- By CNI
- Category: စီးပွားရေး
- Hits: 669
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၁
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် Thein Than Yadanar Co.,Ltd မှ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား စားဆီ ၁ ပိဿာ ၃၇၀၀ ကျပ်ဖြင့် ဗိုလ်ဂုံးဈေးအနီးမှာ ရောင်းချပေးကြောင်း မြန်မာနိုင်ငံဆီကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည်။
စားဆီရောင်းချပေးနေစဉ် (MEODA)
လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေး ကျဆင်းမှုနှင့်အတူ ကုန်ဈေးနှုန်းများ ကြီးမြင့်လာနေခြင်းကြောင့် ပြည်သူလူထုမှာ စားဝတ်၊ နေရေး အခက်အခဲများဖြင့် ရင်ဆိုင်နေကြရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 710
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၁
ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိနေခြင်းနှင့် ကုန်စည်စီးဆင်းမှု နည်းပါးခြင်းကြောင့် ကုန်သွယ်မှု ကျဆင်းနေသည်ဟု နယ်စပ်ကုန်သည်များထံမှ သိရသည်။
လက်ရှိတွင် ရာသီဥတု အခြေအနေ ကောင်းမွန်မှု မရှိခြင်း၊ ကုန်သွယ်ရေးစရိတ် မြင့်တက်ခြင်းတို့ကြောင့် စစ်တွေနယ်စပ် ကုန်သွယ်ရေး ရပ်နားထားသည်မှာ တစ်ပတ်နီးပါး ရှိပြီဟု ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးအောင်အောင်က “မိုးတွင်းမှာ ကျနော်တို့ စစ်တွေဘက်မှာ ရာသီဥတု ကြမ်းရင်လည်း သွားလို့မရဘူး။ ကျနော်တို့ ရပ်ထား ရတာ တစ်ပတ်လောက် ရှိပြီ။ စစ်တွေမှာလည်း ဟိုဘက်ကို ပို့လို့မရဘူး။ တစ်ပတ်လောက်တော့ မရှိသေးပါဘူး။ ၅ ရက် လောက်တော့ ပြောလို့ရပါတယ်။ ရာသီဥတု မကောင်းဘူးဆိုတာက ပင်လယ်ပြင်မှာ ရာသီဥတုက ကြမ်းနေရင် ကျနော်တို့ လှေတွေက ထွက်လို့မရဘူးလေ။ ကုန်သွယ်လို့ မရတဲ့အခါကျတော့ မောင်တောဘက်ကိုသွား။ မောင်တော ဘက်သွားပြန် တော့ မောင်တောဘက်မှာ လမ်းခရီးတွေက မကောင်း၊ စရိတ်စကတွေက ပို။ မကိုက်ကြတဲ့ အခါကျတော့ အဲလိုလေးတွေ ရှိတာပေါ့ဗျာ”ဟု ပြောသည်။
မောင်တော နယ်စပ်ကုန်သွယ်ရေးမှ တဆင့် ဇွန်လတွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၂ သန်း အထိ ကုန်သွယ်နိုင်ခဲ့ကြောင်း၊ ဇူလိုင်လမှာတော့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅၂ သန်းဖိုးသာ ကုန်သွယ်နိုင်ခဲ့ကြောင်း မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။
ရခိုင်နယ်စပ်ကုန်သွယ်ရေး တစ်ခုကိုတွေ့ရစဉ်
ယခု ဩဂုတ်လပိုင်းတွင် လမ်းပိုင်းအခြေအနေ ဆိုးရွားနေခြင်းနှင့် ကုန်စည်ဝင်ရောက်လာမှု နည်းပါးနေခြင်းကြောင့် ကုန်သွယ်မှု ထပ်မံ ကျဆင်းနိုင်သည်ဟု မောင်တောနယ်စပ် ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်စံသိန်းက ပြောသည်။
ဦးအောင်စံသိန်းက “မိုးတွင်းကာလဆိုတော့ တော်တော်လေး ကျတော့ကျတယ်။ မိုးတွင်းကာလဆိုတော့ လမ်းက မကောင်း တာ တစ်ကြောင်းရယ်၊ ကုန်စည်ကလည်း စီးဆင်းမှု နည်းတယ်လေ။ မိုးတွင်းကာလ ဖြစ်လို့လေ ကုန်တွေ သိပ်မလာဘူး။ ဒီလမှာလည်း ဒီထက်တောင် ကျနိုင်တယ်လို့ ကျသွားမယ်လို့ ကျနော်ကတော့ အဲလိုပဲ တွက်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေ နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းတို့မှတဆင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရေချိုငါးမြစ်ချင်း တင်ပို့နိုင်သည့် ပမာဏပေါ် မူတည်၍ ကုန်သွယ်မှု အတက်အကျကို တွက်ချက်ရခြင်း ဖြစ်သည်။
