CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅

ကပ္ပလီပင်လယ်ပြင်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ပိုမို အားကောင်း လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက“မြန်မာနိုင်ငံအပေါ် သက်ရောက်မှု က သိပ်အများကြီးတော့မရှိနိုင်ဘူး။ လေဖိအားနည်းရပ်ဝန်းဖြစ်နေတဲ့အချိန်ကတော့ အခုလက်ရှိအနေအထား ကတော့ မြန်မာနိုင်ငံရဲ့တောင်ဘက်ပေါ့ ကပ္ပလီပင်လယ်ပြင်၊ မြန်မာနိုင်ငံရဲ့တောင်ဘက် တနင်္သာရီနဲ့ အောက်ဘက်လောက်မှာရှိတဲ့အခါကျတော့ လေဖိအားနည်းရပ်ဝန်းဖြစ်နေတဲ့အချိန်မှာတော့ သူ့ရဲ့အရှိန်ကြောင့် ပင်လယ်ပြင်မှာ လှိုင်းလေထန်တာတွေ၊ မိုးရွာသွန်းမှုတွေ မြန်မာနိုင်ငံတောင်ပိုင်းတို့ မြစ်ဝကျွန်းပေါ်တို့ပေါ့လေ အရှိန်ရနိုင်တယ်ပေါ့လေ”ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို လေဖိအားနည်းရပ်ဝန်းမှာ အားကောင်းလာနိုင်သည့်အတွက် နိုဝင်ဘာ ၁၇ နှင့် ၁၈ တို့တွင် ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ၎င်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းတို့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားသည်။

“ဒီကြားထဲမှာ လေဖိအားနည်းရပ်ဝန်းက ကိုယ့်ကမ်းရိုးတန်းနဲ့ နည်းနည်းလည်းနီးနေတော့ ပင်လယ်ပြင်မှာ လှိုင်းတွေပေါ့လေ။ သို့သော် လေဖိအားနည်းရပ်ဝန်းအဆင့်ဆိုတာက တော့ လေတိုက်နှုန်းကတော့ ဒီလောက် အများကြီးမရှိဘူး။ တစ်နာမိုင် ၃၀၊ ၃၅ပေါ့။ မိုးရွာသွန်းမှုကျတော့ လက်ရှိဆောင်းကာလဖြစ်တော့ မုတ်သုံဆိုရင် မုတ်သုံနဲ့အတူ လေဖိ အားနည်းရပ်ဝန်းဖြစ်တဲ့အခါတို့ ဘာတို့ကျရင်တော့ မုတ်သုံလေကို ပိုမို အားကောင်းစေ ပြီး‌တော့ မိုးသက်လေပြင်းကျတာဖြစ်တယ်။ အခုကာလက မုတ်သုံကာလမဟုတ်‌တော့ ဆောင်းကာလဖြစ်တော့ လေပြင်းတိုက်တာတွေရှိမယ်။ မိုးသက်လေပြင်းအနေထားကတော့ နည်းတာပေါ့” ဟု ဉီးလှထွန်းက ပြောသည်။

ထို့ကြောင့် သင်္ဘောငယ်များ၊ ငါးဖမ်းလှေများအနေဖြင့် ထိုလေတိုက်နှုန်းအား သတိပြုရန်လိုအပ်ကြောင်းနှင့် မုန်တိုင်းသတင်း နားစွင့်ကာ သွားလာလုပ်ကိုင်ရန်လိုကြောင်းလည်း ၎င်းကအကြံပြုထားသည်။