မနီလာ၊ ဒီဇင်ဘာ ၁၉

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းသို့ အင်အားပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းဝင်ရောက်ခဲ့ရာ အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ပြည်နယ်တစ်ခုလုံးတွင် လျှပ်စစ်ဓါတ်အားနှင့်ဆက်သွယ်ရေး ပြတ်တောက်သွားကာ နေအိမ်ခေါင်မိုးများ လွင့်ထွက်လျက် အပျက်အစီးများပြားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု အေပီသတင်းတွင် တွေ့ရသည်။

၎င်း အုပ်ချုပ်နေသည့် ကျွန်းမှာ လုံးဝပျက်စီးသွားခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ရိုင်” တိုင်ဖုန်းမုန်တိုင်းသည် ဖိလစ်ပိုင်တောင်ပိုင်းနှင့် အလယ်ပိုင် ကျွန်းစုပြည်နယ်များကို ဖြတ်ကျော်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက တောင်တရုတ်ပင်လယ်ထဲ အဆိုပါမုန်တိုင်း စတင်ဖြတ်ကျော်ခဲ့ရာ လူ ၃ သိန်းကျော်ကို ဘေးလွတ်ရာသို့ ကြို တင် ရွှေ့ပြောင်း ပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ဆက်လက် ပြောကြားခဲ့သည်။

အင်အားအပြင်းထန်ဆုံး “ရိုင်” မုန်တိုင်းသည် တစ်နာရီလျှင် ၁၉၅ ကီလိုမီတာ (၁၂၁ မိုင်) တိုက်ခတ်ခဲ့သည်။ အဆိုပါ မုန်တိုင်း သည် ပစိဖိတ်သမုဒ္ဒရာနှင့်‌ တောင်တရုတ်ပင်လယ်ကြားရှိ သဘာဝဘေး ကျရောက်လေ့ရှိသော ဖိလစ်ပိုင်ကျွန်းစုသို့ မကြာ သေးမီ နှစ်များအတွင်း အင်အား အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုဟု အေပီသတင်းဌာနက ဆက်လက်ဖော်ပြသည်။

ပုံ- တိုင်ဖွန်းမုန်တိုင်း တိုက်ခိုက်မှု ကယ်ဆယ်ရေးလုပ်နေစဉ်(AP)

ထိုတိုင်ဖုန်းသည် ဒီဇင်ဘာ ၁၇ ရက်ကတည်းက ဖိလစ်ပိုင် အရှေ့တောင်ပိုင်း ကမ်းရိုးတန်းသို့ ဝင်ရောက်ခဲ့သော်လည်း အသေ အပျောက်နှင့် ပျက်စီးမှုစာရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ပြည်နယ်တစ်ခုလုံးတွင် လျှပ်စစ်ဓါတ်အားနှင့် တယ်လီဖုန်း လိုင်းများ နှစ်ရက်ကြာ ပြတ်တောက်နေခဲ့သည်။

အစိုးရ၏ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး အေဂျင်စီက အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး လူအများ အပြားမှာ သစ်ပင်လဲပြိုမှုများကြောင့် ‌သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။ ထိခိုက်ဒဏ်ရာရသူ ၃ ဦးထက် မနည်းရှိပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်းဒဏ် ပထမဆုံးခံစားခဲ့ရသော ပြည်နယ်ဖြစ်သည့် ဒိုင်နာဂတ် (Dinagat) ကျွန်းများတွင် ဒီဇင်ဘာ ၁၈ ရက်က လျှပ်စစ်ဓါတ်အားနှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ပုံ- တိုင်ဖွန်းမုန်တိုင်း တိုက်သွားသည့် ကျွန်းကိုမြင်တွေ့ရစဉ်( AP)

အမျိုးသမီးအုပ်ချုပ်ရေးမှူးဖြစ်သည့် အာလင်ဘာဂိုအာက အရေးပေါ် စားနပ်ရိက္ခာ၊ သောက်ရေ၊ ယာယီအမိုးအကာ၊ လောင်စာ ဆီ၊ တကိုယ်ရေသုံး ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများကို တောင်းခံခဲ့သည်။ အခြားမြို့များမှာ သီးခြားတည်ရှိနေပြီး ၎င်း၏ ပြည်နယ်မြို့တော်တွင် သတင်းထုတ်ပြန်ချိန်အထိ အသေအပျောက် အနည်းငယ်သာရှိကြောင်း အာလင်ဘာဂိုအာက ဆက် လက် ပြောကြားခဲ့သည်။

“ကျမတို့ အသက်ရှင်ကျန်နိုင်ပေမယ့် နောက်ရက်တွေမှာတော့ ကျွန်းစုပြည်နယ်တစ်ခုအနေနဲ့ အကန့်အသတ်ရှိတဲ့ စွမ်းဆောင် ရည်ရှိတာမို့ ကယ်ဆယ်ရေးဆက်လုပ်ဖို့ ခက်ပါတယ်” ဟု ဘာဂိုအာက ပြောကြားခဲ့သည်။ ဒိုင်နာဂတ်ပြည်နယ်ဆေးရုံမှာ အပျက်အစီး တချို့ကြောင့် ပြန်လည် မဖွင့်လှစ်နိုင်သေးပေ။

“ကျမတို့ ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်တင်သင်္ဘောအများစုက အခုဆိုရင် ပင်လယ်ရေကြောင်းခရီးသွားဖို့ အဆင်မပြေ တော့ပါဘူး။ နိုင်ငံရဲ့တခြားနေရာတွေနဲ့ အသွားအလာ ပြတ်တောက်နေပါပြီ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Source: AP