လက်ရှိ ကာလသည် ရေချိုငါးမြစ်ချင်းများ ပေါများစွာ ထွက်ရှိသည့် ရာသီမဟုတ်ကြောင်း သိရသည်။
ထို့ကြောင့် ပွင့်လင်းရာသီနှင့် ရေချို ငါးမြစ်ချင်း ပေါများစွာ ရရှိသည့် အချိန်မှသာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် မြင့်တက် လာမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရှိ ကုန်သည်များက ပြောသည်။
- By CNI
- Category: Watch TV
- Hits: 460
- By CNI
- Category: စီးပွားရေး
- Hits: 819
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၀
စပါးအထွက်နှုန်းတိုးရန်အတွက် ကြိုးစားရမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည့်အတွက် စပါးအထွက်နှုန်း တိုးစေလိုပါက ယခုလ(ဩဂုတ်အတွင်း) ဓာတ်မြေဩဇာ ထောက်ပံ့ပေးရန် လိုအပ်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
စပါးစိုက်ပျိုး ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး တောင်သူများကို မြေဩဇာ၊ ပိုးသတ်ဈေးနှင့် စိုက်ပျိုးရေများကို ရရှိအောင် မဖြစ် မနေ ဆောင်ရွက်ပေးမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၈ ရက်နေ့က ပြောသည်။
ထိုသို့ ထောက်ပံ့ပေးမည်ဆိုပါက ဩဂုတ်လအတွင်း ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ဩဂုတ်လ ကျော်လွန်သွားမည် ဆိုပါက စပါးများ ထွက်ရှိလာပြီဖြစ်သည့်အထွက် အချိန်မမှီနိုင်တော့ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသိန်းအောင်က “သူတို့က တကယ်လုပ်ရင်တော့ သူတို့ ယန္တရား ရှိတဲ့အတွက် သက်ဆိုင်ရာ တိုင်းဝန်ကြီးချုပ်တွေကို ဒီစီမံ ကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်ခိုင်းမယ်။ တိုင်းကနေပြီးတော့ ခရိုင်၊ ခရိုင်ကနေ မြို့နယ်၊ မြို့နယ်ကနေ ပြီးတော့ ကျေးရွာ အုပ်ချုပ်ရေးတွေအလိုက် အဲဒါတွေကို အားခြင်း လုပ်ပေးမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ သူတို့မှာ ယန္တရား ရှိတာ ပဲလေ။ လည်ပတ်နေတာပဲ ရနိုင်ပါတယ်။ သို့သော် ဘာဖြစ်လဲဆိုတော့ အခု ဩဂုတ် ၁ လ အတောတွင်းမှာ လုပ်ပေးနိုင်ရင် တော့ ထိုက်သင့်တဲ့ အတိုင်းအတာတစ်ခု မှီနိုင်ပါသေးတယ်။ ဩဂုတ်လ ကျော်သွားလို့ စက်တင်ဘာလဆိုရင် စပါးတွေလည်း ထွက်ပြီဖြစ်တဲ့အတွက် အဲဒီလလောက်ဆိုရင်တော့ မမှီနိုင်တော့ဘူးလို့။ နွေစပါးတော့ မှီမှာပေါ့” ဟု ပြောသည်။
နစက အစည်းအဝေး
ယခုနှစ်တွင် တောင်သူများသည် စပါးစိုက်ပျိုးရာတွင် စက်သုံးဆီ၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ စသည့် သွင်းအားစုစရိတ်များ ဈေးနှုန်း ကြီးမြင့်နေခြင်းကြောင့် ဓာတ်မြေဩဇာများကို လျှော့ချ အသုံးပြုခဲ့ကြကြောင်း၊ ထိုသို့ ဓာတ်မြေဩဇာ လျှော့ချ အသုံး ပြုခဲ့ခြင်းကြောင့် စပါးအထွက်နှုန်း လျော့ကျမည်ဖြစ်ကြောင်း တောင်သူများက ပြောသည်။
ထို့ကြောင့် စပါးအထွက်နှုန်း တိုးစေရန် ဩဂုတ်လအတွင်း ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးမည်ဆိုလျှင့် ရနိုင်ကြောင်း၊ သို့သော် ထောက်ပံ့မှုကို အောက်ခြေ လယ်သမားများအထိ ရရှိမှုမရှိပါက စပါးအထွက်နှုန်း တိုးမည် မဟုတ်ကြောင်း ဦးသိန်းအောင်က ပြောသည်။
