CNI Sport Article
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇
အာဆင်နယ်အသင်းဟာ ကာရာဘောင်း လိဂ်ဖလားပြိုင်ပွဲမှာ နယူးကာဆယ်အသင်းကို အရေးနိမ့်ပြီး ဆီမီးဖိုင်နယ် အဆင့်ကနေ ထွက်ခွာခဲ့ရကာ ဆုဖလားတစ်လုံး လက်လွှတ်ခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ FA ဖလားပြိုင်ပွဲကနေလည်း ထွက်ခွာထားရတာကြောင့် သူတို့ဟာ ဒီရာသီမှာ ပြည်တွင်း ဖလား ၂ ခုစလုံးကို ဆုံးရှုံးထားရတာပါ။
အဲဒါကြောင့် အာဆင်နယ်အသင်းအတွက် ဒီရာသီမှာ ရယူနိုင်စရာ ဆုဖလားအဖြစ် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲသာ ကျန်ရှိတော့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အမှတ်ပေးဇယား အဆင့် ၁ နေရာ ရပ်တည်နေတဲ့ လီဗာပူးလ် အသင်းထက် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၆ မှတ် လျော့နည်းနေတာကြောင့် လီဗာပူးလ်အသင်း အမှားအယွင်း လုပ်တာကို စောင့်ဆိုင်းရမှာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ၁၆ သင်းအဆင့်ကို တက်ရောက်ထားပြီးဖြစ်လို့ ဆုဖလား ရရှိချင်တယ်ဆိုရင် လာမယ့်ပွဲတွေမှာ အကောင်းဆုံး ရလဒ်တွေကို ရယူပြရတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ နည်းပြအာတီတာ ကိုင်တွယ်မှုနဲ့ ခြေစွမ်းပိုင်းကောင်းမွန်တဲ့ အသင်းအဖြစ် ရပ်တည် နေပေမယ့် အသင်းတစ်သင်းဟာ ခြေစွမ်းပိုင်း ကောင်းနေရုံတင်မရဘဲ ဆုဖလားတွေရယူနိုင်ဖို့လည်း လိုအပ်တာပါ။
အာဆင်နယ်အသင်းဟာ နောက်ဆုံး ၂ ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ပန်းဝင်ခါနီးမှာ ခြေချော်မှုတွေကြောင့် ဆုဖလား လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်း ပရိသတ်တွေကတော့ အသင်းဆုဖလား ရရှိတာကို မြင်တွေ့ချင်ကြပေမယ့် ဆုဖလား မရယူနိုင်ခဲ့တဲ့အပေါ် အလွန်စိတ်ပျက်နေကြတာပါ။
အာဆင်နယ်အသင်းဟာ နည်းပြအာတီတာ လက်ထက် ၂၀၂၀ ခုနှစ်မှာ FA ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဟာ သူတို့အတွက် တစ်ခုတည်းသော ကြီးမားတဲ့ ဆုဖလားအဖြစ် ရှိနေပါတယ်။
လန်ဒန်ကလပ်ဟာ ၂၀၂၃ ခုနှစ်က ကွန်မြူနတီဒိုင်းကို ရယူနိုင်ခဲ့ပေမယ့် ဒိုင်းရယူနိုင်ခဲ့တဲ့အပေါ် အာဆင်နယ် အသင်း ပရိသတ်တွေဟာ ကျေနပ်မှုမရှိခဲ့ပါဘူး။
အာဆင်နယ်အသင်းနဲ့ နယူးကာဆယ်အသင်း ယှဉ်ပြိုင်နေစဉ်
အာဆင်နယ်အသင်းဟာ ထိပ်တန်းအသင်းကြီး တစ်သင်းဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ အခြားထိပ်တန်း ကလပ်တွေက ဆုဖလားတွေ အသီးသီး ကိုင်မြှောက်နိုင်ချိန်မှာ သူတို့ဟာ ဆုဖလားလက်မဲ့နဲ့ ရာသီသိမ်း နေရတာဟာ စိတ်ပျက်စရာကောင်းတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဆုဖလားတွေ ရယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ လူစာရင်းအင်အား ဖြည့်တင်းခဲ့ပေမယ့် နည်းပြအာတီတာလိုချင်နေတဲ့ နေရာတွေအတွက်တော့ အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတာပါ။
