CNI International News

ခတ္တမန္ဒူ ဒီဇင်ဘာ ၅

ခိုးယူခြင်းခံရမှု နှစ်ပေါင်း ၄၀ နီးပါး ကြာမြင့်ပြီးနောက် နီပေါနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ဟိန္ဒူနတ်ဘုရား နှစ်ပါး၏ရုပ်တုသည် ခတ္တမန္ဒူမြို့တော်ရှိ မူလဘုရားကျောင်းနေရာတွင် ဒီဇင်ဘာ ၄ ရက်၌ ပြန်လည်ထားရှိနိုင်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါ နတ်ဘုရား ရုပ်တုများသည် ရာစုနှစ်နှင့်ချီ၍ သက်တမ်းရှိနေပြီ ဖြစ်သည်။

နီပေါအစိုးရနှင့် အမေရိကန် တက်ကြွလှုပ်ရှားသူများ၊ တာဝန်ရှိသူများ လအတန်ကြာ စုံစမ်းစစ်ဆေးကြပြီးနောက် လက်ချ်မီး နှင့် နာရာယန် နတ်ဘုရားတို့၏ ကျောက်သားရုပ်တုများကို အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဒါးလက်စ်မြို့ရှိ ပြတိုက် နှင့် အမေရိကန် FBI တို့သည် ပြီးခဲ့သည့်မတ်လက နီပေါနိုင်ငံသို့ ပြန်ပို့ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နတ်ဘုရားရုပ်တုများသည် ၁၉၈၄ ခုနှစ်တွင် မူလဘုရားကျောင်းအတွင်းမှ ခိုးထုတ်ခြင်း ခံခဲ့ရပြီးနောက် ၆ နှစ် အကြာ ၌ ဒါးလက်စ်ပြတိုက်မှာ စုဆောင်းထားသူ တစ်ဦးထံမှ အငှားစနစ်ဖြင့် ပြသထားခဲ့သည်။

၁၂ ရာစုနှင့် ၁၅ ရာစုကြားရှိ အဆိုပါ ရှေးဟောင်း လက်ရာများသည် နီပေါနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့သည့် အနည်းငယ်မျှ သော ယဉ်ကျေးမှုလက်ရာများထဲမှ တစ်ခုသည်။ ယခုနှစ်ကျမှ နိုင်ငံခြားပြတိုက်နှင့် ရှေးဟောင်းပစ္စည်း စုဆောင်းသူများထံမှ နီပေါရှိ မူလနေရာသို့ တဖန်ရောက်ရှိခဲ့သည်။

ထိုရုပ်တုများကို အထပ်တစ်ရာပန်းကုံးများ ဆင်ယင်၍ ဟိန္ဒူဘုန်းကြီးတစ်ပါးက ဒီဇင်ဘာ ၄ ရက်တွင် ဝတ်ပြုဆုတောင်းခဲ့ သည်။ အလားတူ ဒေသခံများကလည်း ရိုးရာတေး သီချင်းများ တီးမှုတ်လျက် စေတီပုံစံ ဘုရားကျောင်းအတွင်းသို့ အခမ်းအနား ဖြင့် ပြန်လည် သယ်ဆောင်ထားရှိခဲ့သည်။

ပုံ-နှစ်ပေါင်း ၄၀ နီးပါးပျော်ကဆုံးနေသည့် ဟိန္ဒူနတ်ဘုရားရုပ်တုကို နီပေါပြည်သူများ ပင့်ဆောင်နေစဉ်(AFP)

အဆိုပါ ရုပ်တုများကို မူလကျောက်အုတ်ခုံပေါ်သို့ ပြန်လည်နေရာချထားခြင်း၊ ဒေသခံများ ယခင်ကိုးကွယ်ခဲ့ကြသော အလား သဏ္ဌာန်တူ ရုပ်တုနှင့် ယှဉ်တွဲထားရှိခြင်းတို့ ဆောင် ရွက်ခဲ့ကြသည်။

“ကျနော်တို့ အင်မတန် ပျော်ရပါတယ်။ ၃ နှစ်၊ ၄ နှစ်လောက် ကျနော်တို့ ကြိုးစားခဲ့ရတာက အသီးအပွင့်တွေ ဖြစ်လာခဲ့လို့ ဒီကလူတိုင်း ဒီနေ့မှာဆိုရင် ပျော်ပျော်ပါးပါး ဆင်နွှဲနေကြပြီပေါ့ဗျာ” ဟု နီပေါယဉ်ကျေးမှု အမွေအနှစ် ပြန်လည်ထူထောင်ရေး အဖွဲ့မှ ဒီလန်ဒရာ ရက်ချ် ရှရက်စသာက ပြောသည်။

ယခုဆိုလျှင် အဆိုပါ ဘာသာရေးဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဘုရားကျောင်း အတွင်း လေဆာအာရုံခံ ကိရိယာများနှင့် စီစီတီဗီ ကင်မရာများ တပ်ဆင်ထားကြောင်း ၎င်းက ဆက်ပြောသည်။

“နီပေါနိုင်ငံက ဘာသာရေး လက်ရာတွေကို အမေရိကန်၊ ဥရောပနဲ့ တခြားနိုင်ငံတွေကနေ အခုလိုမျိုး နီပေါနိုင်ငံထဲ ပြန်ယူလာ နိုင်ဖို့ လမ်းကြောင်းသစ် တစ်ခုရဲ့အစကို ကျနော်တို့ မြင်နေရပါပြီ” ဟု နီပေါနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ရမ်ဒီဘယ်ရီက ပြောသည်။

“ဒီလိုပွဲမျိုး အများကြီးလာမယ့်အထဲမှာ ဒါ ပထမဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက မှတ်ချက်ချသည်။

နီပေါနိုင်ငံသည် ဘာသာရေး အလွန်ကိုင်းရှိုင်းပြီး ပြည်တွင်း၌ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ သာသနိက အဆောက်အဦတို့မှာ ပြည်သူ တို့၏ နေ့စဉ်ဘဝ၌ အရေးပါသော အစိတ်အပိုင်းများအဖြစ် ရပ်တည်နေခဲ့သည်။

 Source: Aljazeera