- By CNI
- Category: Watch TV
- Hits: 696
- By CNI
- Category: စီးပွားရေး
- Hits: 1868
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉
မောင်တောနယ်စပ် ကုန်သွယ်ရေးသို့ သွားရာလမ်းကြောင်းကို ကန့်သတ် ပိတ်ပင်ထားသည့်အတွက် မောင်တော ကုန်သည်များသည် စစ်တွေနယ်စပ် ကုန်သွယ်ရေးမှတဆင့် တင်ပို့နေရခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်နေ သည်ဟု ကုန်သည်များထံမှ သိရသည်။
မောင်တောမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရာတွင် အချိန် ၁ နာရီခန့်သာ ကြာမြင့်သော်လည်း စစ်တွေမှ တဆင့် ဘင်္ဂလားဒေ့ရှ်သို့ သွားရာ၌ ၁၀ နာရီခန့် ကြာမြင့်သည့်အတွက် ရေထွက်ကုန်ပစ္စည်းများသည် ပျက်စီးမှု၊ အရည်အသွေး ကျဆင်းမှုများနှင့် ကြုံတွေ့နေရပြီး ဈေးကောင်းမရဘဲ ဖြစ်နေသည်ဟု မောင်တောကုန်သည် ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်တွေကနေသွားရင် ၁၀ နာရီလောက် ကြာတာပေါ့၊ စစ်တွေကနေ ဘင်္ဂလားကို။ မောင်တောနဲ့ကျတော့ ၁ နာရီ ပတ်ချာလည်ပေါ့။ အချိန်အများကြီး ပေးလိုက်ရတဲ့အတွက် ကြားထဲမှာ ရေခဲရိုက်ထားတဲ့ ငါးတွေ ဖြစ်တဲ့ အတွက် ရေခဲပျော်တာတို့၊ ငါးကွာလတီ ကျသွားတာပေါ့ အဓိကကလေ။ ကုန်တွေ ကွာလတီကျပြီးတော့ ဟိုဘက် မှာ ဈေးမရတာတို့ ဖြစ်တာပေါ့။ အဲဒါလေးတွေ ဖြစ်နေတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးတွင် ရေချိုငါး တစ်မျိုးဖြစ်သည့် ငါးမြစ်ချင်းသည် အဓိကကုန်စည် ဖြစ်ပြီး အများဆုံး တင်ပို့မှုရှိနေကြောင်း သိရသည်။
ပြီးခဲ့သည် ဇူလိုင်လတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးမှတဆင့် ငါးမြစ်ချင်း တန်ချိန် ၉၀၀ ကျော် တင်ပို့ ထားနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ရှိကုန်သည်များထံမှ သိရသည်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး စက်လှေများကိုတွေ့ရစဉ်
လက်ရှိတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ကုန်သွယ်၍ မရခြင်းကြောင့် စစ်တွေမှတဆင့် ငါးမြစ်ချင်းများ ကို တင်ပို့နေရပြီး အရည်အသွေး ကျဆင်းမှုနှင့် ကြုံတွေ့နေရကြောင်း၊ သို့သော်လည်း ကုန်သည်များသည် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သည်နှင့် စာချုပ်ချုပ်ဆိုထားပြီ ဖြစ်သည့်အတွက် မဖြစ်မနေ တင်ပို့နေရခြင်း ဖြစ်သည်ဟု ကုန်သည်ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သက်ရောက်မှုကတော့ အရှုံးပေါ်ကြတာပေါ့နော်။ မဖြစ်မနေနဲ့ ဟိုဘက်က ကုန်အမှာစာ ရောက်တာနဲ့ မပို့မဖြစ် ပို့နေရတာပေါ့။ ပို့နေရတော့ အကျိုးအမြတ် မရှိဘူးပေါ့။ ဒီလမှာ ကုန်သည်တစ်ယောက် တန်ချိန် ၅၀၀ စာချုပ် ချုပ်ထားတယ်။ ဟိုဘက်မှာ ၅၀၀ ပြည့်အောင်တော့ ပို့ပေးရတာပဲလေ။ မကိုက်ရင်လည်းပို့၊ ကိုက်ရင်လည်း ပို့။ ကွာလတီကျပြီး ဟိုဘက်ရောက်ရင် ဈေးနှိမ်တာတို့၊ အရင်တုန်းက ဘယ်ဈေးနဲ့ ပြောထားတယ်၊ ဒါပေမယ့် ဘယ်လောက်ကြာသွားလို့ ငါးနာသွားလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့ ဒီပုံစံတွေနဲ့ ဈေးချတာတို့ ကြုံရတာပေါ့” ဟု ပြောသည်။
မောင်တောကုန်သည်များ အနေဖြင့် စစ်တွေမှတဆင့် ကုန်သွယ်ရာတွင် အကျိုးအမြတ် နည်းပါးနေခြင်းကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းသို့ သွားရာလမ်းကြောင်းကို ယခုအတိုင်း ဆက်လက် ကန့်သတ်ထားမည် ဆိုပါက ကုန်သွယ်မှု ရပ်တန့်ထားရတော့မည်ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။
ထိုသို့ ကုန်သွယ်ရာတွင် မောင်တောကုန်သွယ်ရေး၌ စက်လှေငယ်များဖြင့် ကုန်သွယ်နေကြသော်လည်း စစ်တွေ နယ်စပ် ကုန်သွယ်ရေးမှာတော့ စက်လှေကြီးများနှင့် သင်္ဘောကြီးများကို အသုံးပြု၍ လုပ်ဆောင်နေခြင်းကြောင့် အဆိုပါ စက်လှေနှင့် သင်္ဘောအတွင်း ကုန်စည်မပြည့်မချင်း စောင့်ဆိုင်းနေရသည်။
ထို့အပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍လည်း ကုန်သွယ်နေရခြင်းကြောင့် ရာသီဥတု ဆိုးရွားသည့် ရက်များ တွင် ၁ ရက်၊ ၂ ရက်ခန့် စောင့်ဆိုင်းပြီးမှသာ ကုန်သွယ်ကြရသည်ဟု ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုအသင်း ချုပ် အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး စက်လှေများကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့ဘက်က အခက်အခဲကတော့ သင်္ဘောနဲ့ သွားရတယ်။ စက်လှေတွေနဲ့ သွားရတယ်ဆိုတော့ စက်လှေက သေးသေးနဲ့ မရဘူး။ အနည်းဆုံး တန် ၅၀၊ ၁၀၀။ စက်လှေအကြီးကြီးတွေ လိုတာပေါ့နော်။ စက်လှေ သေးတယ်ဆိုရင် ပင်လယ်ပြင်မှာ ဖြတ်လို့မရဘူးလေ။ မောင်တော နယ်စပ်ဘက်ကျတော့ စက်လှေအသေးနဲ့ တန် ၅၀ ပါပါ ဘယ်လောက်ပါပါ ပို့လိုက်လို့ ရတယ်လေ။ ကျနော်တို့ ဘက်ကျတော့ သင်္ဘော တန် ၁၀၀ လောက်မှ မပါ ဘူးဆိုရင် သွားလို့မရဘူး စက်လှေတွေကလေ။ ဆိုတော့ ကျနော်တို့ဘက်က အခက်အခဲက ဒီနေ့ဆိုရင် ရာသီဥတု က မကောင်းဘူး။ ရာသီဥတု မကောင်းတော့ ပင်လယ်ပြင်မှာ လှိုင်းတွေ၊ လေတွေ ကြီးတယ်။ လှိုင်းတွေကြီးတော့ ကျနော်တို့ဘက်က သွားလို့မရဘူး။ တစ်ရက်၊ နှစ်ရက်လောက် စောင့်ရဦးမယ်။ လှိုင်းလေတွေ ငြိမ်သက်တဲ့အခါမှ ဖြတ်ရမယ် ကျနော်တို့အနေနဲ့။ အဲလိုအခက်အခဲတွေတော့ ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေ ခြင်းကြောင့် မောင်တောနယ်စပ်သို့ ကုန်တင်ပို့ရာ လမ်းကြောင်းကို စက်တင်ဘာလ ပထမပတ်မှ စတင်ပြီး အကန့် အသတ်မရှိ ပိတ်ထားကြောင်း သိရသည်။
လက်ရှိတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးသို့ ကုန်စည်များ ဝင်ရောက်မှု ရပ်တန့်နေပြီး ရောက်နှင့်ပြီးသား ကုန်စည်များကိုသာ တင်ပို့နေရကြောင်း၊ စစ်တွေနယ်စပ် ကုန်သွယ်ရေးတွင် ငါးမြစ်ချင်း၊ ကွမ်းသီး၊ ငါးခြောက်၊ ဇီးယို စသည်တို့ကို တင်ပို့လျက်ရှိပြီး ငွေလွှဲရာတွင် အခက်အခဲရှိနေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်တင်သွင်းသည့်ကုန်သည် မရှိသလောက် ဖြစ်နေကြောင်း ကုန်သည်များက ပြောသည်။
- By CNI
- Category: Watch TV
- Hits: 735
- By CNI
- Category: စီးပွားရေး
- Hits: 1162
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈
ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ တရားမဝင် ရွှေတူးဖော်နေသူများကို တရားဥပဒေအရ ဖမ်းဆီးအရေးယူ သွားမည်ဟု ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ လုပ်ကွက်များကို တရားဝင် တူးဖော်ခွင့် မပေးထားကြောင်း၊ ၎င်းကိစ္စများကို အစိုးရမူဝါဒအတိုင်း သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက “ကျနော်တို့ဘက်ကတော့ မပေးပါဘူးဗျ၊ အစိုးရအနေနဲ့ကတော့ တရားဝင် လုပ်ကွက်ကလွဲရင် ကျနော်တို့မပေးဘူး။ အဲ့ကိစ္စတွေကလေ နိုင်ငံတော်ရဲ့မူဝါဒ အတိုင်းပဲ သွားပါတယ်။ ခိုးပြီး တူးနေတဲ့ ခိုးပြီးကျင်နေတဲ့ ကိစ္စတွေတော့ရှိတာပေါ့၊ အဲဒါမျိုးကြတော့ ဒီတရားဥပဒေအရ အရေးယူဖို့ ဖမ်းဖို့ လုပ်ပါတယ်” ဟုပြောသည်။
လက်ရှိ မြစ်ဆုံဒေသတွင် တနိုင်တပိုင်ဖြင့် ရွှေတူးဖော်နေခြင်းမျိုးမဟုတ်တော့ဘဲ စက်ယန္တရားများဖြင့် ရွှေတူးဖော် နေကြောင်း တန်ဖဲမြစ်ဆုံဒေသခံကန့်ကွက်သူများအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

မြစ်ဆုံဒေသက ရွှေတူးဖော်နေမှုကို မြင်တွေ့ရစဉ်
၎င်းက “အခုနောက်ပိုင်းကျတော့ သူတို့ အဲ့မှာ တစ်ခါတည်း လုံခြုံရေးတွေထားပြီးတော့ ခြံခတ်ထားတာပေါ့နော်၊ အကာအရံတွေ လုပ်ထားတယ်ဆိုတော့ အဲ့မှာဘယ်သူမှ မေးလို့လည်းမရဘူး၊ ဝင်လို့လည်း မရဘူးဆိုတော့ အဲ့ဒီ အထဲမှာက ဘယ်လောက် အခြေအနေ ဆိုးသွားပြီလဲ၊ ဘယ်လောက်ထိ ရောက်သွားပြီလဲ ဆိုတာကြတော့ ဘယ်သူ မှ မသိနိုင်ဘူး။ သူတို့က ဘတ်ဖိုးတွေ အများကြီးနဲ့ တူးနေတယ်ဆိုတာတော့ ဒါတော့ သေချာတယ်” ဟု ပြောသည်။
ယခင်က ရွှေတူးဖော်မှုကို ရှေးနည်းအတိုင်း လက်ဖြင့်သာ တပိုင်တနိုင် ရွှေကျင်ကြသော်လည်း ယခုနောက်ပိုင်း မှာတော့ လောပန်း (လုပ်ငန်းရှင်သူဌေး) အချို့သည် မြေနေရာများကို အခကြွေးငွေပေး ငှားရမ်းကာ စက်ယန္တရား များအသုံးပြု၍ စီးပွားဖြစ် ရွှေတူးဖော်နေကြောင်း သိရသည်။
ထို့ကြောင့် ကန့်ကွက်စာများ တင်သော်လည်း ထိရောက်မှု သိပ်မရှိကြောင်း၊ ရေရှည်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သလို စားဝတ်နေရေးအတွက်ပါ စိုးရိမ်စရာများ ဖြစ်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မချမ်းဘောမြို့နယ် ၊ဆွမ်ဘရာဘွမ်မြို့နယ်၊ ရှင်ဗွေယန်မြို့နယ်၊ မိုးမောက်မြို့ နယ်၊ ရွှေကူမြို့နယ် စသည့် မြို့နယ် ၆ ခုတွင်းမှာ ကုမ္ပဏီ ၁၈ ခုကို အသေးစားလုပ်ကွက် ၅၈ ကွက်နှင့် လက်လုပ် လက်စား လုပ်ကွက် ၂ ကွက်အား ရွှေတူးဖော်နိုင်ရေး ၂၀၁၉ ခုနစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကစပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့က တရားဝင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လုပ်ကွက် မည်မျှ ချပေးထားကြောင်းနှင့် မည်သည့် ကုမ္ပဏီများ လုပ်ကိုင်ခွင့် ရရှိနေသည်ကိုတော့ မသိရဘဲ ဖြစ်နေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1844
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈
မြန်မာ့သနပ်ခါး အများဆုံး စိုက်ပျိုးထွက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နယ်မြေ မတည်ငြိမ်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် သနပ်ခါးအတုံး ဈေးကွက်ပျက်နေကြောင်း မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း ရောင်းအားနှင့် ဝယ်အားများမှာ သိသိသာသာ ကျဆင်းနေကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် သနပ်ခါးအတုံးများအား ဈေးလျှော့ရောင်းသည်ကိုပင် ဝယ်ယူမှု နည်းပါးကြောင်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဗဟိုပြန်ကြားရေးမှူး ဦးမျိုးဝင်းသန့်က CNI သို့ ပြောသည်။
၎င်းက “စစ်ကိုင်းဘက်မှာလည်း ခက်ခက်ခဲခဲနဲ့ ဈေးကွက်ကို ရုန်းထွက်နေရတဲ့ အပိုင်းတွေ တွေ့ရတယ်။ မကွေး လည်း မအေးချမ်းဘူးပေါ့။ ၂ တိုင်းလုံးပဲ ပြောပါတော့။ ခေတ်ကောင်းစဉ်ကာလလိုတော့ မဟုတ်ဘူးပေါ့။ ခေတ် ကာလအရ ဈေးကွက်ကို အနှောင့်အယှက် ဖြစ်သွားတဲ့ဟာလေးတွေ အတားအဆီး ဖြစ်သွားတဲ့ဟာလေးတွေ ရှိတဲ့အတွက် ဈေးကွက်ပျောက်သွားတာမျိုးလည်း ဖြစ်နေတာပေါ့လေ။ သနပ်ခါးထမ်းပြီးတော့ သွားရောင်းချင်တဲ့ လူလည်း သိပ်မလုံခြုံတဲ့ အပိုင်းတွေရှိတယ်။ နောက်ခါကျ မသွားရဲ မလာရဲတာလေးတွေ ရှိတယ်။ ဈေးကွက် ချဲ့ထွင်ဖို့အတွက်ကို အနေအထားက တိုင်း ၂ တိုင်းလုံးမှာ နည်းနည်းလေး ဈေးကွက်ပျက်နေတဲ့ အနေအထားလေး တွေ တွေ့ရတယ်ပေါ့။ အရင်တုန်းကတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ဈေးကွက်တွေ တော်တော်ကောင်းခဲ့ တယ်။ တော်တော်ကောင်းခဲ့တယ်ဆိုတာက ၉၅၊ ၉၀ ရာခိုင်နှုန်းလောက်ကို ဈေးကွက်အနေအထား ခိုင်မာခဲ့တယ်။ နောက်တစ်ခုကကျ ပွဲတော်တွေလည်း အများကြီးရှိတယ်။ သနပ်ခါး ဈေးကွက်က စစ်ကိုင်းနဲ့မကွေးမှာ ထွက် မရောင်းဘဲနဲ့တောင်မှ ဝယ်လိုအားအရ အဓိက ရေစကြိုတို့၊ ပခုက္ကူတို့၊ မြိုင်တို့၊ အရာတော်တို့ အဲဒီလိုတွေ အထိကို နယ်ပွဲစားတွေကိုယ်တိုင် တက်ပြီးတော့ လာဝယ်ရတဲ့ အနေအထားတွေ ရှိတာပေါ့။ အခု အဲဒီလို ပွဲစားတွေ ကိုယ်တိုင်က လာဝယ်ဖို့ နေနေသာသာ လှမ်းမှာတာတောင်မှ ရာခိုင်နှုန်းတော်တော်ကျသွားတယ်”ဟု ၎င်းက ပြောသည်။
ပြည်တွင်းတွင် မြန်မာ့သနပ်ခါးအတုံးအစား သနပ်ခါးဖြင့်ပြုလုပ်ထားသည့် ပစ္စည်းများကိုသာ ဝယ်ယူ အသုံးပြု လာကြခြင်း၊ သနပ်ခါးတစ်တုံးလျှင် အချိန်ကာလအားဖြင့် ကြာမြင့်စွာ အသုံးခံခြင်းတို့ကြောင့် ဝယ်ယူသူ နည်းပါး လာခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့သနပ်ခါးအတုံးများသည် ဈေးတွင် ရောင်းချမှုမှာ နည်းပါးပြီး ပွဲတော်ရက်များနှင့် ခရီးသွားများကိုသာ အဓိက မှီခိုအားထားနေရသည့် လုပ်ငန်းတစ်ခုဖြစ်ကာ လက်ရှိတွင် ပွဲတော်များမှာလည်း မရှိသည့်အတွက်ကြောင့် မြန်မာ့သနပ်ခါးရောင်းချသူများမှာ ဈေးကွက်ပျောက်နေကြကြောင်း သိရသည်။
ရွှေဘိုတွင် သနပ်ခါးရောင်းချသူ မမိုး(အမည်လွှဲ)က “ဝယ်ရတာလည်း ခက်တယ်ရှင့်။ သနပ်ခါးက နယ်က အများဆုံးထွက်တာလေ။ အခု အဲဒီဘက်တွေက မအေးချမ်းဘူးဆိုတော့ ဝယ်ဖို့ဘာညာကြလည်း သွားလာရတာက အခြေအနေကြည့်ပြီးမှ သွားရတာ။ တစ်ခါတစ်လေဆိုရင် သွားပြီးမှ လမ်းအခြေအနေ မကောင်းလို့ ပြန်လာရ တဲ့ဟာတွေ အဲဒီလိုမျိုးလည်း ရှိတယ်။ညီမတို့ဆီကျတော့ ဈေးကွက်က အခုလောလောဆယ်တော့ လမ်းပန်း ဆက်သွယ်ရေးမကောင်းတာတွေကြောင့် တအားကြီး ထင်သလောက်တော့ မရောင်းရဘူးပေါ့။ အရင်တုန်းက ကျတော့ သူ့ဟာနဲ့သူ ရောင်းရတယ်။ အရောင်းအဝယ်ပါးတာ ကြာပြီ။ ခါတိုင်းဆို ဒီရက်တွေဆိုရင် ပွဲတော်တွေ လည်း ရှိတယ်လေ။ ပွဲတော်တွေရှိတဲ့အခါကျတော့ ဘုရားဖူးတွေဘာတွေက ဝင်ဝယ်ကြပေါ့ အဲဒီလို။ အခုကျ ဘုရားဖူးလည်းမလာဘူး။ ခရီးအသွားအလာနည်းတယ်ပေါ့။ အဲဒီတော့ အရောင်းအဝယ ပါးတယ်”ဟု သူက ပြောသည်။

မြန်မာ့သနပ်ခါးအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ်
စစ်ကိုင်းနှင့် မကွေးတို့မှ ထွက်ရှိသည့် မြန်မာ့သနပ်ခါးအတုံးများအား ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင် ပြည်နယ်တို့မှ အဓိကဝယ်ယူကာ ပြန်လည်ရောင်းချခြင်းဖြစ်ပြီး ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့က ဝယ်ယူမှု ပိုမိုများပြားကာ လက်ရှိမှာ အဆိုပါဒေသများမှ ဝယ်ယူမှုမှာ ယခင်ပုံမှန်ကာလများထက် ပိုမိုနည်းပါးသွားသည့် အတွက် ဈေးကွက်ပျက်နေခြင်းဖြစ်ကြောင်း ဗဟိုပြန်ကြားရေးမှူး ဦးမျိုးဝင်း သန့်က CNI သတင်းဌာနသို့ ပြောသည်။
“ရခိုင်မှာဆိုရင် အနည်းဆုံး ၄၀ ရာခိုင်နှုန်းလောက် ပြုတ်ကျသွားပြီ။ အရင်တုန်းက ရခိုင်မှာဆိုရင် ၁၀၀ ရောင်းရ တယ်ဆိုရင် အခု ၆၀ လောက်ပဲ ရောင်းရတော့တယ်။ ၆၀ ရာခိုင်နှုန်းလောက်ပဲ ရခိုင်မှာရှိတော့တဲ့ အနေအထား ဖြစ်သွားတယ်။
ဧရာဝတီလည်း မကွာဘူး။ အနေအထားကတော့ ၇၀ ရခိုင်နှုန်းလောက်ပဲရှိမယ်။ ရန်ကုန်တိုင်းဆို ၅၀ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ ဈေးကွက်အနေနဲ့က ဒီသနပ်ခါးအနေနဲ့ ခိုင်မာတဲ့ ဈေးကွက်တစ်ခုတော့ ရှိသင့်တာ ပေါ့။ ဒါပေမယ့် အခုအနေအထားက နည်းနည်းလေး ငွေသုံးနိုင်တဲ့အားက နည်းနည်းလေး နည်းနေကြတဲ့ အပိုင်း တွေလည်း ပါတာပေါ့။ အရင်တုန်းကရောင်းချသူအပိုင်းမှာ တော်တော်များများက အုန်းအုန်းကျွက်ကျွက်နဲ့ ဘုရား တန်ဆောင်း၊ ကျောင်းတန်ဆောင်း၊ ဈေးကြီး၊ ဈေးလေးကမကျန်၊ ပျံကျဈေးတွေပါအပါပေါ့။ အဲဒီလို အုန်းအုန်း ကျွက်ကျွက်နဲ့ပဲ အရောင်းအဝယ်တွေ ကောင်းခဲ့ကြတယ်။ အခုမှာကကျ ဘာတွေနည်းနည်းလေးရှိလဲဆိုတော့ အဲဒီလောက်ကြီး ရောင်းနိုင်တဲ့ အနေအထား မတွေ့ရဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ အဓိကက ဝယ်လိုမှုမရှိလို့ ပေါ့”ဟု ၎င်းကပြောသည်။
နယ်မြေအနေအထားအရ အေးချမ်းစပြုလာပါက မြန်မာ့သနပ်ခါးအတုံးဈေးကွက်သည် ပြန်လည် ဦးမော့လာ နိုင်ပြီး ဆက်လက်၍ နယ်မြေအနေအထား မအေးချမ်းပါက ပြန်လည်ဦးမော့ရန်မလွယ်ကူကြောင်း ရောင်းချသူ များက ပြောသည်။
လက်ရှိတွင် အရှည် ၆ လက်မ အကျယ် ၂ လက်မရှိသည့် သနပ်ခါးတစ်တုံးလျှင် ၂၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်ဈေး ပေါက်သော်လည်း သနပ်ခါးအတုံးအမျိုးအစားပေါ်မူတည်ကာ ဈေးနှုန်းကွာခြားချက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးတွင် သနပ်ခါးစိုက်ဧကမှာ သုံးသိန်းဝန်းကျင်ခန့်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း စိုက်ဧက အများအပြား ရှိကြောင်း သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1640
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၈
၂၀၂၂ -၂၀၂၃ ခုနှစ် ကြံခုတ်ရာသီအတွက် ကြံတန်ချိန် တစ်တန်လျှင် ငွေကျပ် ၉၀,၀၀၀(ကိုးသောင်း) အထိ သကြား စက်ရုံများက ဈေးပေး၍ ဝယ်ယူလာကြကြောင်း ကြံစိုက်တောင်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လက ကြံတစ်တန်လျှင် ၈၀၀၀၀(ရှစ်သောင်း)ကျပ်ဖြင့် ဝယ်ယူမည်ဟု သကြားစက်ရုံများမှ ထုတ်ပြန်ခဲ့သော်လည်း လက်ရှိ ပြည်တွင်းသကြားဈေးနှုန်း မြင့်တက်မှုနှင့် ကြံစိုက်တောင်သူများ ကြံစိုက်ပျိုးမှု တိုးမြင့်လာစေရန်အတွက် ကြံဈေးနှုန်းကို တိုးမြှင့်ဝယ်ယူခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ကြံစိုက် တောင်သူ ဦးမောင်ဆွေ က CNI သတင်းဌာနသို့ ပြောသည်။
ဦးမောင်ဆွေက “ကြံတစ်တန်ကို ၉၀၀၀၀(ကိုးသောင်း)။ ၁၀၀၀၀(တစ်သောင်း) ထပ်တက်တာပေါ့နော်။ လက်ရှိ သကြားဈေး အခြေအနေရယ်၊ သကြားဈေးရဲ့ ဈေးကွက် အနေအထားရယ်၊ လက်ရှိ ကြံထွက်နှုန်းရယ်၊ ကြံ တောင်သူတွေ ထပ်တိုးအောင်၊ ကြံတောင်သူလည်း ကိုက်အောင်လို့ ပေးနိုင်သလောက် ပေးတာပေါ့နော်။ တခြားစက်ရုံတွေကလည်း ပေးမှာလို့ ပြောတယ်။ တရားဝင်တော့ မကြေညာသေးဘူးပေါ့နော်” ဟု သူက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုင်းရယ်သကြားစက်ရုံနှင့် ငွေရည်ပုလဲသကြားစက်ရုံများက ကြံတစ်တန်လျှင် ကျပ် ၉၀,၀၀၀(ကိုးသောင်း) ဈေးနှုန်းဖြင့် ဝယ်ယူမည်ဟု အသိပေးလာသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ဂရိတ်ဝေါ - ဝေမာ သကြားစက်ရုံတွင် တရားဝင်ကြေညာလာခြင်းမရှိသေးကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ကြံစိုက်တောင်သူများအနေဖြင့် ကြံတစ်တန် ၈၀၀၀၀(ရှစ်သောင်း)ဈေးနှုန်း ဖြစ်သည့် အချိန်တွင် ဂရိတ်ဝေါ - ဝေမာ သကြားစက်ရုံဖြင့် စာချုပ်ချုပ်ဆိုထားပြီးဖြစ်သော်လည်း လက်ရှိ ကြံဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ကြံတစ်တန် ၉၀၀၀၀(ကိုးသောင်း) ရရှိရန်အတွက် တောင်းဆိုသွားမည်ဖြစ်သည်ဟု ကသာမြို့မှ ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။

လုပ်သားများမှ ကြံများကို သယ်ဆောင်လာစဉ်(ပုံ- Getty Images)
“ဝေမာနဲ့လည်း စာချုပ်ချုပ်ပြီးပြီ။ စာချုပ်က ၈၀၀၀၀(ရှစ်သောင်း) ဆိုတော့ တောင်သူတွေကလည်း တခြားစက်ရုံ က ၉၀၀၀၀(ကိုးသောင်း)ပေးတဲ့အတွက် ကျနော်တို့ ၉၀၀၀၀(ကိုးသောင်း) ပေးဖို့အတွက် တောင်းဆိုနေတယ် ပေးမယ်လို့တော့ ယုံကြည်တာပေါ့နော်။ ပေးလည်း ပေးမယ်လို့တော့ ကြားနေတာပေါ့နော်။ ဝေမာကတော့ နိုင်ငံခြားကုမ္ပဏီဖြစ်တဲ့အတွက် တရားဝင်တော့ အကြောင်းမပြန်သေးဘူးပေါ့နော်။ တရားဝင်တော့ မထုတ်ပြန် သေးဘူး။ တောင်သူကတော့ ၉၀၀၀၀(ကိုးသောင်း) ဖြစ်တဲ့အတွက် ၉၀၀၀၀(ကိုးသောင်း) ပြန်တောင်းဆိုမှာ ပေါ့နော်” ဟု CNI သို့ ပြောသည်။
ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ခုနှစ် ကြံရာသီတွင် ကြံတစ်တန်ကို ၆၅၀၀၀(ခြောက်သောင်းငါးထောင်)ကျပ်သာ ရရှိခဲ့သော် လည်း ယခုနှစ်တွင် သကြားဈေးနှုန်း မြင့်တက်နေခြင်းနှင့် သွင်းအားစုစရိတ် မြင့်တက်နေခြင်းကြောင့် ကြံဈေးနှုန်း သည်လည်း မြင့်တက်လာခြင်းဖြစ်သည်။
ထို့နောက် သကြားစက်ရုံများအနေဖြင့် ကြံစိုက်မျိုးမှု ပို၍တိုးပွားလာစေရန်အတွက် ကြံစိုက်တောင်သူများကို ကြိုတင်ငွေများ ထုတ်ပေးသည့်အစီအစဉ်များ လုပ်ဆောင်နေသည်ဟု ကြံစိုက်တောင်သူ ဦးမောင်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
“ကြိုထုတ်ပေးမယ် ကြိုထုတ်ဖို့ အစီအစဉ်ဆွဲနေကြတယ်။ ပေးဖို့ရှိတယ် ပိုက်ဆံ ၃ သိန်း၊ မြေဆီက တစ်သိန်းဖိုး ပေါ့။ တစ်ဧကရဲ့ ဈေးနှုန်းပေါ့။ ဝေမာလည်း ပေးမယ်ပြောတယ်။ အဲဒါမှလည်း ပိုစိုက်ကြမှာပေါ့” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမှာ ကြံကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် အများဆုံး စိုက်ပျိုးကြပြီး ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အနည်းငယ်စိုက်ပျိုးကာ တစ်နှစ်လျှင် ကြံတန်ချိန် ၅ သိန်း ဝန်းကျင် ထွက်ရှိလျက်ရှိကြောင်း၊ ယခုနှစ်တွင် ပြည်တွင်းသကြားလက်ကျန်နည်းပါးနေခြင်းနှင့် ပြည်ပနိုင်ငံမှ သကြားဝင်ရောက်မှုမရှိခြင်းကြောင့် ပြည်တွင်းသကြားဈေးနှုန်းသည် စံချိန်တင် မြင့်တက်လျက် ရှိသည်။
သကြား ၁ ပိဿာဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်တွင် ၁၀၀၀ ကျပ်ဝန်းကျင်သာ ဈေးနှုန်းရရှိခဲ့သော်လည်း လက်ရှိတွင် ၁ ပိဿာလျှင် ၂၂၀၀ ကျပ်ထိ ဈေးနှုန်းရရှိသည်။
- By CNI
- Category: Watch TV
- Hits: 689
- By CNI
- Category: စီးပွားရေး
- Hits: 1260
CNI International News
မဲလ်ဘုန်း၊ စက်တင်ဘာ ၇
အရှေ့တီမောနှင့် ဩစတြေးလျနိုင်ငံတို့အကြား ရေပိုင်နက်အတွင်း ကာလရှည်လျားစွာ နှောင့်နှေးနေခဲ့သည့် သဘာဝ ဓာတ်ငွေ့ စီမံကိန်းသို့ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်တို့ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာသဖြင့် အာရှ နိုင်ငံများ၏ အနာဂတ်အတွက် ယင်းစီမံကိန်းမှာ အရေးကြီးကြောင်း အရှေ့တီမောသမ္မတ ဂျိုစီရာမို့စ်ဟော်တာ (Jose Ramos-Horta) က စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။
အရှေ့တီမောသည် Greater Sunrise ဓာတ်ငွေ့စီမံကိန်း ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်စေရန် ဩစတြေးလျနှင့် ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေသည့် အခြေအနေကို ကျော်လွှားနိုင်ဖို့ အထက်ပါ ၄ နိုင်ငံတို့ကို အလားအလာရှိသော ရင်းနှီး မြှုပ်နှံသူများအဖြစ် ဂျိုစီရာမို့စ်က ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းကို ဦးဆောင်လုပ်ကိုင်သူဖြစ်သည့် Woodside Energy Group (WDS.AX) ၏ ရွေးချယ်မှုအရ ဩစတြေးလျ နိုင်ငံ၊ ဒါဝင်နယ်မြေအစား အရှေ့တီမောကို ဖြတ်သန်း၍ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် ကြိုးစားနေသည်။

Greater Sunrise ဓာတ်ငွေ့စီမံကိန်း အခြေပြမြေပုံ(GETTY IMAGES)
“ဒါကြောင့် အင်ဒိုနီးရှားဟာ Greater Sunrise စီမံကိန်းမှာ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူပါ။ ထို့နည်းတူစွာပဲ တောင်ကိုရီးယားဟာလည်း အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေထဲက တစ်ယောက်ဖြစ်ပါတယ်” ဟု ဂျိုစီရာမို့စ်က ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့တော်တွင် ကျင်းပသည့် အမျိုးသားစာနယ်ဇင်းကလပ် အခမ်းအနားမှာ မိန့်ခွန်းပြောစဉ် ထည့်သွင်းပြောကြားခဲ့သည်။
တစ်ဆက်တည်းမှာပင် ဂျပန်နှင့် တရုတ်တို့မှ ရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များလည်း စိတ်ဝင်စားလာနိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ထို့ပြင် အရှေ့တီမောသို့ ပိုက်လိုင်းသွယ်တန်းရေး ဩစတြေးလျကို ၎င်းက တိုက်တွန်းခဲ့ပြီး ၎င်း၏နိုင်ငံကို ဒူဘိုင်း (သို့မဟုတ်) စင်ကာပူအဖြစ် ပြောင်းလဲ အထောက်အကူပြုနိုင်ကြောင်း၊ တိုင်းပြည်ဝင်ငွေ ဒေါ်လာ ဘီလီယံ ၅၀ နှင့် ဖွံ့ဖြိုးရေး အကျိုးအ မြတ် ဒေါ်လာ ဘီလီယံ ၅၀ ရည်မှန်းထားကြောင်း ရှင်းပြခဲ့သည်။
“ကျနော်တို့မှာ ဒီလို အံ့အားသင့်စရာတွေ ပေါ်ပေါက်လာနိုင်အောင် လုပ်ပေးနိုင်တဲ့ အိမ်နီးချင်း ဩစတြေးလျ ရှိနေပါတယ်” ဟု ဂျိုစီရာမို့က မှတ်ချက်ချခဲ့သည်။
၎င်းသည် ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်ဘန်နိစ်နှင့် စက်တင်ဘာ ၈ ရက်တွင် တွေ့ဆုံဆွေးနွေးရန်လည်း စီစဉ်ထားသည်။
