နယူးဒေလီ၊ နိုဝင်ဘာ ၁၃

အပူချိန်နှင့် လေတိုက်နှုန်းကျဆင်းမှုတို့ကြောင့် အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီ၌ ပိုဆိုးလာသော မီးခိုးမြူ အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် ပြည်နယ်နှင့်ဒေသဆိုင်ရာအဖွဲ့အစည်းများကို ဖက်ဒရယ် လေထု ညစ်ညမ်းမှုထိန်းချုပ်ရေးအဖွဲ့က အမိန့်ထုတ်ထားကြောင်း ရိုက်တာသတင်းကို ကိုးကားလျက် စီအင်န်အင်န် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

နယူးဒေလီမြို့နှင့်အနီးတဝိုက်ရှိ လယ်ယာမြေများတွင် ကောက်ပဲသီးနှံများ ထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများ လောင်ကျွမ်းမှုကြောင့် အဆိပ်သင့်မီးခိုးမြူများ ထူထပ်နေခြင်းကို ပိုမိုဆိုးရွားလာစေခဲ့သည်။

မီးခိုးမြူများသည် မြင်နိုင်စွမ်းကို လျော့ကျစေပြီး လေထုအရည်အသွေးညွှန်းကိန်း (AQI) အဆင့်မှာ အမှတ် ၅၀၀ အဆင့်သတ်မှတ်ချက်၌ ၄၇၀ မှတ်သို့ ရောက်ရှိလာခဲ့၍ စိုးရိမ်စရာတိုးပွားလာကြောင်း အိန္ဒိယထံမှ သိရသည်။

အဆိုပါလေထုအဆင့်သတ်မှတ်ချက်အရ ပြင်းထန်မှုမှာ ၄၈ နာရီကြာကျန်ရှိနေသေးသဖြင့် အိမ်စီး၊ လူစီး ကိုယ်ပိုင် ကားများအပေါ်အခြေခံ၍ အထူးကန့်သတ်ချက်များအပါအဝင် အရေးပေါ်အစီအမံများကို ပြည်နယ်နှင့် ဒေသ ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံသို့ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးအဖွဲ့က ညွှန်ကြားထားသည်။ ထို အရေးပေါ် အစီအမံများအရ စာသင်ကျောင်းများ ယာယီပိတ်ထားစေပြီး ဆောက်လုပ်ရေးလုပ်ငန်း အားလုံး ရပ်တန့်ခဲ့ရသည်။

နိုဝင်ဘာ ၁၂ ရက် နှောင်းပိုင်းတွင် မြို့ပတ်ရထားများ၊ အစိုးရရုံးနှင့် ပုဂ္ဂလိကကုမ္ပဏီရုံးများ၌ သယ်ယူပို့ဆောင်ရေး အသုံးပြုမှု ၃၀ ရာခိုင်နှုန်းလျှော့ချသင့်ကြောင်းနှင့် နယူးဒေလီမြို့တွင်း နေထိုင်သူများကို အခြားပြည်နယ်များသို့ လူချင်းထိတွေ့သွားလာမှု အကန့်အသတ်ဖြင့် ရှိသင့်ကြောင်း အိန္ဒိယအာဏာပိုင်များက အကြံပြုထားသည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ဒေသဆိုင်ရာအာဏာပိုင်များက အုတ်များကို မီးဖုတ်သည့် အုတ်ဖိုများကို ပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့ပြီး သန့်ရှင်းရေးလုပ်ငန်းများ အကြိမ်ရေတိုးမြှင့်ခြင်း၊ အမှိုက်များမီးရှို့ခြင်းကို တားမြစ်ခြင်းနှင့် မလိုအပ်ဘဲ ဖုန်မှုန့်လွင့်စဉ်စေခြင်းကို ကန့်သတ်ခြင်း ပြုလုပ်ခဲ့သည်။ အဆိပ်ရှိသည့် PM (၂ ဒသမ ၅) အမှုန်အမွှားပါဝင်သည့် လေထုအတွင်း တစ်ကုဗမီတာလျှင် ပျမ်းမျှ ၃၂၉ မိုက္ကရိုဂရမ်ဖြစ်သည်။ အိန္ဒိယအစိုးရက ၂၄ နာရီအတွင်း လေထုတစ်ကုဗမီတာလျှင် ၆၀ မိုက္ကရိုဂရမ်ဖြင့် ဘေးကင်းသည့် PM (၂ ဒသမ ၅) အဆင့် ရောက်ရှိ စေရန် သတ်မှတ်ထားသည်။ PM (၂ ဒသမ ၅) အဆင့်ရှိ အမှုန်အမွှားများသည် အဆုတ်အတွင်းသို့ နက်ရှိုင်းစွာ ဝင် ရောက်နိုင်ပြီး သွေးကြောအတွင်းသို့ပါ ထိုးဖောက်ရန် လုံလောက်သည့် သေးငယ်မှုရှိသဖြင့် ယင်းအမှုန်အမွှားများ တွင် အဆိပ်ပါဝင်ပါက အဆုတ်ကင်ဆာအပါအဝင် ပြင်းထန်သော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ အမျိုးမျိုး ဖြစ်ပွားစေနိုင်သည့်အထိ အန္တရာယ်ကြီးမားသည်။

“ဒါဟာ အိပ်မက်ဆိုးတစ်ခု ဖြစ်လာပါတယ်” ဟု အိန္ဒိယအစိုးရ၏ ကမ္ဘာမြေဆိုင်ရာသိပ္ပံဝန်ကြီးဌာနလက်အောက်ရှိ လေထုအရည်အသွေးနှင့်မိုးလေဝသစောင့်ကြည့်အဖွဲ့ (SAFAR) အဖွဲ့ စီမံကိန်းဒါရိုက်တာ ဂူဖရန်ဘစ်က ပြောကြားခဲ့သည်။

“အခု မီးလောင်ကျွမ်းမှုအရေအတွက် သုံးထောင်ကနေ ငါးထောင်ကြားရှိနေပြီး ကျဆင်းမသွားသေးပါဘူး” ဟု နယူးဒေလီမြို့အနီးတဝိုက်ရှိ ဒေသများ၌ ကောက်ပဲသီးနှံအမှိုက်မီးရှို့မှုများကို ရည်ညွှန်းလျက် ဂူဖရန်ဘစ်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: Reuters, CNN