CNI International News

ကန်ပါလာ၊ ဇန်နဝါရီ ၂၀

အမျိုးသမီးများ စကက်အတိုနှင့် ဒူးပေါ်ပေါင်ပေါ်ဝတ်ဆင်ခြင်းသည် ယာဉ်မောင်းသူများအပေါ် စိတ်အနှောင့်အယှက်ရှိစေ၍ ယာဉ်မတော်တဆမှု ဖြစ်ပွားဖို့ တွန်းအားပေးရာရောက်သည်ဟု ယူဂန်ဒါနိုင်ငံမြောက်ပိုင်းရှိ ကုန်သည်အသင်းက ဆုံးဖြတ် လိုက်ပြီးနောက် အမျိုးသမီးများ ကုန်တင်ယာဉ်ခေါင်းခန်း၌ လိုက်ပါစီးနင်းခြင်း ခွင့်မပြုရန် တားမြစ်လိုက်ကြောင်း အေအက်ဖ် ပီ သတင်းဌာနအား ကိုးကားလျက် ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

လိုင်ရာမြို့တွင် ချမှတ်လိုက်သည့် အဆိုပါ တားမြစ်အမိန့်အရ ယာဉ်မောင်းသူများအနေဖြင့် ကုန်တင်ယာဉ်များ၏ ခေါင်းခန်း ထဲတွင် ၎င်းတို့ဇနီးမယားကိုပင် လိုက်ပါစီးနင်းခွင့် မပြုကြောင်း သိရသည်။

ထိုသို့ အမျိုးသမီးများ ယာဉ်ခေါင်းခန်း လိုက်ပါစီးနင်းခွင့် တားမြစ်အမိန့်ထုတ်ရန် ဆုံးဖြတ်ချက်သည် လုံခြုံရေးအကြောင်း ပြချက်ဖြင့် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ယူဂန်ဒါပြည်တွင်း ကုန်သည်များနှင့် လက်လီလက္ကား ရောင်းဝယ်ဖောက်ကားသူများကို ကိုယ်စားပြုသည့် အသင်းအဖွဲ့တစ်ခုက ရှင်းပြခဲ့သည်။

“တချို့အမျိုးသမီးတွေ သူတို့ပေါင်ကို ပေါ်စေပြီး ယာဉ်မောင်းသူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် စကက်တို၊ ဘောင်းဘီတိုတွေ ဝတ်ဆင်ကြတာ ရှိပါတယ်။ အဲဒါက ယာဉ်မောင်းတွေအတွက် ယာဉ်မတော်တဆမှုဖြစ်စေပြီး ယာဉ်ပေါ် လိုက်ပါလာတဲ့သူတွေပါ သေဆုံးနိုင်ပါတယ်”ဟု လိုင်ရာမြို့ မိုဘိုင်းဈေးကွက်ရောင်းချသူများအဖွဲ့ ဥက္ကဋ္ဌ ပက်ထရစ် အိုပီယိုအို ဘော့က အေအက်ဖ်ပီသတင်းဌာနသို့ ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

“အခုတားမြစ်ချက်က ချက်ချင်း အသက်ဝင်လာပြီး ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအားလုံး လိုက်နာဆောင်ရွက်ကြမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယူဂန်ဒါအမျိုးသမီးများကိုတွေ့ရစဉ်။(AFP)

ကုန်တင်ယာဉ်မောင်း အများအပြား ဝင်ထွက်သွားလာနေသော ၎င်းဒေသတွင် ယာဉ်မတော်တဆမှု တိုးလာသည့် အကြောင်း ရင်းကို စုံစမ်းလေ့လာပြီးနောက် ယခုဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အိုပီယိုအိုဘော့က ရှင်းပြသည်။

“ယာဉ်မတော်တဆမှုတွေကို ကျနော် လေ့လာကြည့်လိုက်တော့ အရှိန်ပြင်းပြင်းနဲ့ စည်းကမ်းမဲ့မောင်းတဲ့ ကုန်တင်ယာဉ်မောင်း က အမျိုးအစားတစ်ခု သက်သက်ပေါ့ဗျာ။ နောက်တစ်မျိုးကတော့ အမျိုးသမီးတချို့က အင်္ကျီစကက် အတိုအပြတ်တွေ ဝတ် ပြီး ယာဉ်ရှေ့ခေါင်းခန်းထဲ ဝင်ထိုင်၊ ယာဉ်မောင်းတွေက ဆိုင်ခေါ်ပြီး မူးယစ်သောက်စား အဲဒီမှာ ယာဉ်မတော်တဆမှုတွေ ဖြစ် တော့တာပဲဗျ”ဟု ၎င်းက ထပ်လောင်းရှင်းပြခဲ့သည်။

ဇန်နဝါရီ ၁၀ ရက်က လိုင်ရာမြို့အနီး အပတ်စဉ် ရောင်းချသော ဈေးတစ်ဈေးမှ ပြန်လာသည့် ကုန်တင်ယာဉ်တစ်စီး တိမ်း မှောက်ခဲ့ရာ ကုန်သည် ၉ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ ရှိခဲ့သည်။ အဆိုပါ ယာဉ်မတော်တဆမှုအတွက် အရှိန်ပြင်းထန်စွာ နှင့် မဆင်မခြင် မောင်းနှင်ခြင်းတို့အပေါ် ရဲတပ်ဖွဲ့က အပြစ်တင်ဝေဖန်ခဲ့သည်။

အဆိုပါအမိန့်သည် မလိုလားအပ်ဘဲနှင့် အမျိုးသားကြီးစိုးရေးဝါဒ ကျင့်သုံးခြင်းဖြစ်ကြောင်း အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူ အဲလစ်မူဂွမ်ယာကာဘီဂျီက ရှုတ်ချခဲ့သည်။

“ဒီကိစ္စက လိုင်ရာက အာဏာပိုင်တွေရဲ့ အမျိုးသမီးတွေအပေါ် နောက်ထပ် တိုက်ခိုက်မှုပါပဲ” ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

“နေ့စဉ်လုပ်ငန်းခွင်မှာ ကျား/မ မရွေး လွတ်လွတ်လပ်လပ် ပါဝင်လုပ်ကိုင်ခွင့်ကို တားမြစ်တဲ့အတွက် ယူဂန်ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လုံးဝဆန့်ကျင်နေပါတယ်”ဟု ၎င်းက ထောက်ပြခဲ့သည်။

Source: AFP, Bangkok Post