ထားပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရ ယန္တရားထဲမှာ ကိုယ်ပိုင်ဝါဒဖြန့်မှု ပြန်ရှုရှိုက်နေရတဲ့အတွက် လျှော့တွက်မိတဲ့အန္တရာယ် ပိုများလာခဲ့ပါတယ်” ဟု ဖရီးမန်းက ဆက်လက် ပြောကြားခဲ့သည်။
ဖရီးမန်း၏ သဘောထား မှတ်ချက်ကို စီအိုင်အေမှ ရုရှားအရေးသုတေသီ အကြီးအကဲဟောင်း ဂျော့ဘီးဘီကလည်း သဘောတူ သည်။ ဂျော့ဘီးဘီသည် တစ်ချိန်က ဒုတိယသမ္မတ ဒစ်ချေနီ၏ အမျိုးသားလုံခြုံရေး တာဝန်ယူခဲ့ဖူးသူ ထောက်လှမ်းရေး ဝါရင့် တစ်ဦး ဖြစ်သည်။
“အမေရိကန်နဲ့ နေတိုးတို့ဟာ အစားစားနေရင်းနဲ့ အစာစားချင်စိတ် ပိုပြီးများလာတဲ့ ဖြစ်စဉ်မျိုးနဲ့ ကြုံတွေ့ နေရတယ်လို့ ကျနော် ယူဆပါတယ်။ ယူကရိန်းနိုင်ငံသားတွေဟာ အမေရိကန်နဲ့ နေတိုး မျှော်လင့်ထားသလို အောင်ပွဲခံလိမ့်မယ်လို့ ကျနော် မထင်ဘူးဗျ” ဟု ၎င်းက ပြောသည်။
ယူကရိန်း စစ်သားများ လူထုကို ကယ်ဆယ်ရေးလုပ်နေစဉ်
“ဒါပေမယ့် ပူတင်ကတော့ ဒီကျူးကျော်မှု စတင်ချိန်မှာ အမေရိကန် မျှော်လင့်တာထက် ကျော်လွန်ပြီး စစ်မြေပြင်မှာ အောင်မြင်မှုရတယ်လို့ပဲ ကျနော်ထင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
“ယူကရိန်းကို ထောက်ခံဖို့ မလုံလောက်သေးဘူးလို့ ကွန်ဂရက်လွှတ်တော် အမတ်အများစု စိုးရိမ်နေကြပုံ ရပါတယ်။ ဒီနေရာ မှာ အင်မတန် အန္တရာယ်များတဲ့ အခြေအနေ တစ်ရပ်ကို ကျနော်တို့ အလွန်အကျွံ မလုပ်မိဖို့ လိုပါတယ်။ ဒါကြောင့် အခုဆို ပိုပြီး စွန့်စားလုပ်ဆောင်ရမယ့် အနေအထားရှိတယ်လို့ ပြောရတာ တရားမျှတတယ်လို့ ကျနော်ထင်ပါတယ်” ဟု ဂျော့ဘီးဘီ က ကောက်ချက်ချခဲ့သည်။
ဘိုင်ဒန်သည် မကြာသေးမီက ဥပဒေနှစ်ခုကို လက်မှတ်ရေးထိုးပေးခဲ့သည်။ ယင်းတို့မှာ ချေးငွေ အစီအစဉ်ကို ပြန်လည် အသက် သွင်းရန်နှင့် ၎င်းကို ယူကရိန်းတွင် ကျင့်သုံးရန် ဥပဒေပြဋ္ဌာန်းချက်အဖြစ် ဧပြီ ၂၈ ရက်က အောက်လွှတ်တော်တွင် ထောက်ခံမဲ ၄၁၇ မဲ၊ ကန့်ကွက်မဲ ၁၀ မဲဖြင့် အတည်ပြုခဲ့သည်။
အတိုက်အခံ ၁၀ မဲမှာ ရီပတ်ဘလီကန်များ ဖြစ်သည်။ နှစ်ပတ်အကြာတွင် အောက်လွှတ်တော်သည် ယူကရိန်းအတွက် ထောက်ပံ့ ကူညီမှု အစီအစဥ်ကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့သည်။ ဘိုင်ဒန်၏ ဒီမိုကရက်တစ်ပါတီမှ ကန့်ကွက်မဲ မရှိခဲ့ပေ။
