၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ စံတုံကျေးရွာတွင် ရေတွင်း နှစ်တွင်း ရှိသော်လည်း သောက်သုံးရေ လိုအပ်ချက်ရှိနေသေးကြောင်း ဒေသခံတစ်ဦးဖြစ်သူ ကိုဝေလယ်က CNI သို့ ပြောသည်။

စံတုံရွာတွင် ယခင်က ရေတွင်း တစ်တွင်းသာရှိပြီး ၂၀၂၀ ပြည့်နှစ်အတွင်းက အလှူရှင်များ၏ လှူဒါန်းမှုကြောင်း ရေတွင်း နှစ်တွင်း ရှိလာပြီ ဖြစ်သည်။

စံတုံရွာဒေသခံ ကိုဝေလယ်က “အခုဟာ ကျနော်တို့ကတော့ ရေတွင်းကတော့ လိုတယ်ဗျ။ ဒီရပ်ကွက်မှာ သွယ်လာခဲ့တဲ့ ရေလှောင်ကန် တစ်ကန်ပဲ ရှိပါသေးတယ်။ ကျနော်တို့ ရွာထဲမှာ ရေကန်တွေတော့ လိုအပ်ပါတယ်။ အခု မနှစ်တုန်းက လာ လုပ်ပေးသွားတဲ့ ရေက ရေလှောင်ကန် သဘောလို အဲမှာ ရွာလယ်ခေါင်လမ်းဆုံမှာ တစ်ကန်ပဲ ချထားသေးတယ်”ဟု CNI သို့ ပြောသည်။

စံတုံရွာသည် စုစုပေါင်း အိမ်ခြေ ၁၃၀ ကျော်ရှိပြီး လူဦးရေ ၈၀၀ ဝန်းကျင်ရှိကြောင်း၊အဆိုပါ ဒေသခံ လူဉီးရေ ၈၀၀ ဝန်းကျင် သည် ရွာအတွင်းရှိ ရေတွင်းနှစ်တွင်းကို အားထား၍ သောက်သုံးရေ၊ ချိုးရေအဖြစ် အသုံးပြုနေရကြောင်း ၎င်းက ပြောသည်။

နာဂအမျိုးသားပါတီမှဥက္ကဋ္ဌ ဦးရှုမောင်က နာဂဒေသသည် တောင်ပေါ်ဒေသ ဖြစ်သည့်အတွက် ရေလိုအပ်ချက်မှာ အခြား ကျေးရွာများတွင်လည်း ကြုံတွေ့ရလေ့ရှိကြောင်း ပြော သည်။

ဦးရှုမောင်က “သူတို့ရွာက တောင်ကြောမှာကြီး တောင်ကြောမှာဆို လမ်းပေါ်တော့ လမ်းပေါ်မှာပဲ ဒါပေမယ့်လို့ တောင်ကြော ကမ်းပါးယံမှာ အဲလိုမျိုးရှိတော့ ရေက ဟိုးအောက်ထဲမှာကြီး သွားရမလား၊ အဲလိုမျိုးဆိုတော့ အဆင်မပြေကြဘူးလေ။ အဲလို ရွာတွေ အများကြီးရှိတယ်။ ရေခပ်မယ်ဆို ဟိုး အောက်ဆုံးကနေ သွားယူ။ အဲလိုမျိုးဆိုတော့ တော်တော်များများရှိပါတယ်” ဟု CNI သို့ ပြောသည်။

လက်ရှိအချိန်သည် နိုင်ငံရေး အကျပ်အတည်း ကာလဖြစ်နေသည့်အတွက် အထက်ပါ အခက်အခဲများနှင့်ပတ်သက်ပြီး မိမိတို့ ပါတီအနေဖြင့် လောလောဆယ် မလုပ်ဆောင်နိုင်သေးကြောင်း၊ အလားတူ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း လောလော ဆယ် လုပ်ကိုင်နိုင်သေးသည့် အနေအထားမှာ မရှိသေးကြောင်း ၎င်းက ပြောသည်။

စံတုံရွာဒေသခံ ကိုဝေလယ်က “ကျနောတို့မှာ လိုအပ်တာက အများကြီးပဲ ဒီရွာသစ်မှာက ဘာမှ မရှိသေးဘူး။ မနှစ်က ကျေးလက်ဌာနက ရေတွင်း လာလုပ်ပေးသွားတာရယ်၊ နောက်ရိပ်သာတစ်ခု ဆောက်ပေးသွားတာရယ်၊ အဲတာတွေပဲ ရှိသေးတယ် ရွာထဲမှာ။ ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေး ကျနော်တို့ရွာမှာ အများကြီး လိုအပ်သေးတယ်” ဟု ပြောသည်။

နာဂဒေသည် ရေလိုအပ်ချက်အပြင်၊ စားသောက်ကုန် ရှားပါးမှု၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့်လည်း ကြုံတွေ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖွံ့ဖြိုးမှု အားနည်းသည့် ဒေသလည်း ဖြစ်သည်။

နာဂဒေသတွင် သောက်သုံးရေ ရှားပါးနေခြင်းနှင့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး အခက်အခဲများ ဖြစ်နေခြင်းအပေါ် အစိုးရမှ သော်လည်းကောင်း၊ သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အစိုးရကြားသော်လည်းကောင်း ပူးပေါင်း ဆောင် ရွက်၍ ဖြေရှင်းပေးမည်ဆိုပါက အဆင်ပြေ လိမ့်မည်ဟု ဉီးရှုမောင်က ပြောသည်။