CNI International news

အမ်စတာဒမ်၊ ဇန်နဝါရီ ၁၈

“ဟော်လန်အသံ” (The Voice of Holland) အမည်ရှိ လူကြိုက်များသော ဒတ်ချ်ရုပ်သံလိုင်း အစီအစဉ်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် လုပ်ပိုင်ခွင့် အလွဲသုံးစားပြုမှု ကျူးလွန်သူအချို့ ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခံရပြီးနောက် ထိုရုပ်သံလိုင်း ထုတ်လွှင့်ခြင်း ဆိုင်းငံ့သွားခဲ့သည်ဟု rt.com ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီ ၁၇ ရက်၌ သတင်းဖော်ပြထားသည်။

The Voice of Holland အစီအစဉ်တွင် ပါဝင်သွားခဲ့သည့် လိင်ပိုင်းဆိုင်ရာစော်ကားမှုရှိသော မဖွယ်မရာအပြုအမူကို စူးစမ်း လေ့လာမည့် တင်ဆက်မှုတစ်ခု ထုတ်ဖော်ပြသသွားရန်ရှိသည်ဟု BNNVARA ရုပ်သံကွန်ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ သဖြင့် The Voice of Holland ထုတ်လွှင့်ခြင်း ဆိုင်းငံ့သွားခဲ့ရသည်။ အဆိုပါ တေးဂီတ အစီအစဉ်သည် အခြား The Voice ရှိုးပွဲများ ကြည့်ရှုမှုများစေရန် ဆွဲဆောင်အားကောင်းကြောင်း သိရသည်။

ထိုအစီအစဉ်သည် လူပေါင်းများစွာထံမှ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှု ဇာတ်လမ်းများစွာ လက်ခံရရှိခဲ့ကြောင်း BNNVARA ရုပ်သံကွန်ရက်က ဖွင့်ချခဲ့သည်။ တီးဝိုင်းခေါင်းဆောင်ဖြစ်သူ ဂျီရိုရန်ရီယက်ဘာဂန် (Jeroen Rietbergen) လည်း ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။

“ဒီတပတ် ဇန်နဝါရီ ၁၅ ရက်မှာ တည်းဖြတ်သူတွေဆီကို The Voice ရဲ့ တီးဝိုင်းခေါင်းဆောင် ဂျီရိုရန်ရီယက်ဘာဂန်က ခံဝန်ကတိနဲ့ လာတောင်းပန်ပါတယ်။ The Voice အစီအစဉ်မှာ သူဝင်လုပ်နေတာတွေ ချက်ချင်းရပ်လိုက်တော့မယ့် အကြောင်းလည်း ပြောသွားပါတယ်” ဟု BNNVARA ရုပ်သံကွန်ရက်၏ ကြေညာချက်တွင် ပြောကြားထားသည်။

ရီယက်ဘာဂန်သည် တစ်ခုသော အစီအစဉ်တွင် ပါဝင်ခဲ့သည့် အမျိုးသမီးများနှင့် လိင်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုများ ရှိခဲ့ကြောင်း နောက်ပိုင်းတွင် အတည်ပြုခဲ့ပြီး ထိုအမျိုးသမီးများထံသို့ ပြတ်သားသည့် သတင်းစကား(မက်စ်ဆေ့ချ်)အချို့ ပေးပို့ခဲ့ကြောင်း သိရသည်။

ထုတ်လွှင့်ခွင့် ဆိုင်းငံ့ခံလိုက်ရတဲ့ ဟော်လန်အသံ။

ထိုသို့ဖြေလျော့မှု ပြုခြင်းဖြင့်သာ သူ့အတွက် ပုံမှန်မိသားစုဘဝသို့ ပြန်လည် ရောက်ရှိစေရန် အကူအညီပေးခဲ့ကြောင်း ပြော ကြားရင်း ဂီတပညာရှင် ရီယက်ဘာဂန်က ၎င်း၏အလုပ်ရှင်၊ မိသားစုနှင့် သက်ဆိုင်ရာ အမျိုးသမီးများထံသို့ တောင်းပန်ခဲ့ သည်။

သို့သော် ရီယက်ဘာဂန်တစ်ဦးသာ ထိုကဲ့သို့ ကျူးလွန်သည်ဟု စွပ်စွဲခံရခြင်းမဟုတ်ဘဲ အဆိုပါရှိုးပွဲ ဦးဆောင်တင်ဆက် သူ များထဲမှ တစ်ဦးဖြစ်သည့် အလီဘီ (Ali B) လည်း စွပ်စွဲခံခဲ့ရကြောင်း ဒတ်ချ်မီဒီယာများ၏ အဆိုအရ rt.com က သတင်း ဆက်လက် ရေးသားထားသည်။ အလီဘီသည် ၎င်းအပေါ် စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားသော်လည်း ရဲထံသို့ တိုင်ချက်ဖွင့် ခြင်း ခံထားရသည်။

“ဒီကိစ္စဟာ ဟိုးအရင်တုန်းက ဖြစ်ခဲ့တာလို့ စွပ်စွဲထားပေမယ့် မမှန်ကန်ဘူးဗျ” ဟု ရက်ပ်ပါတစ်ဦးဖြစ်သူ အလီဘီက အင်စတာဂရမ်တွင် ပြောကြားထားသည်။

အဆိုပါ ရှိုးပွဲအစီအစဉ် ထုတ်လွှင့်ခဲ့သည့် RTL ရုပ်သံလွှင့်ဌာနနှင့် ထုတ်လုပ်ရေးကုမ္ပဏီ ITV တို့က ယခုဖြစ်စဉ်များအပေါ် သီးခြားလွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ထုတ်ခဲ့ပြီး ရုပ်သံထုတ်လွှင့်နေမှုကို ယာယီဆိုင်းငံ့ခဲ့သည်။

မိမိတို့အပေါ် စွပ်စွဲချက်များမှာ အလွန်လေးနက်ပြီး ထိတ်လန့် တုန်လှုပ်စရာကောင်းကြောင်း၊ BNNVARA ထံမှ အသိပေးသည့် အီးမေးလ် မရရှိမီအထိ ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အပြုအမူများကို သတိမပြုမိခဲ့ကြောင်း RTL ရုပ်သံလွှင့်ဌာနက ပြောကြားခဲ့သည်။

Source: rt.com