CNI News

၂၀၂၃ ခုနှစ်၊ မေလ ၃၁

သဘာဝဘေးသည် အချိန်မရွေး ဖြစ်ပွားနိုင်သဖြင့် ရေရှည်ကာလများအတွက် ရည်ရွယ်ကာ ကမ်းရိုးတန်းဒေသ များရှိ နေအိမ် အဆောက်အဦများအား မုန်တိုင်းဒဏ်ခံနိုင်စေရန် ပြုပြင်ဆောက်လုပ် ပေးသင့်ကြောင်း အရပ်ဖက် အဖွဲ့အစည်းများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက CNI သတင်းဌာနသို့ ပြောသည်။

ယခင်က မိုးလေဝသအား နားဆင်ဖတ်ရှုမှု အားနည်းခဲ့ကြသော်လည်း ယခုအခါတွင် နည်းပညာ ခေတ်ဖြစ်သည့် အတွက် မိုးလေဝသ သတင်းများအား ဖတ်ရှုမှု များပြားခြင်းကြောင့် မိုခါမုန်တိုင်း ဝင်ရောက်သည့်ဒေသများမှ ပြည်သူများသည် တိမ်းရှောင်မှုများ ပြုလုပ်ခဲ့ကြသော်လည်း နေအိမ်အများစုမှာ ပျက်စီးသွားခဲ့သည်။

ထို့ကြောင့် ရခိုင်တွင် လက်ရှိ ပြန်လည်ထူထောင်ရေး ပြုလုပ်နေချိန်၌ နေအိမ်များအား နောင်ကာလများတွင် မုန်တိုင်းဒဏ် ခံနိုင်စေရန် နေအိမ်များအား သက်ဆိုင်ရာအစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကူညီထောက်ပံ့ ဆောက်လုပ်ပေးသင့်ကြောင်း Roma Time Organization မှ Founder ကိုကျော်လင်းက CNI သတင်းဌာနသို့ ပြောသည်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးနေမှုကိုတွေ့ရစဉ်

၎င်းက “ရခိုင်မှာ တိုက်သွားတဲ့ မုန်တိုင်းမှာ စစ်တွေမှာဆိုရင် အပင်တွေလဲတယ်။ ဒါပေမယ့် ဆလပ်လောင်းထားတဲ့ တိုက်တွေ၊ ၂ ထပ် ၃ ထပ် တိုက်တွေ၊ အခိုင်အခံ့ ဆောက်ထားတဲ့ တိုက်တွေက ဘာတစ်ခုမှ မဖြစ်ဘူးလေ။ ဒီ လူ့ဘောင်အဖွဲ့အစည်းက တဲအိမ်က ပြိုသွားရင် တဲအိမ်ကိုပဲ ပြန်ပြီးတော့ တာလဘတ်တွေ မိုးလိုက်ရင် နောက် တစ်ခါလာရင်လည်း ပါသွားမှာပဲ။ တစ်ခုခု ပေါင်းစည်းပြီးတော့ ရခိုင်လူနေမှုစနစ်ကို အိမ်တွေ ဘာတွေ ဆောက်ရင် တောင်မှပဲ အရင်တုန်းကလို တဲသာသာ အိမ်တွေ မဆောက်ဖို့၊ တိုက်တွေနဲ့ ဆလပ်လောင်းတဲ့ ဥစ္စာတွေ ဆောက်ဖို့ ဒါကို အစိုးရတစ်ရပ်ကနေပြီးတော့ နိုင်ငံတကာ အကူအညီအားကို ယူပြီးတော့ လုပ်ပေးဖို့ လိုလာပြီလို့ ထင်တယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် အခုက မိုခါပြီးရင် နောက်တစ်လုံး လာမယ်လို့လည်း ကြားနေရတယ်။ မုန်တိုင်းက ဒီနှစ် မှာတော့ ပြင်းပြင်းထန်ထန်တိုက်ပြီး နောက်နှစ်မှာတော့ သနားလို့ မတိုက်ဘူး ဆိုတာလည်း မရှိဘူးလေ။ ဒါက ခန့်မှန်းလို့မရတဲ့ ကိစ္စတွေ။ အမြဲတမ်း ရှိနေမှာဆိုတော့ ကျနော်တို့က အမြဲတမ်း တာလဘတ်ကာလိုက် တဲအိမ် ကာတာလေးနဲ့ နေလိုက်ဆိုရင် လူနေမှုစတိုင်လ်ကိုတော့ Changes လုပ်ဖို့ လိုလာပြီ။ အဲဒီ Changes လုပ်မှာက တော့ ပြည်သူရဲ့ အားနဲ့မရဘူး။ အစိုးရအားရယ်၊ နိုင်ငံတကာအားရယ် ဒါတွေ လုပ်ပေးပြီးတော့ ပညာရှင်တွေကို ဖိတ်ခေါ်ပြီးတော့ မုန်တိုင်းနဲ့ နီးစပ်တဲ့ဒဏ်ကို ခံနိုင်ဖို့အတွက် အဆောက်အအုံတွေကို ဘယ်လိုဆောက်မယ်ဆိုတာ ကအစ သွပ်မိုးမယ့်ဥစ္စာတွေကအစ Technic နဲ့ လုပ်ရမယ့် အပိုင်းတွေလို့ မြင်လာတယ်” ဟု ပြောသည်။

