၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀

အနှစ် ၂၀ ကျော် ပျောက်ဆုံးနေသည့် အင်းလေဒေသ၏ ရေပေါ်ဈေးကို ဒီဇင်ဘာ ၂၁ ရက်နေ့မှစ၍ ပြန်လည်စတင်မည်ဖြစ်ကြောင်း အင်းလေးဒေသခံများထံမှ သိရသည်။

အင်းလေးဒေသ ရေပေါ်ဈေးကို ယခင် ပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေဒေသရှိ ဟဲယာရွာမရွာတွင် ပြန်လည်လုပ်ဆောင်ခြင်းဖြစ်ပြီး အခုလို ပြန်လည်လုပ်ဆောင်ခြင်းကြောင့် ဒေသခံ များအတွက် အလုပ်အကိုင် အခွင့်အလမ်းရှိလာသလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင်လည်း ဆောင်ရွက်ထား ကြောင်း Save The Inlay Lake ၏ တွဲဖက်အတွင်းရေးမှူး ကိုညီညီထွန်းက CNI သတင်းဌာနသို့ ပြောသည်။

“ရေပေါ်ဈေးက အခု ရွာမရွာထိပ်မှာ ရေပြင်ကြီးမှာ ဟိုးအရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်က အမြဲတမ်း ဈေးအပတ်တိုင်း ရှိတာပေါ့နော်။ အဲမှာ ရောင်းကြ ဝယ်ကြ။ ရေပေါ်ဈေးကတော့ အခုနောက်ပိုင်း ရောင်းတဲ့ပုံစံက အစားအသောက်ကို အဓိက ရောင်းတာပေါ့နော်။ အနီးအနား တောင်ကြီးတို့၊ ညောင်ရွှေကနေ မနက်အစောကြီး လာဆင်းစားကြ အဲလိုအခါကျတော့ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းက နည်းနည်း အဆင်ပြေတာပေါ့ ဈေးမှာ ရောင်းကြ ဝယ်ကြတဲ့သူတွေအတွက်တော့။ သဘာဝပတ်ဝန်းကျင် ထိခိုက်တာ တော့ မရှိပါဘူး။ အမှိုက်တွေ ဘာတွေ စွန့်ကြဲတာလည်း စနစ်တကျ လုပ်ထားတယ်။ ပြီးရင် ရေပေါ်ဈေးကို လာတဲ့ စက်လှေတိုင်းကိုလည်း အမှိုက်ပုံးတွေ ဘာတွေ ထည့်ဖို့တွေရော အကုန်လုံး အဲလိုမျိုး စနစ်တကျ စီမံထားတာ တွေ့ရတယ်”  ဟု ကိုညီညီထွန်း ကပြောသည်။

အင်းလေး ရေပေါ်ဈေးကို နံနက် ၇ နာရီမှ ၁၂ နာရီအထိ ဒေသ၏ ငါးရက်လျှင် ဈေးနေ့တစ်ရက်အဖြစ် သတ်မှတ်ရက်အတိုင်း ဖွင့်လှစ်ကာ အဓိက ရောင်းကုန်အဖြစ် ဒေသအစားအစာများ၊ ဟင်းသီးဟင်းရွက် အပါအဝင် ကုန်ပစ္စည်းများကို လှေပေါ်တင်ပြီး ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရေပေါ်ဈေးသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားစရာ ဓလေ့ထုံးတမ်းတစ်ခု ဖြစ်ခဲ့သော် လည်း နွေရာသီတွင် ရေလျော့နည်းလာမှုကြောင့် ရေပေါ်ဈေးအဖြစ် ရောင်းဝယ်မှု မပြုနိုင်ဘဲ ကုန်းမြေပေါ်သို့ ပြောင်းရွှေ့ခဲ့သဖြင့် ဆယ်စုနှစ် တစ်ခုကျော်ကြာ ပျောက်ကွယ်ခဲ့ရသည်။

ယမန်နှစ် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂ ရက်မှ စတင်၍ ရောင်းဝယ်သူများဖြင့် ပြန်လည် စည်ကားလာခဲ့ သော်လည်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ဇန်နဝါရီလတွင် ယာယီ ပိတ်သိမ်းထားခဲ့ရာမှ ယခုတွင် COVID-19 စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်ကာ ခရီးသွားများ ဝင်ရောက်မှုကိုလည်း မျှော်လင့်ကြောင်း ဒေသခံ မစုဝါဝါခင်က CNI သို့ ပြောသည်။

“ကျမတို့ အင်းလေးမှာ ဟဲယာရွာမ ရေပေါ်ဈေးဆိုပြီးတော့ ဟိုးအရင်ကတည်းက ရှိခဲ့တာပေါ့နော်။ ညနေ ညခင်းဈေးပေါ့။ တခြားရွာမှာ ဈေးတွေဝယ် ကျမတို့ရွာမှာ ကုန်စိမ်းတွေ စိုက်တဲ့လူ မရှိတော့လေ။ တခြားရွာ က ကုန်စိမ်းတွေ၊ အသားငါးတွေ ဝယ်လာပြီးတော့ တခြားဈေးကနေ ဝယ်လာပြီးတော့ ကျမတို့ဈေး ရွာမမှာပေါ့နော် လှေနဲ့လှော်ပြီး စပြီး ရောင်းခဲ့တာရှင့်။ အဲကနေပြီးတော့ တဖြည်းဖြည်း ခရီးသွားတွေကလည်း အသိအမှတ်ပြုပြီးတော့ လာလည်ကြတာပေါ့နော်။ အဲလိုနဲ့ ရေပေါ်ဈေး ဖြစ်ပေါ်လာတာပါရှင့်။ ပြီးခဲ့တဲ့ ကိုဗစ်ကာလမှာ ကျမတို့ အောက်တိုဘာ ကနေပြန်စပြီးတော့  ဇန်နဝါရီ လကုန်ပိုင်းမှာ ပြန်ရပ်လိုက်တာ ပေါ့နော်။ ကိုဗစ်တွေ အရမ်းဖြစ်လာလို့လေ။ အဲတော့ ကျမတို့ရွာက ကိုဗစ်တွေ အများဆုံး ပထမဆုံး ဖြစ်နေတဲ့ရွာ ဆိုတော့လေ ခဏ နားလိုက်တယ်။ နားလိုက်ပြီးတော့ ဘယ်လိုပြောမလဲ စိုက်ပျိုးရေးလည်း မရှိဘူး ခရီးသွားဧည့်သည်ပဲ အားကိုးပြီးတော့ ရောင်းချတဲ့ရွာ ဖြစ်နေတာပေါ့နော်။ အဲတော့ ခရီးသွား တွေကိုလည်း မျှော်လင့်တာပါရှင့်” ဟု ပြောသည်။ 

လက်ရှိအချိန်၌ ရှမ်းပြည်နယ်တွင် ရေပေါ်ဈေးဟူ၍ ဟဲယာရွာမရွာ၏ ရေပေါ်ဈေး တစ်ခုတည်းသာ ရှိနေပြီး နန်းပန်ရွာနှင့် မိုင်းသောက်ရွာတို့တွင်လည်း တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေကြောင်း သိရသည်။