Greater Sunrise ဟူသော ဓာတ်ငွေ့သိုက်နှစ်ခုကို ၁၉၇၄ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ခန့်မှန်းခြေ ဓာတ်ငွေ့ ၅ ဒသမ ၁ ထရီလီယံ ကုဗပေနှင့် ရေနံစည်သန်းပေါင်း ၂၂၆ သန်း ထွက်ရှိနိုင်မည်ဟု တွက်ချက်ထားသည်။
ရေနံစိမ်းအနေဖြင့် ဓာတ်ငွေ့နှင့်အတူ တူးဖော်ရရှိမည့် အပေါ့စားရေနံစိမ်း အမျိုးအစားဖြစ်သည်။
Source: Reuters
- By CNI
- Category: စီးပွားရေး
- Hits: 1847
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇
မွန်ပြည်နယ်ရှိ ရော်ဘာခြံလုပ်ငန်းတွင် လက်ရှိ ရော်ဘာရာသီအစ၌ လုပ်သားရှားပါးမှုနှင့် ကြုံတွေ့နေရပြီး ခြံရှင် များအနေဖြင့် လုပ်သားငှားရမ်း ရရှိဖို့ရန် ခက်ခဲနေကြောင်း သိရသည်။
ရော်ဘာရာသီ အစတွင် ရော်ဘာလုပ်သား ရှားပါးမှုနှင့် ကြုံတွေ့နေရသော်လည်း ယခုနှစ်တွင် ပို၍ ကြုံတွေ့နေရ ကြောင်းနှင့် ယခုကာလတွင် ငှားရမ်းမရလျှင် တစ်ရာသီလုံး ရရှိထားသည့် လုပ်သားဦးရေဖြင့်သာ လုပ်ကိုင်ကြရ တော့မည် ဖြစ်သည်ဟု မွန်ပြည်နယ်ဘက်မှ ရော်ဘာခြံပိုင်ရှင်တစ်ဦးဖြစ်သူ မအိက CNI သတင်းဌာနသို့ ပြော သည်။
မအိက “မိသားစုဆိုတော့လည်း ရတယ် ရသလောက် ရတာပေါ့။ အကုန် အပြည့်အစုံတော့ မရသေးဘူးပေါ့။ ခါတိုင်း ၃ ယောက်နဲ့ သုံးလို့ရမယ့်နေရာက အခုဆိုရင် ၁ ယောက်ပဲ ရတာပေါ့။ ၂ ယောက်က မရဘူးပေါ့။ ၂ ယောက် လိုသေးတယ် ခေါ်နေတုန်း မရသေးတာပေါ့။ ဒီအနေအထားမှာ ဒီခြံမှာ မရသေးရင်တော့ တစ်နှစ်လုံး ဒီပုံစံအတိုင်းပဲ သွားမှာပေါ့။ ဒီအချိန်မှာပဲ လုပ်သားတွေက ခေါ်ထည့်ဖြစ်တာ။ အားလုံးက သူ့ခြံ သူ့နေရာနဲ့ပေါ့။ တကယ်လို့ ကြားထဲမှာ ရခဲ့သည့်တိုင်အောင်တောင်မှ ခြံရှင်နဲ့ လုပ်သား အဆင်မပြေလို့ ထွက်လာတာတို့၊ အဲလို မျိုးလေးတွေပေါ့။ နယ်မြေ အနေအထားကြောင့်တို့ လုပ်ရကိုင်ရတာ အဆင်မပြေလို့ နယ်ပြောင်းတာ၊ ခြံပြောင်း တာ အဲလိုမျိုးလေးတွေပဲ ရှိမယ်။ နောက်ထပ် လုပ်သားအသစ်တွေက မရှိတော့ဘူး။ အားလုံး သူ့ခြံနဲ့သူ သူ့နေရာ နဲ့သူ အံဝင်နေကြပြီပေါ့” ဟု ပြောသည်။

ခြစ်ပြီးသာ ရော်ဘာစီးများကို သန့်စင်နေစဉ်
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာခြံများသည် နှစ်စဉ် ဩဂုတ်လတွင် လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နေကြခြင်း ဖြစ်ပြီး တချို့သော ခြံငယ်များအနေဖြင့် လုပ်သားများကို ရာသီစမှသာ ငှားရမ်းရှာဖွေလေ့ရှိကြောင်း၊ ခြံကြီးများ အနေဖြင့် လုပ်သားများကို တစ်နှစ်ပတ်လုံး သင်တန်းပေးခြင်းများနှင့်အတူ ခေါ်ယူထားသည့်အတွက် လုပ်သား ရှားပါးမှုကို ရင်မဆိုင်ရကြောင်း သိရသည်။
ထို့နောက် လက်ရှိတွင် ရော်ဘာလုပ်သားများ၏ လုပ်အားခများသည် ကုန်ဈေးနှုန်း မြင့်တက်မှုနှင့်အတူ လိုက်ပါ မြင့်တက်လာသည်ဟု ရော်ဘာခြံလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးဘုန်းမြင့်က ပြောသည်။
ဦးဘုန်းမြင့်က “ကုန်ဈေးနှုန်းပေါ် အခြေခံတာပေါ့။ မနှစ်က တစ်ပင် ၁၀ ဆိုရင် ဒီနှစ်က တစ်ပင် ၁၄ ကျပ် ပေးနေ ရပြီလေ။ ကုန်ဈေးနှုန်းပေါ် အခြေခံပြီး သူတို့ကို တိုးပေးရတာပေါ့။ နေ့စား သမားတွေကိုလည်း အရင်တုန်းက ၅၀၀၀၊ ၆၀၀၀။ အခုဆို ၇၀၀၀၊ ၇၅၀၀ ဖြစ်နေပြီလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရော်ဘာခြံ လုပ်သားတစ်ဦးကိုတွေ့ရစဉ်
တချို့သော ဒေသများတွင် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် လုပ်သားရှားပါးမှုကို ပို၍ ကြုံတွေ့နေရပြီး ရော်ဘာလုပ်ငန်းကို အနည်းငယ်သာ လုပ်ကိုင်နိုင်ကြကြောင်း သိရသည်။
တစ်ဖက်တွင်လည်း ရော်ဘာခြံရှင်များသည် သွင်းအားစု ကုန်ပစ္စည်းများဖြစ်သည့် အက်စစ်နှင့် ဓာတ်မြေဩဇာ အပါအဝင် ရော်ဘာထုတ်လုပ်သည့် ကုန်စည်များ ဈေးနှုန်း ၂ ဆခန့် မြင့်တက်မှုနှင့် ရင်ဆိုင်နေရသည်။
ထို့နောက် ရော်ဘာခြံများတွင် ကျွမ်းကျင်လုပ်သား ရှားပါးနေကြောင်း၊ ယခင်ရှိပြီးသား ကျွမ်းကျင်လုပ်သားများ သည် မြန်မာနိုင်ငံအတွင်း ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်းနှင့် စားဝတ်နေရေး အခက်အခဲများကြောင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ထွက်ခွာနေကြသည်။
မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧက ၅ သိန်းကျော်ရှိပြီး နှစ်စဉ် ရော်ဘာတန်ချိန် ၁ သိန်းကျော် ထုတ်လုပ်လျှက် ရှိသည်။
- By CNI
- Category: Watch TV
- Hits: 771
- By CNI
- Category: စီးပွားရေး
- Hits: 1191
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆
မြန်မာနိုင်ငံတွင် ဒေါ်လာအပါအဝင် ငွေဈေးနှုန်း မတည်ငြိမ်မှုများကြောင့် Online shop လုပ်ငန်း လုပ်ကိုင်နေသူ များသည် လုပ်ငန်းလည်ပတ်ရန် အခက်အခဲ ဖြစ်လာနေကြောင်း Tik Tok Trends Online Shop Myanmar က ဝန်ထမ်းတစ်ဦးမှ CNI သတင်းဌာနသို့ ပြောသည်။