ထို့အပြင် ဌာနဆိုင်ရာ အဆောက်အဦများ၊ စာသင်ကျောင်းများလည်း နိုင်ငံတော်ဘတ်ဂျက်ဖြင့် ပြုလုပ်ထားသည့် အတွက် ပြန်လည်ပြုပြင်သည့်အခါတွင် မုန်တိုင်းဒဏ် ခံနိုင်စေရန် ထည့်သွင်းစဉ်းစား၍ လုပ်ဆောင်သင့်ကြောင်း လည်း ကူညီကယ်ဆယ်ရေးအဖွဲ့များက အကြံပြုသည်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးနေမှုကိုတွေ့ရစဉ်

မုန်တိုင်း ဖြတ်သန်းလေ့ရှိသည့် မြန်မာကမ်းရိုးတန်း ဒေသများတွင် မုန်တိုင်းဒဏ် ခံနိုင်စေရန်အတွက် ဒီရေတော အပင်များ စိုက်ပျိုးသင့်ကြောင်း မော်လမြိုင်မြို့ရှိ ဘိုဘိုဝင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ကိုဘိုဘိုဝင်း က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တချို့နေရာတွေမှာ ဒီရေတောပေါ့နော် ဧရာဝတီတိုင်းမှာဆို ဒီရေတောစိုက်တာတွေ ဘာတွေရှိတယ်ပေါ့။ အဓိကကတော့ ကာကွယ်နိုင်တဲ့ အပင်တွေ စိုက်သင့်တယ်။ နောက်တစ်ခုက အဆောက်အဦ ဆောက်တဲ့အခါမှာ ကျနော်တို့က မွန်ဆို နှစ်စဉ် မိုးများတယ်။ မိုးများတဲ့အတွက် မိုးဒဏ်ခံနိုင်အောင် ဆောင်ရွက်သလိုပေါ့။ ဘယ်အချိန် ဘယ်ကာလမှာ ဝင်လာမလဲမသိတဲ့ မုန်တိုင်းအတွက် ကျနော်တို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အဆောက်အဦတွေ ကို cyclone shelter တွေဆို အပေါ်မှာ အမိုးတွေကို ဘင့်လောင်းပြီးတော့မှ ဆောင်ရွက်တာ တွေ့ရတယ်။ အဲဒီလို ပုံစံမျိုးပဲ အတတ်နိုင်ဆုံး နေအိမ်တွေ၊ ဌာနဆိုင်ရာ အဆောက်အဦတွေလည်း အတတ်နိုင်ဆုံးပေါ့ ခိုင်ခံ့မှုရှိအောင် ဒီလိုပုံစံလေးတွေ ဆောင်ရွက်သင့်တယ်လို့ မြင်တယ်။ ကုန်ကျငွေကတော့ များမယ်။ ဒါပေမယ့် ရေရှည်ပလန် အနေနဲ့ သိသင့်သိထိုက်။ အခုဆိုရင် မုန်တိုင်း လာမယ်ဆိုတာသိတယ် သိတဲ့အခါကျ ကြိုတင်ပြင်ဆင် ပစ္စည်းတွေ ရွှေ့ရပြုရ ပြောင်းရနဲ့ အများကြီး အခက်အခဲတွေ တွေ့ရတယ်။ အဲဒီတော့ ကျနော်တို့က မုန်တိုင်းဒဏ်ခံနိုင်တဲ့ အဆောက်အဦတွေကို အခုအချိန်ကစပြီး ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေ လုပ်သင့်တယ်၊ ဆောက်သင့်တယ် လို့တော့ ထင်တယ်”ဟု ပြောသည်။

ထို့အပြင် မကြာသေးခင်က ဝင်ရောက်သွားခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ လမ်းများ၊ တံတားများ လည်း အများအပြား ပျက်စီးသွားခဲ့သည်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးနေမှုကိုတွေ့ရစဉ်

ထို့ကြောင့် လမ်းများ၊ တံတားများအား ဆောက်လုပ်ရာတွင်လည်း အစိုးရဌာနဆိုင်ရာမှ ချပေးလိုက်သည့် ဘတ်ဂျက်အား အဆင့်ဆင့် လာဘ်စားမှုမရှိစေဘဲ ဘတ်ဂျက် အပြည့်အဝ အသုံးပြု၍ ဆောက်လုပ်သင့်ကြောင်း လည်း Roma Time Organization မှ Founder ကိုကျော်လင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ဆီမှာက အကုန်လုံးက အောက်ခြေကို ရောက်တဲ့အခါမှာ အလုပ်လုပ်တဲ့ field ကို ရောက်တဲ့ အခါမှာ အဲဒီငွေသားက ချပေးသလောက် မရှိတော့ဘူးလေ။ အဲဒီလို အနေအထားတွေနဲ့ ဆောက်လိုက်တဲ့ အခါ ကျတော့ လူက စစ်ဆေးလိုက်ရင်တော့ လူမှာ အဂတိပါတဲ့အတွက် အဲဒီလိုအဖွဲ့တွေက စစ်ဆေးသမျှတော့ ဘယ်လိုမှ ခိုင်ခံ့တဲ့လမ်းတွေ၊ ကျောင်းတွေ ဖြစ်မလာဘူး။ လူကစစ်ရင် မပေါ်ဘူး။ လူကစစ်လိုက်ရင် သူတို့ကို လာဘ်ပေး လာဘ်ယူတွေ လုပ်လိုက်ရင်တော့ မပေါ်ဘူးပေါ့။ ဒါပေမယ့် တကယ့် မုန်တိုင်းကြီးကြီးတွေက သဘာဝ က စစ်လိုက်တဲ့ အခါကျတော့ အမှုမှန်ပေါ်သွားတာပေါ့လေ” ဟု ပြောသည်။

မကြာသေးခင်က ဝင်ရောက် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်း၏ အရှိန်ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာ ၇၆၉ ရွာမှ လူနေအိမ် ၁၁၅၃၂ လုံး ပျက်စီးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။