စစ်ပွဲဆီသို့ ဘိုင်ဒန်၏ ချဉ်းကပ်မှုသည် ယခင်သမ္မတ အိုဘားမားနှင့် ကလင်တန်တို့ ကျင့်သုံးခဲ့သော ကြီးမားကျယ်ပြန့်သော နိုင်ငံစုံဝါဒကို ထင်ဟပ်စေကာ အခြေခံအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖော်ညွှန်းမှုကို လိုက်နာထားခြင်း ဖြစ်သည်။ မူဝါဒအားဖြင့် “လူသားချင်း စာနာထောက်ထားမှု ဝါဒ” နှင့် ကုလသမဂ္ဂ ကဲ့သို့သော နိုင်ငံပေါင်းစုံ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အရေးပါမှု ကို လက်ခံသည်။
သို့သော် ထိုသို့သော ချဉ်းကပ်မှုတွင် ဆိုးရွားသော အန္တရာယ်များ ရှိသည်။ ရုရှားကို အားနည်းစေပြီး ပူတင်ကို နာကျင်စေလို သည့် အယူအဆသည် အမေရိကန်အတွက် ကောင်းမွန်သည်ဟု ဂျော့ဘီးဘီက ပြောကြားခဲ့သည်။
“ကျနော်တို့ အကျိုးစီးပွား အမှန်တကယ် ထိခိုက်နိုင်မယ့် ဗျူဟာမြောက် အခြေအနေတွေကို ကျနော်တို့ တွန်းလှန်နိုင်ပါ တယ်။ ရုရှားရဲ့ သမားရိုးကျ စစ်ရေးအင်အား နည်းလာတာနဲ့အမျှ တဖက်က ကြီးထွားလာတဲ့ အန္တရာယ်ကတော့ နျူကလီး ယား လက်နက်တိုက်ကို ရုရှားထုတ်သုံးမယ့် ကိစ္စဗျ” ဟု ၎င်းက သုံးသပ်ပြခဲ့သည်။
ဖရီးမန်း၏ အကဲဖြတ်မှုသည် အထက်ပါ အတိုင်း ထပ်တူထပ်မျှဖြစ်သည်။
“အမေရိကန်၊ ကျနော်တို့ရဲ့ နေတိုးမဟာမိတ်တွေ၊ ယူကရိန်းနဲ့ ရုရှားတို့ဟာ အခုအချိန်မှာ ကာလရှည် ရန်လို မုန်းတီးမှုတွေနဲ့ ချောင်ပိတ် လှောင်မိနေပါတယ်။ ကက်ရှ်မီးယားက အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခလိုပဲ ယူကရိန်း အရှေ့ဘက်နဲ့ တောင်ပိုင်းရှိ ပဋိပက္ခတွေဟာ လာမယ့် ဆယ်စုနှစ်တွေအထိ စစ်ပွဲအနေနဲ့ ဆက်ရှိနေဦးမှာပါ။ ဒါဟာ လုံးဝ ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် ဥရောပရဲ့ အရှေ့ဘက် နယ်နိမိတ်ထဲမှာ ရန်လိုမှု ဆက်ဖြစ်ပြီး နျူကလီးယား အပါအဝင် ရုရှားနဲ့ အမေရိကန်တို့ ကြားထဲမှာ တိုက်ရိုက် ပဋိပက္ခကို အရှိန်တက်လာလိမ့်မယ်” ဟု ဖရီးမန်းက ပြောကြားခဲ့သည်။
“ဝါရှင်တန်နဲ့ မော်စကိုဟာ လေးနက်တဲ့ သံတမန်အရေး ဆွေးနွေးမှု မရှိတာမို့ အခုလို အရှိန်တက်လာမှာကို ဘယ်လိုတားဆီး ရမယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး” ၎င်းက မှတ်ချက်ချခဲ့သည်။
Source: Asia Times