CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၉

နေပြည်တော်နယ်မြေတွင် တည်ထားသည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား လာရောက် ဖူးမြော်ကြသည့် ဘုရားဖူးများကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (သြဂုတ် ၁၉ ရက်)တွင် တွေ့ဆုံ စကားများ ပြောခဲ့သည်ဟု ဘုရားဖူးပြည်သူများက ပြောသည်။

ပြည်သူလူထုကြားမှာတော့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖူးမြော်နိုင်ရေးအတွက် ဝင်ကြေး ကောက်ခံမှု နှုန်းထားများသည် များပြားသည့်အတွက် ဝေဖန်ထောက်ပြမှုများ ရှိနေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အချို့နိုင်ငံများရှိ ဘုရားများ၌လည်း ဝင်ကြေးများပေးဆောင်၍ ဝင်ကြရခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သာမန်ပြည်သူများ ဖူးမြော်နိုင်သည့် သတ်မှတ်နှုန်းထားများကိုသာ သတ်မှတ်ပေး ထားခြင်းဖြစ်သည်”ဟု ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၉ ရက်နေ့တွင် ပြောသည်။

ယနေ့ (သြဂုတ် ၁၉ ရက်)တွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ၁ သိန်းကျော် လာရောက် ဖူးမြော်ကြကြောင်း၊ မာရဝိဇယ ဘုရားကြီး အခမဲ့ ဖူးမြော်ခွင့်ကို စက်တင်ဘာ ၃ ရက်နေ့အထိ နံနက် ၆ နာရီမှ ည ၈ နာရီထိ ဖွင့်လှစ် ပေးထားမည်ဖြစ်ကြောင်း နစက-က ထုတ်ပြန်ကြေညာခဲ့သည်။

အခမဲ့ ဖူးမြော်ခွင့် ကာလကုန်ဆုံးပါက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖူးမြော်ခွင့် ဝင်ကြေးအနေဖြင့် ကလေး- လူကြီး တစ်ဦးလျှင် ၁၀၀၀ ကျပ်၊ နိုင်ငံခြားသား တစ်ဦးလျှင် ၁၀ ဒေါ်လာ၊ အပျော်တမ်းကင်မရာ ၅၀၀၀ ကျပ်၊ ကားတစ်စီး ၂၀၀၀၀ ကျပ်၊ Video ကင်မရာ ၅၀၀၀၀ ကျပ် စသဖြင့် ကောက်ခံသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။