CNI International News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂

အစ္စရေးနိုင်ငံရှိ တဲအဗစ်မြို့သည် ကမ္ဘာ့စရိတ်အကြီးဆုံးမြို့ဖြစ်ကြောင်း Economist မဂ္ဂဇင်း၏ နှစ်စဉ်စစ်တမ်း ကောက်ယူမှုကို ကိုးကားလျက် အယ်လ်ဂျာဇီးယားသတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယခင်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့သည် ယခုစာရင်းတွင် ထိပ်ဆုံးနေရာ ရပ်တည်ခဲ့ရာမှ ထိုနေရာကို ယခုအခါ တဲအဗစ်က ရရှိသွားပြီး ပါရီက စင်ကာပူနှင့်တန်းတူ ဒုတိယနေရာ‌ လျှော့ကျသွားခဲ့သည်။

အဆိုပါအချက်အလက်များကို Economist မဂ္ဂဇင်း၏ စုံစမ်းလေ့လာရေးဌာနက စုဆောင်းပြုစုခဲ့ပြီး ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ပေးခဲ့သည်။

တဲလ်အဗစ်သည် နိုင်ငံသုံးငွေကြေးဖြစ်သည့် အစ္စရေးရှဲကယ်လ်၊ အမေရိကန်ဒေါ်လာနှင့် သယ်ယူပို့ဆောင်ရေး၊ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် တစိတ်တပိုင်း အဆင့်တက်သွားခဲ့ခြင်းဖြစ်သည်။

နောက်ထပ်အဆင့်များတွင်တော့ ဇူးရစ်ချ်၊ ဟောင်ကောင်နှင့် နယူးယောက်တို့က အဆင့်သတ်မှတ်ချက်အလိုက် ရပ်တည်နေကြသည်။ ထိပ်တန်း ၁၀ နိုင်ငံတို့အနက် ဂျနီဗာ၊ ကိုပင်ဟေဂင်၊ လော့အင်ဂျလိစ်နှင့် အိုဆာကာတို့က အစဉ်အတိုင်း ရှိနေသည်။

ပုံ - ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်။(Photo-Credit)

 ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်ကတော့ နေထိုင်ရန် ကမ္ဘာ့ဈေးအသက်သာဆုံးမြို့အဖြစ် သတ်မှတ်ခံရသည်။

Covid-19 ကူးစက်ရောဂါကြောင့် ကန့်သတ်ချက်များချမှတ်ခဲ့ရာ ကုန်စည်ပို့ဆောင်ရေးကို များစွာအနှောင့်အယှက် ဖြစ်ခဲ့ပြီး ရှားပါးမှုနှင့်စရိတ်ကြီးမြင့်မှု ရှိလာခဲ့ကြောင်း အဆိုပါမဂ္ဂဇင်းမှ ကမ္ဘာတဝန်းလူနေမှုစရိတ်ဆိုင်ရာ လေ့လာ သုံးသပ်သူ အူပါစနာဒက်က ပြောကြားခဲ့သည်။

“စက်သုံးဆီဈေး အင်မတန်မြင့်လာတာနဲ့အတူ အခုနှစ် ညွှန်းကိန်းအကျိုးသက်ရောက်မှုကို ကျနော်တို့ ရှင်းရှင်း လင်းလင်းတွေ့မြင်နိုင်ပါတယ်” ဟု ကမ္ဘာ့နိုင်ငံများမှ ဗဟိုဘဏ်များ ငွေကြေးဖောင်းပွမှုလျှော့ချရန် သတိကြီးကြီး ဖြင့် အတိုးနှုန်းမြှင့်ဖို့ စဉ်းစားနေချိန်တွင် ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုကိန်းဂဏန်းအနေဖြင့် ထူးထူးခြားခြား မြင့်မားသောနှုန်းထားသတ်မှတ်ထားသည့် မြို့ကြီး ၄ မြို့ကို ယခုစာရင်းတွင် မထည့်ထားပေ။ ယင်း ၄ မြို့မှာ ကရာကတ်၊ ဒမတ်စကပ်၊ ဘရူနိုအေရစ်နှင့် တီဟီရန် တို့ဖြစ်ကြသည်။ အမေရိကန်၏ပိတ်ဆို့အရေးယူမှုများကြောင့် ကုန်ဈေးနှုန်းတက်လာပြီး ပစ္စည်းပြတ်တောက်မှု များ ဖြစ်ပေါ်နေသည့် အီရန်၏မြို့တော် တီဟီရန်မှာ စရိတ်အမြင့်ဆုံးမြို့စာရင်း၌ ယခင် အဆင့် ၇၉ မှ ယခု အဆင့် ၂၉ သို့ တက်လာခဲ့သည်။

လူနေမှုစရိတ်ကြီးမြင့်မှုသည် အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်တွင် ဆက်လက်ဖြစ်ပွားနေဆဲ ပြဿနာတစ်ရပ်ဖြစ်သည်။ ယင်းမြို့တွင် ၂၀၁၁ ခုနှစ်တုန်းက ငှားရမ်းနေထိုင်ခများ အဆမ တန်ထိုးတက်ခဲ့သဖြင့် အစ္စရေးလူငယ်များ ဒေါသ တကြီးဖြင့် “တဲတော်လှန်ရေး” ဟု အမည်ပေးကာ မြို့လယ်ခေါင်တွင် ရွက်ဖျင်တဲများ ထိုး၍ နေထိုင်ခဲ့ကြသည်။

“အဲဒီဆန္ဒပြမှုက ယာယီအားဖြင့် အကျိုးသက်ရောက်မှုရှိခဲ့တယ်။ တဲလ်အဗစ်ကို ဒီနှစ် နံပါတ်တစ် အဆင့် သတ်မှတ်လိုက်တာဟာ ခိုင်မာတဲ့ပြည်တွင်းငွေကြေးကြောင့် ဖြစ်တယ်” ဟု အစ္စရေးဘဏ်မှ စီးပွားရေးပညာရှင် ဟောင်းဖြစ်သူ အက်ရှာဘလက်စ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လ၌ အစ္စရေးငွေကြေး ‘ရှဲကယ်လ်’ သည် ဒေါ်လာနှင့်ယှဉ်လျှင် ၂၅ နှစ်အတွင်း အမြင့်ဆုံးရောက်ခဲ့သည်။ အိမ်ရာစရိတ်နှင့် ကုန်ခြောက်ကဲ့သို့ အခြားအခြေခံပစ္စည်း ဈေးနှုန်းများ တက်လာသည်နှင့်အမျှ လုပ်ခလစာနှုန်း မှာလည်း မညီမညာဖြစ်နေခဲ့သည်။

“လယ်ယာထွက်ကုန်တွေလို ကုန်စည်တွေအတွက် ဈေးနှုန်းကျဖို့အတွက် ပြိုင်ဆိုင်မှု ဖွင့်ကြဖို့ လိုပါတယ်” ဟု အက်ရှာဘလက်စ်က မှတ်ချက်ချခဲ့သည်။

Source: The Economist, Aljazeera