Tik Tok Trends Online Shop Myanmar သည် ကော်စမတ်တစ် ပစ္စည်းများကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများ ကနေ အဓိကတင်သွင်း၍ ရောင်းချနေသော Online shop လုပ်ငန်းဖြစ်သည်။
၎င်းက “စက်ပလိုင်ရာနဲ့မှာတဲ့ အခါမှာကြတော့ ဥပမာ သူတို့ငွေဈေးတွေကတော့ မငြိမ်ဘူးပေါ့နော်၊ ဒီနေ့ မှာလို့ရှိ ရင် တက်ရင် တက်ဈေး၊ ကျရင်ကျဈေးပေါ့နော် အဲ့ဒီအတိုင်း ဝယ်ရတယ်။ အရင်တုန်းကပေါ့နော်၊ ငွေဈေး အရမ်း တက်တဲ့ အချိန်တုန်းက ဒီနေ့ ပစ္စည်းဝယ်လိုက်ရင် မနက်ကျလို့ရှိရင် အဲ့ဒီပစ္စည်းဈေးအတိုင်း ပြန်မရဘူး၊ ဥပမာ ၅၀၀ နဲ့ ဝယ်လိုက်လို့ရှိရင် မနက်ဖြန်ကျရင် ၇၀၀ ၊၈၀၀ ဖြစ်သွားတာမျိုးပေါ့၊ ငွေဈေးက မတည်ငြိမ်ဘူး” ဟု ပြော သည်။
လက်ရှိတွင် ဒေါ်လာ(အမေရိကန်)ဈေးနှင့် ဘတ်(ထိုင်း)ဈေးများ မြင့်တက်လာမှုကြောင့် တချို့သော Online shop လုပ်ကိုင်သူများသည် လုပ်ငန်းရပ်ဆိုင်းလိုက်ရကြောင်း Online shop လုပ်ကိုင်နေသူများထံမှ သိရသည်။
ထို့နောက် မီးအချိန်မှန် မလာခြင်းကြောင့် အွန်လိုင်းကနေ Live လွှင့် ရောင်းချရခြင်းအပေါ် အတားအဆီးဖြစ် လာနေသလို မီးစက်နှိုး၍ ရောင်းချရခြင်းကလည်း လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် အဆင်မပြေ ဖြစ်နေ ကြောင်း သိရသည်။

အွန်လိုင်းရှော့ပင်း လုပ်ငန်းတစ်ခုကို တွေ့ရစဉ် (GETTY IMAGES)
လက်ရှိတွင် မြန်မာနိုင်ငံမှာ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၃၀၀၀ ကျပ်ကျော် ရှိနေပြီး ထိုင်း တစ်ဘတ် လျှင် မြန်မာငွေ ၁၀၀ ကျပ် ဈေးပေါက်နေသည်။
ငွေဈေး မတည်မငြိမ်မှုများသည် နိုင်ငံရေး မတည်ငြိမ်သည့် နိုင်ငံတိုင်းတွင် ဖြစ်ပွားလေ့ရှိကြောင်း အမည်မဖော်လို သူ စီးပွားရေးပညာရှင် တစ်ဦးက ပြောသည်။
၎င်းက “စီးပွားရေး ပေါ်လစီပိုင်းနဲ့ကတော့ ၂၅ ရာခိုင်နှုန်းလောက်ပေါ့၊ နောက်က အဲ့ဒီအပေါ်မှာ လိုက်ပြီး အကောင် အထည် ဖော်နိုင်ဖို့က ၂၅ ရာခိုင်နှုန်း လောက်ပဲရှိတယ်၊ ကျန်တာက နိုင်ငံရေးကို တည်ငြိမ်အောင် လုပ်ရမှာ အခုလို ဖြစ်နေပျက်နေတာတွေကို တည်ငြိမ်အောင် လုပ်နိုင်မလား ၊ စီးပွားရေး လုပ်ငန်းတွေ Business တွေ စိတ်အေး လက်အေးနဲ့ သူတို့ လည်ပတ်နိုင်မလား ၊ နောက် ဒီအလုပ်သမားတွေကရော သူတို့အဆင်ပြေပြေနဲ့ ဒီမှာဝင်ပြီး တော့ လုပ်နိုင်ပြီလား အဲဒီနိုင်ငံရေး အခြေအနေက ၅၀ ရာခိုင်နှုန်းလောက် ရှိတယ်”ဟု CNI သတင်းဌာနသို့ ပြော သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါးပိုများ စတင်ကူးစက်မှုများရှိလာပြီးနောက် အိမ်အပြင် မထွက်ရသော တားမြစ် ချက်များ ရှိလာသည့်အခါမှာတော့ အွန်လိုင်းကို အားကိုး၍ စီးပွားရေး လုပ်ငန်းများ ထူထောင်လာသူများ ပေါများ လာခဲ့သည်။
ထို့နောက် အွန်လိုင်းကနေ ဈေးရောင်း၊ ဈေးဝယ် လုပ်ငန်းများသည် ပိုမို တွင်ကျယ်လာခဲ့သည်။
- By CNI
- Category: စီးပွားရေး
- Hits: 1906
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆
နိုင်ငံခြားသုံးငွေဈေးနှုန်း မြင့်တက်မှုတို့ကြောင့် အေဂျင်စီများမှတဆင့် ထိုင်း၊ မလေးရှားနှင့် ဂျပန်တို့သို့ သွားရောက် လုပ်ကိုင်မည့် သူများအတွက် တစ်ဦးလျှင် စုစုပေါင်း ကုန်ကျမည့် ဝန်ဆောင်ခစရိတ်မှာ နှစ်ဆ မြင့်တက် သွားကြောင်း အလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားနှင့် ဂျပန်နိုင်ငံတို့သည် ဒေါ်လာဖြင့်သာ သွားရောက် ရသည့်အတွက် လက်ရှိတွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၃၅၅၀ ကျပ် ရှိနေခြင်းကြောင့် ကုန်ကျစရိတ် နှစ်ဆမြင့်တက်သွားခြင်း ဖြစ်သည်။
အလားတူ ထိုင်းသို့ သွားရောက်ရာတွင်လည်း ထိုင်းဘတ်ငွေဖြင့် သွားရခြင်းကြောင့် လက်ရှိ ထိုင်းဘတ်ငွေမှာ တစ်ဘတ်လျှင် မြန်မာငွေ ၁၀၀ ကျပ်ရှိနေခြင်းကြောင့် ကုန်ကျစရိတ် နှစ်ဆ မြင့်တက်လာခြင်း ဖြစ်သည်။