အာဆင်နယ်အသင်းရဲ့ လက်ရှိလူစာရင်းဟာ တောင့်တင်းပေမယ့် သူတို့ရဲ့ ကစားသမားအချို့ ဒဏ်ရာရခဲ့မယ် ဆိုရင် ဆိုးရွားသွားတဲ့ပုံစံကို မြင်တွေ့နေရပါတယ်။
ဆာကာ၊ အိုဒီဂတ်တို့ရဲ့ နေရာမှာ ပြန်ဖြည့်နိုင်မယ့် ကစားသမား အင်အားမရှိသလို တိုက်စစ်ပိုင်းကတော့ အာဆင်နယ်အသင်းရဲ့ အားအနည်းဆုံးလို ဖြစ်နေတာပါ။
အာဆင်နယ်အသင်းဟာ သွင်းဂိုးတွေ ရရှိနေပေမယ့် တိုက်စစ် ကစားသမားတွေဖြစ်တဲ့ ဟာဗက်ဇ်က ပုံမှန်ခြေစွမ်း မရှိသလို ဂျီးဆပ်စ်ကလည်း ဒဏ်ရာကြောင့် အနားယူနေရတာက ပိုပြီးများပါတယ်။
အဲဒါကြောင့် အာဆင်နယ်အသင်း နည်းပြအာတီတာက အသင်းကို တိုက်စစ်မှူးသစ် ခေါ်ယူပေးဖို့ တိုက်ရိုက်ပြောခဲ့ သလို အခြားအသင်းတွေနဲ့ နှိုင်းယှဉ်ပြီး သွယ်ဝိုက်ပြောခဲ့တာလည်း ရှိတာပါ။
ဒါပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေမှာ အာဆင်နယ်အသင်းဟာ နည်းပြအာတီတာ လိုချင်နေတဲ့ တိုက်စစ်မှူး ခေါ်ယူပေးနိုင်ခဲ့ခြင်းမရှိပါဘူး။
အာဆင်နယ်အသင်းဟာ ခေါ်ယူမယ့် တိုက်စစ်မှူးသစ်တွေကို စာရင်းပြုစုထားပေမယ့် ဒီကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေး များပြားမှုတွေကလည်း ခေါ်ယူနိုင်ဖို့ အခက်တွေ့စေခဲ့တာပါ။
ရုပ်သံဘောလုံး ဝေဖန်သူတွေ၊ ကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေက တိုက်စစ်မှူးသစ် ခေါ်ယူပေးနိုင်ခဲ့ ခြင်းမရှိတဲ့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး တိုက်စစ်မှူးသစ် မခေါ်ယူလည်း ဂိုးသွင်းနိုင်စွမ်းရှိတဲ့သူတွေ အသင်းမှာရှိတယ်ဆိုတာ ပြသခဲ့တာပါ။
အာဆင်နယ်အသင်းသားတွေကို တွေ့ရစဉ်
ဒါပေမယ့် နယူးကာဆယ်အသင်းနဲ့ပွဲမှာတော့ တိုက်စစ်မှူးကောင်းမရှိတဲ့ ဟာကွက်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် အာဆင်နယ်အသင်းဟာ ရှိတဲ့လူစာရင်းနဲ့ ရာသီအကုန်ထိ ဆက်သွားရတော့မှာဖြစ်ပြီး ဆာကာ၊ ဂျီးဆပ်စ်နဲ့ မာတင်နယ်လီတို့ အမြန်ဆုံး ပြန်ကောင်းလာဖို့ပဲ မျှော်လင့်ရတော့မှာဖြစ်ပါတယ်။
အာဆင်နယ်အသင်းအတွက် အခုအချိန်မှာ အရေးကြီးဆုံးက နောက်ထပ် ဆုဖလား လက်မဲ့ရာသီကို ထပ်ပြီး မဖြတ်သန်းရဖို့ပါ။
နည်းပြအာတီတာ အနေနဲ့ အသင်းကို အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်နိုင်ရင်တောင် ဆုဖလား မရယူပေးနိုင် ရင် သူ့ရဲ့နည်းပြရာထူးကလည်း အာမခံချက် မရှိနိုင်တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒူဘိုင်းမှာ စခန်းသွင်း လေ့ကျင့်မှုပြုလုပ်ပြီး ပြန်လာရင် အခုထက် ပိုကောင်းလာမယ်ဆို တဲ့ မျှော်လင့်ချက်တွေကလည်း ရှိနေပါတယ်။
အာဆင်နယ်အသင်း အနေနဲ့ ဒီရာသီမှာ ရယူနိုင်စရာအဖြစ် ကျန်ရှိနေတဲ့ ဆုဖလား ၂ လုံးကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ လိုအပ်နေပြီး ဒါမှဆုဖလား မျှော်လင့်ချက်တွေ ဆက်ပြီးရှင်သန်နေမှာပါ။
အဲဒါကြောင့် အာဆင်နယ်အသင်း အနေနဲ့ ဆုဖလား လက်မဲ့ရာသီကို အဆုံးသတ်နိုင်မလား ဒါမှမဟုတ် ဆက်ပြီးဖြတ်သန်းရမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။