CNI International News

ဘဂ္ဂဒက်၊ စက်တင်ဘာ ၂၉

အီရတ်နိုင်ငံမြောက်ပိုင်း နင်နီဗီ (Nineveh) ပြည်နယ်တွင် မင်္ဂလာဧည့်ခံပွဲတစ်ခု၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ သဖြင့် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ထို့နောက် စက်တင်ဘာ ၂၈ ရက်နေ့တွင် သေဆုံးသူများအတွက် ဈာပနအခမ်းအနားများ ပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၂၆ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် သေဆုံးသွားခဲ့သူများအတွက် ဝတ်ပြု ဆုတောင်းရန် နင်နီဗီပြည်နယ်၏ အယ်လ် ဟမ်ဒါနီယာ (al-Hamdaniyah)ခရိုင်ရှိ Syriac Catholic Church of the Immaculate Conception ဘုရားကျောင်းတွင် စက်တင်ဘာ ၂၈ ရက်က ရာနှင့်ချီသည့်လူများ စုရုံးခဲ့ကြသည်။

အီရတ်မှာ မင်္ဂလာဆောင် မီးလောင်မှု ခန်းမကိုတွေ့ရစဉ်

မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည့် အီရတ်ဝန်ကြီးချုပ် မိုဟာမက် ရှီယာ အယ် ဆူဒါနီ (Mohammed Shia al-Sudani) သည် မီးလောင်ကျွမ်းခဲ့သောနေရာကို လေ့လာကြည့်ရှုရန်နှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့် တွေ့ဆုံရန် အယ်လ် ဟမ်ဒါနီယာခရိုင်သို့ စက်တင်ဘာ ၂၈ ရက်တွင် လာရောက် ခဲ့သည်။

မီးလောင်မှုဖြစ်ပွားပြီး ၂၄ နာရီ မပြည့်မီ အချိန်အတွင်းမှာပင် အယ်လ် ဟမ်ဒါနီယာ ခရိုင်တွင် သေဆုံးသူအချို့ကို စက်တင်ဘာ ၂၇ ရက်က မြှုပ်နှံသဂြိုဟ်ခဲ့သည်။

သေဆုံးသူများ၏ ဆွေမျိုးများနှင့် မိတ်ဆွေများသည် အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ခဲ့ပြီး အခေါင်းများကို သယ်ဆောင်ခဲ့ကြကာ အခြားမိသားစုဝင်များက ဝမ်းနည်းပူဆွေး၍ ငိုကြွေးခဲ့ကြသည်။ 

"တစ်မြို့လုံး ပူဆွေးသောက ရောက်ခဲ့ကြရပါတယ်။ မြို့လေးဟာ မင်္ဂလာကနေ အမင်္ဂလာအဖြစ် ပြောင်းလဲသွားခဲ့ ပါတယ်" ဟု ဈာပနအခမ်းအနားကို တက်ရောက်ခဲ့သည့် မီးလောင်မှုတွင် အသက်ရှင် ကျန်ရစ်သူ တစ်ဦးဖြစ်သည့် ဖာတန် ယူဆက် (Faten Youssef) က ပြောကြားခဲ့သည်။ 

အီရတ်မှာ မင်္ဂလာဆောင် မီးလောင် သေဆုံးသူများ အလောင်းကိုသယ်နေကြစဉ်

သူနှင့် သူ့မိသားစုသည် နောင်အခါတွင် မင်္ဂလာပွဲများကို မည်သည့်အခါမျှ တက်ရောက်တော့မည် မဟုတ်ကြောင်း လည်း ကတိပြုခဲ့ကြသည်ဟု ဆိုသည်။

"ကျမသားက ကျမကို ပြောတယ်။ သူမင်္ဂလာဆောင်ဖြစ်ရင် ဒီလို အခမ်းအနားမျိုးနဲ့ ကြီးကြီးကျယ်ကျယ် လုပ်မှာ မဟုတ်တဲ့ အကြောင်းနဲ့ ဘုရားကျောင်းမှာပဲ အကျဉ်းချုံး ပြုလုပ်သွားမယ်လို့ သူက ပြောပါတယ်" ဟု ယူဆက်က ပြောကြားခဲ့သည်။ 

နောက်ထပ် ဈာပန အခမ်းအနားများကို လာမည့် ရက်ပိုင်းများအတွင်း ဆက်လက် ပြုလုပ်မည်ဖြစ်ပြီး သေဆုံးသူ အချို့သည် မီးလောင်ကျွမ်းခံခဲ့ရသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရှိရန် ခက်ခဲသည်ဟု စုံစမ်းစစ်ဆေး သူများက ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား