CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၈

ဗုဒ္ဓဘာသာ၊ သာသနာတော်နှင့် သံဃာတော်များအပေါ် အထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ထားသည်ဟု ဆိုကာ “ဘာမှမမျှော်လင့်ပါနဲ့ (Don’t expect anything)”အမည်ရှိ ဇာတ်လမ်းတို တစ်ခုကို ရိုက်ကူး သရုပ် ဆောင်ခဲ့သူ ၁၄ ဦးအား ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄ ရက်က Isi Dhamma Youtube Channel နှင့် TikTok တို့တွင် “ ဘာမှမမျှော်လင့်ပါနဲ့ (Don’t expect anything)” အမည်ရှိ ဇာတ်လမ်းတို တစ်ခုကို လွှင့်တင်လာခဲ့သည်။

 ဘာမှမမျှော်လင့်ပါနဲ့ ဇာတ်လမ်းတိုးထဲက ဇာတ်၀င်ခန်းတစ်ခုကိုတွေ့ရစဉ်

ထိုဇာတ်လမ်းတွင် အမျိုးသမီးငယ်တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို ထိခိုက် ညှိနွမ်းစေပြီး ရဟန်းသံဃာတော်များ၏ အကျင့်သီလအား ပုတ်ခတ်စော်ကားသော အပြောအဆိုနှင့် ရိုင်းပျသည့် စကားလုံး အသုံးအနှုန်းများ ထည့်သွင်း ပြောဆိုသွားခဲ့ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဇာတ်လမ်းတွင် ပါဝင်ခဲ့သူများဖြစ်သည့် ဇာတ်ညွန်း၊ ဒါရိုက်တာဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer နှင့် သရုပ်ဆောင်များဖြစ်သော ဆန်းဝင်း(ခ)ဦးဇာနိန္ဒ၊ ယွန်းအိခင်(ခ) ယွန်းယွန်း၊ ဇာနည်ဦး၊ ဝင်းမိုး၊ ကျော်သက်ထွေး(ခ)ဖိုးထူး၊ ရဲလင်းထွန်း(ခ)ကိုရဲ၊ ချမ်းချမ်းမေ(ခ) ခင်ရူပါရှင်းသန့်၊ ရွှေရည်ဝင်း(ခ)ကဲကဲ၊ ကောင်းစံထွန်း(ခ)ကြယ်စင်၊ မိုးပြည့်ပြည့်သူ(ခ)ဂျူးဂျူးစံ၊ ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင်(ခ)ဂျိုးဆက်သွင်၊ ဉာဏ်လင်းဖြိုး(ခ) ဘရိုင်ယန်တို့ ၁၄ ဦးကို သြဂုတ် ၈ ရက်နေ့၌ ဖမ်းဆီးခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများကို တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက-က သတင်းထုတ်ပြန်ထားသည်။