CNI News

အိန္ဒိယ၊ဇူလိုင် ၃၀

အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်၊ ဟက်စန်းကျေးလက်မြို့လေးတွင် ဇူလိုင် ၂၈ ရက်၊ ညပိုင်းက လမ်းပေါ်သို့ စွန့်ပစ်ထားသော အိတ်အလုံးပေါင်း ၁၅ အိတ်မှ အိတ် ၂၀ ခန့်ကို ဖွင့်ကြည့်ရာ ဟက်စန်းဒေသခံများသည် မသေ မရှင် ဖြစ်နေကြသော မျောက်ကလေး အကောင်ရေ ၅၀ ခန့်ကို ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့ခဲ့ရကြောင်း၊ မျောက် ကလေး ၃၆ မှာ သေဆုံးနေပြီး ကနဦး စုံစမ်းစစ်ဆေးမှုများအရ အဆိပ်မိပြီး ရိုက်နှက်ခံထားရကြောင်း အိန္ဒိယ သတင်း မီဒီယာများက ရေးသားဖော်ပြကြသည်။

ဒေသခံများနှင့် စေတနာ့ဝန်ထမ်များက အသက်ရှင်နေသေးသည့် မျောက်ကလေးများကို အစာနှင့်ရေ တိုက်ကျွေး ကြရန် ကြိုးစားကြပြီး သစ်တောဌာနနှင့် ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့ကြကြောင်း The Inidian Express သတင်းဝက်ဘ်ဆိုက်က ရေးသားထားသည်။

ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် ထိုနေရာရှိ မျောက်ကလေးတချို့မှာ သေဆုံးနေပြီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါမျောက်ကလေး ၅၀ ခန့်အနက်မှ ၃၆ ကောင်သေဆုံးခဲ့ပြီး ၁၅ ကောင် အသက်ရှင်ခဲ့ကြောင်း သစ်တောထိန်းသိမ်းရေးလက်ထောက် တိမွေးကုဝန်ထမ်း ဒေါက်တာအေအင်န်ဘာစာဗာရက်ဂျ်က The News Indian Express သို့ ပြောသည်။

၎င်းက “ဘဲလာဒေသနဲ့ စက္ကလက်ပူရ်တို့မှာ မျောက်တွေရှိပေမယ့် တခြားပြဿနာ တစ်စုံတစ်ရာ မရှိပါဘူး။ ဒါပေမယ့် သူတို့ကို သတ်ဖြတ်နိုင်ခြေရှိတာကိုလည်း ကျနော်တို့ဌာနအနေနဲ့ တားဆီးထားပါတယ်။ ဒီမျောက်တွေ ရဲ့ အရေပြားက ပိုပါးတဲ့ ဂျက်ဒေသက မျောက်တွေနဲ့ သိပ်မတူဘူးဗျ။ ဒါကြောင့် ဒီမျောက်တွေကို တစ်နေရာရာမှာ သတ်ပြီး ဒီမှာ လာပစ်ထားခဲ့ပုံရတယ်” ဟု ရှင်းပြသည်။

ရဲအရာရှိများက စစ်ဆေးရေးဂိတ်များတွင် ဒေသခံများနှင့်အတူ လက်တွဲ၍ ယင်းဖြစ်စဉ်ကို စိစစ်စုံစမ်းနေသည်။ ထိုမျောက်များကို ထရပ်ကားများထဲသို့ အိတ်များဖြင့် သယ်လာခြင်း ဖြစ်နိုင်ကြောင်း၊ ဆိုင်ကယ် (သို့မဟုတ်) ကားသေးဖြင့် သယ်လာရန် မျောက်အကောင်ရေများ၍ မဆန့်နိုင်ကြောင်း စိစစ်စုံစမ်းနေသော ရဲအရာရှိတစ်ဦးက ပြောသည်။

တစ်ချိန်တည်းမှာပင် ဇူလိုင် ၂၈ ရက် ညပိုင်းနှင့် ဇူလိုင် ၂၉ နံနက်ပိုင်းတို့တွင် ဒေသခံပြည်သူများနှင့်အတူ မျောက် များကို ကယ်ဆယ်ခဲ့ကြသည့် ပရာနီဒယသံဃာ့အဖွဲ့ဝင်များကလည်း တရားခံများကို စုံစမ်းဖော်ထုတ် နိုင်ရေး အတွက် ကူညီသူများအပေါ် ဆုငွေချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Source: The New Indian Express

#အိန္ဒိယနိုင်ငံ
#ကာနာတာကာပြည်နယ်
#မျောက်
#သေဆုံးနေ
#သတ်ဖြတ်ခံရ
#ရဲတပ်ဖွဲ့
#စုံစမ်းနေ
#CNImyanmar
#cninews
#ChannelNewsIndependent