မနီလာ၊ ဒီဇင်ဘာ ၂၀

ဖိလစ်ပိုင်ကို ယခုနှစ်အတွင်း အပြင်းထန်ဆုံးတိုက်ခတ်ခဲ့သည့် တိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေသည် အနည်းဆုံး ၁၄၆ ဦးအထိ ရှိလာခဲ့ပြီး အထူးသဖြင့် “ရိုင်” တိုင်ဖွန်းဒဏ် အဆိုးရွားဆုံးခံခဲ့ရသော ကျွန်းစုပြည်နယ် အုပ်ချုပ်ရေးမှူးက ယခုသတင်းထုတ်ပြန်ချက်ထက် ပိုမိုအပျက်အစီးများပြားနိုင်ကြောင်း ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ဖိလစ်ပိုင်နိုင်ငံ၏အလယ်ပိုင်း ဘိုဟိုး (Bohol) ပြည်နယ်အုပ်ချုပ်ရေးမှူး အာသာယက် (Arthur Yap) က “၎င်းပြည်နယ်အတွင်း လူ ၇၂ ဦးသေဆုံးပြီး ၁၀ ဦးပျောက်ဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ပြည်နယ်၏မြို့တော်တွင် ၄၈ ဦးသေဆုံးဟု သတင်းရသော်လည်း ၃၃ ဦးသာ အတည်ပြု နိုင်ခဲ့ကြောင်း” ပြောကြားခဲ့သည်။

အာသာယက်က ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် ထုတ်ပြန်ကြေညာရာ၌ “ပြည်နယ်အတွင်း စုစုပေါင်းလူဦးရေ ၁ ဒသမ ၃ သန်းကျော်ရှိသည့်အတွက် တာဝန်ရှိသူများအား သောက်သုံးရေနှင့် အစားအသောက်များ လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးရန်နှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်ရန် အမိန့်ပေးခဲ့ကြောင်း” ရေးသားလွှင့်တင်ခဲ့သည်။ မြို့တော်ဝန်နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် အတိဒုက္ခရောက်နေသော မြို့အများအပြားတွင် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အဆောတလျင် စီမံပေးနေရသည်။

မုန်တိုင်းဒဏ်ခံစားခဲ့ရသော မြို့များသို့ ဝေဟင်မှနေ၍ စစ်တပ်၏လေကြောင်းရှာဖွေရေး စတင်ပြီးနောက် အုပ်ချုပ်ရေးမှူး အာသာယက် “ဘိုဟိုးပြည်နယ်တွင် ပျက်စီးဆုံးရှုံးမှု များပြားပြီး ပြည်နယ်နေရာအားလုံးကို လွှမ်းခြုံ၍ ထိခိုက်ခဲ့ကြောင်း” ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါတိုင်ဖွန်းမုန်တိုင်းသည် ဒီဇင်ဘာ ၁၆၊ ၁၇ နှင့် ၁၈ ရက်တို့တွင် ဖိလစ်ပိုင်အလယ်ပိုင်းရှိ ကျွန်းစုပြည်နယ် များကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ကနဦးစစ်ဆေးတွေ့ရှိချက်တွင် တိုင်ဖွန်းမုန်တိုင်းဝင်ရောက်ခဲ့သည့် မြို့ ၄ မြို့ အကျုံးမဝင်သေးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာပြေးခဲ့ရသည့် ဒေသခံ ၃ သိန်းကျော်အပါအဝင် လူပေါင်း ၇ သိန်း ၈ သောင်း (၇၈,၀၀၀) ခန့် မုန်တိုင်းဒဏ်ခံစားခဲ့ရကြောင်း ဖိလစ်ပိုင်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

အခြားဒေသများ၌ မုန်တိုင်းကြောင့် အနည်းဆုံး လူ ၆၄ ဦးသေဆုံးခဲ့ကြောင်း သဘာဝဘေးတုံ့ပြန်ရေးအေဂျင်စီ၊ အမျိုးသားရဲတပ်ဖွဲ့နှင့် ဒေသန္တရတာဝန်ရှိသူများက အစီရင်ခံခဲ့သည်။ သေဆုံးသူအများစုသည် သစ်ပင်ကျိုးကျ လဲပြိုခြင်း၊ အဆောက်အဦပြိုကျခြင်း၊ ရုတ်တရက်ရေကြီးခြင်း (သို့မဟုတ်) မြေပြိုခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ တိုင်ဖွန်း ပထမဆုံးဝင်ရောက်ခဲ့သော အရှေ့တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် ဒိုင်နာဂတ်တွင် တာဝန်ရှိသူများ က ထိခိုက်ခဲ့သော မြို့များမှ သေဆုံးသူ ၁၀ ဦးစာရင်းကို သီးခြားစီထုတ်ပြန်ခဲ့ရာ ယခုအချိန်အထိ ဖိလစ်ပိုင် တစ်နိုင်ငံလုံး မုန်တိုင်းကြောင့် သေဆုံးသူ ၁၄၆ ဦးအထိ ရှိသွားပြီဟု အေပီက ရေးသားဖော်ပြသည်။

“ရိုင်”တိုင်ဖွန်းသည် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက စီရာဂိုအာ (Siargao) ကျွန်းပေါ်သို့ ဝင်ရောက်ခဲ့ရာ အမြင့်ဆုံး လေတိုက်နှုန်းအနေဖြင့် တစ်နာရီလျှင် ၁၉၅ ကီလိုမီတာမှ ၂၄၀ ကီလိုမီတာအထိ ရှိခဲ့သည်။ မုန်တိုင်းဒဏ်ကြောင့် ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုရှိ မြို့ရွာများ ဆက်သွယ်ရေးနှင့်လျှပ်စစ်မီးပြတ်တောက်ကာ မြေနိမ့်ပိုင်းဒေသများ တွင် မြစ်ရေများ လျှံတက်၍ ရေလွှမ်းမိုးခဲ့သည်။ အစိုးရက ကောက်ပဲသီးနှံများနှင့်အခြေခံအဆောက်အဦများ ပျက်စီးဆုံးရှုံးမှုစာရင်းများကို အကဲဖြတ်နေဆဲဖြစ်ကြောင်း ဆင်ဟွာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

Source: AFP, Xinhua