ပွင့်ဖူးအောင် အေဂျင်စီကုမ္ပဏီမှ မန်းနေဂျင်း ဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက “အရင်တုန်းကတော့ ဘတ် ၆၀ တန်းလောက်အနေနဲ့ အလုပ်လုပ်နေတာ။ အခု ဘတ် ၁၀၀ လောက်ဆိုတော့ မြင့်တက်တာပေါ့နော်။ ဘတ် ၆၀၀၀ အနေနဲ့ပဲ တွက်ကြည့်လိုက်လေ။ ဟိုဘက်ကို အစိုးရသတ်မှတ်ထားတဲ့ ဘတ် ၆၀၀၀ နဲ့ဆို ဟိုတုန်းက ၃၆၀၀၀၀ ပဲ ရှိတယ်။ အခုကတော့ ၆ သိန်း ရှိတာပေါ့။ ငွေဈေးက အကုန်တက်တာဖြစ်တဲ့ အတွက်ကြောင့် ထိုင်းရော၊ မလေး ရှားရော အကုန်တက်ရတာပေါ့။ ဒေါ်လာဈေးပေါ်မှာ မူတည်ပြီး အလုပ်လုပ် နေရတာဆိုတော့လေ အကုန်တက်ရ တာပေါ့။ ဘတ် ၆၀ ဆိုတာက အရင်တုန်းက အမြင့်ဆုံး ဈေးနှုန်းပေါ့။ အစ်မတို့ ပြန်အလုပ်လုပ်တဲ့ အချိန်မှာ ၆၀ က အမြင့်ဆုံးဈေးနှုန်းနဲ့ လုပ်ရတာ။ ကိုဗစ် မတိုင်ခင်တုန်းကဆို ၅၀ ပေါ့။ အခု အမြင့်ဆုံး ဈေးနှုန်းကနေ ခုန်ပြီး တက် သွားလိုက်တာ သူတို့ငွေ ၁၀၀ ကို ကိုယ့်ဗမာငွေ ၁၀၀၀၀ ဖြစ်သွားတဲ့ အခါကျတော့ အဲဒီမှာတင်ကို တော်တော် တက်သွားပြီလေ။ ငွေဈေးနှုန်းက။ အဲဒီငွေဈေးပေါ်မှာ မူတည်ပြီးတော့ အလုပ်လုပ်နေတဲ့ အခါကျတော့ နှစ်ဘက် စလုံးက အဆင်မပြေဘူး ဖြစ်တာပေါ့နော်။ လုပ်သားအတွက်ကလည်း မပြေဘူး။ အစ်မတို့ ဒီအေဂျင်စီတွေ အတွက်ကလည်း အဆင်မပြေဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပသို့ ထွက်ခွာကြမည့် မြန်မာများကို လေဆိပ်မှာတွေ့ရစဉ် (GETTY IMAGES)
လက်ရှိတွင် မလေးရှားသို့ အလုပ်သမား စေလွှတ်ရာတွင် တစ်ဦး၏ ပျမ်းမျှကုန်ကျမည့် ဝန်ဆောင်ခစရိတ်မှာ ၃၂ သိန်းဖြစ်ပြီး ဂျပန်သို့ စေလွှတ်ရာတွင် သိန်း ၈၀ ခန့် ရှိကြောင်း သိရသည်။
ထို့နောက် မလေးရှားနှင့် ဂျပန်သို့ အလုပ်သမားများအား လေကြောင်းလိုင်းဖြင့် စေလွှတ်ရသည့်အတွက် လက်မှတ် ရောင်းချသည့် ကောင်တာများတွင် ဒေါ်လာ (သို့မဟုတ်) အပြင်ပေါက်ဈေးရှိ ဒေါ်လာနှင့်ညီမျှသော မြန်မာငွေကျပ် အား ပေးဆောင်ကာ ဝယ်ယူရခြင်း ဖြစ်သည်။
လက်ရှိတွင် နိုင်ငံခြားငွေများအား အပြင်တွင် လိုသလောက် ဝယ်ယူ၍ မရသကဲ့သို့ ရောင်းချမှုများမှာလည်း မရှိသလောက် နည်းသဖြင့် ဝယ်ယူရသည့်အခါ အခက်အခဲရှိနေကြောင်း၊ လေယာဉ်လက်မှတ် ဝယ်ယူသော အခါတွင် ဒေါ်လာနှင့် ဝယ်ယူရသော်လည်း ပြင်ပတွင် ဒေါ်လာဝယ်ယူရ ခက်ခဲနေခြင်းကြောင့် အပြင်ပေါက် ဈေးအတိုင်း မြန်မာငွေပေးရသည့်အတွက် နစ်နာကြောင်း သိရသည်။
Naytic Asia အေဂျင်စီမှ ဒါရိုက်တာ ကိုနေဦးကိုက “အဓိကက နိုင်ငံခြားငွေမြင့်တာ ကိစ္စမရှိဘူး။ အပြင်ဈေးနဲ့ အစိုးရသတ်မှတ်တဲ့ဈေး ကွာနေတာက ပြဿနာ။ အဲဒါကြီးက ဖြစ်နေသရွေ့တော့ ကျနော်တို့ လေယာဉ်လက်မှတ် ဝယ်ရတာတို့၊ ငွေသွင်းရတာတို့က ပြဿနာက ဖြစ်နေဦးမှာ။ အခုက အပြင်ဈေးနဲ့ အတွင်းဈေးနဲ့ တူတယ်ဆိုလို့ရှိ ရင် ၃၀၀၀ ဖြစ်တယ်၊ အစိုးရကလည်း ၃၀၀၀ ဆိုရင် အဲဒါပြဿနာမရှိဘူး။ အခုက အပြင်ပေါက်ဈေးနဲ့ အတွင်းဈေး နဲ့ တအားကွာနေလို့ ပြဿနာဖြစ်နေတာ။ သူတို့က ရောင်းမှမရောင်းတာကို၊ ဝယ်လို့မရဘူး။ ၃၀၀၀ ကျော် ၄၀၀၀ ဝန်းကျင် ဝယ်တာတောင် ရှားတယ်။ သူတို့ဘာသာ အချင်းချင်းလောက်ပဲဖြစ်တယ်။ ဝယ်ရတာ ခက်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်က ထိုင်းသို့ အလုပ်သွားလုပ်မည့် မြန်မာများကိုတွေ့ရစဉ် (Information Sheet)
လက်ရှိတွင် မလေးရှားနိုင်ငံဘက်မှ အလုပ်ခေါ်စာအသစ်များ မကျသေးခြင်းနှင့် ဂျပန်နိုင်ငံသို့ သွားရောက် လုပ် ကိုင်မည်ဆိုပါက လုပ်သားခေါ်ယူမှု နည်းပါးခြင်း အပြင် ဘာသာစကား တတ်မြောက်မှုနှင့် အချိန်အားဖြင့် ကြာမြင့် မှုတို့ကြောင့် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာကြောင်း သိရသည်။
ပွင့်ဖူးအောင် အေဂျင်စီကုမ္ပဏီမှ မန်းနေဂျင်း ဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက “များများစားစား သွားလို့ရတဲ့ ထိုင်းနိုင်ငံကို ပြုံပြီးတော့ သွားနေကြတာပေါ့။ လုပ်သားခေါ်တယ်ဆိုရင် အနည်းဆုံးက ၅ ယောက်က အနည်းဆုံး ဖြစ်ရမှာကို။ ၁ ယောက်တောင် ခေါ်လို့မရဘူးလေ။ ၅ ယောက်ကနေ စပြီး ခေါ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီကနေ ရာချီပြီးခေါ်နေကြတာပဲ ထိုင်းကတော့။ နောက်ပြီး ကိုယ့်မြန်မာပြည်ရဲ့ အနေအထားအရ ဆိုရင်လည်း ထိုင်းကိုပဲ သွားကြတာများတယ် ဆိုတာက ပညာအရည်အချင်း သတ်မှတ်ချက်လည်း မလိုဘူး။ အလုပ်လုပ်နိုင်ရင် ပြီးရောပေါ့။ နောက် ရေမြေချင်း ကလည်း ဆက်စပ်နေတဲ့ အခါကျတော့ မြန်မာနိုင်ငံရဲ့ သဘာဝနဲ့ ထိုင်းသဘာဝ နဲ့က အတူတူပဲ။ ထိုင်းကိုသွားတဲ့ လူကတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့။ သွားတာ လာတာ လွယ်တာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ကုန်ကျစရိတ်များ နှစ်ဆ မြင့်တက်သော်လည်း ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ချင်သည့် အလုပ်သမားမှာ များပြားနေကြောင်းလည်း အေဂျင်စီများထံက သိရသည်။
ထို့အပြင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး နိုင်ငံခြားငွေ မြင့်တက်မှုကြောင့် ပြည်ပကို သွားရောက် အလုပ် လုပ်ကိုင်သည့် အခါတွင် ကုန်ကျစရိတ် နှစ်ဆခန့် ကုန်ကျသော်လည်း ပြည်ပသို့ ရောက်ရှိပြီး အလုပ်လုပ်ကိုင် ချိန်တွင် ရရှိသည့်လစာအား မြန်မာငွေနှင့် တွက်ပါက ယခင်ထက် များပြားကြောင်း သိရသည်။
Page 24 of 47