၎င်းက “တောင်သူတွေဘက်ကတော့ မျိုးကောင်းမျိုးသန့် ထိုက်သင့်သလောက် ရနိုင်အောင်လို့ မျိုးကောင်းမျိုးသန့် စိုက်တဲ့သူ တွေလည်း ရှိတယ်။ သို့သော်လည်းပဲ မိုးစပါး အတွက်ကတော့ စိုက်ပြီးကြပြီပေါ့။ သို့သော် နောက်ဆုံး တစ်ရစ်အနေနဲ့ စိုက်ထားတဲ့ စပါးတွေ အထွက်ကောင်းဖို့အတွက် လုံလောက်တဲ့ မြေဩဇာ အာဟာရ ကျွေးနိုင်အောင်လို့ နောက်ကနေ ပံ့ပိုး ပေးမယ် ဆိုရင်တော့ ထွက်နိုင်ပါတယ်လို့။ သို့သော် ဉုံဖွနဲ့တော့ ရတာ မဟုတ်ဘူးလို့။ တကယ်ကို အစာထောက်ပံ့နိုင်မှ ရမယ် လို့။ အဲဒီလို လုပ်ပေးနိုင်ရင်တော့ ရပါတယ်။ အဲဒီဥစ္စာက အပေါ်က စီမံကိန်း ရှိသော်လည်းပဲ အောက်မှာ ရောက်မလာနိုင်ရင် လည်း ဘယ်တိုးနိုင်မလဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဓာတ်မြေဩဇာ လုံလောက်စွာ သုံးစွဲနိုင်မှု မရှိဘဲ လျှော့ချ သုံးစွဲခဲ့ရခြင်းကြောင့် ယခုနှစ်တွင် မိုးစပါးထွက်ရှိမှုနှုန်း ၁၀ ရာခိုင်နှုန်း အထိ လျော့ကျမည်ဟု တောင်သူလယ်သမားများက ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်တွင် စပါးများကို စိုက်ပျိုးသော်လည်း ပျိုးကျဲပြီးနောက် မိုးရွာသွန်းမှုမရှိဘဲ မိုးခေါင်မှုနှင့် ကြုံတွေ့ရ ခြင်းကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဓိကမှာ ဓာတ်မြေဩဇာများ လိုအပ်နေကြောင်း သိရသည်။
တောင်သူများ စပါးစိုက်ပျိုးနေစဉ်
ထို့ကြောင့် တောင်သူများကို အစိုးရမှ လိုအပ်သည့် အထောက်အပံ့များအား ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အတိုင်းအတာ တစ်ခုထိ အကျိုးရှိနိုင်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။
ဦးကျော်ဇံက “အခု ကျနော်တို့ ဘက်မှာလည်း အစိုးရ အထောက်အပံ့နဲ့ မဟုတ်ဘဲနဲ့ ကိုယ်ထူကိုယ်ထလေး ကျနော်တို့ ပြန်ပြီး တော့ အဖက်ဆယ် နေတာလေး ရှိတယ်။ တချို့ကျတော့ လက်လွှတ်လိုက်ကြပြီဆိုတဲ့ အနေအထားတောင် ရောက်နေကြပြီ ပေါ့နော်။ တချို့ကျတော့ မျှော်လင့်ချက် တပိုင်းတစနဲ့ပေါ့ ပြန်ပြီးတော့ တချို့ဒေသတွေမှာတော့ မိုးက ပြန်ပြီးတော့ ရွာလာတဲ့ အနေအထားမှာ ရှိတယ်။ ရှိတော့ ပြန်ပြီးတော့ လုပ်နေကြတဲ့ အနေအထားတော့ တွေ့ရတယ်ပေါ့နော်။ ဒီအချိန်မှာ အစိုးရက လိုအပ်တဲ့ အထောက်အပံ့တွေကို ပေးနိုင်မယ်ဆိုရင်တော့ ရာနှုန်းပြည့် မဟုတ်ရင်တောင်မှ အတိုင်းအတာ တစ်ခုထိတော့ အကျိုး ရှိနိုင်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် မိုးခေါင်မှုကြောင့် စိုက်ပျိုးထားသည့် စပါးများ ပျက်စီးခဲ့ရခြင်းကြောင့် ပြန်လည်စိုက်ပျိုးရန် မတတ်နိုင် သည့် တောင်သူများလည်း ရှိကြောင်း၊ တချို့သော တောင်သူများသည် လယ်မြေများကို စွန့်ခွာ၍ ပြည်ပသို့ သွားရောက် အလုပ်လုပ် ကိုင်သူများလည်း ရှိကြောင်း သိရသည်။
ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်တို့တွင် လယ်ယာမြေများကို ပို၍ စွန့်ခွာလာကြသည်ဟု ရခိုင်တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 1722
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၀
မလေးရှားနိုင်ငံသည် နိုင်ငံပေါင်းစုံမှ အထောက်အထားမဲ့ အလုပ်သမားများကို ဖမ်းဆီးခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံသား သီးသန့် ပြန်လွှတ်ပေးရန်မှာ မဖြစ်နိုင်ကြောင်း အလုပ်သမားအရေးလည်း လုပ်ဆောင်သည့် ကွာလာလမ်ပူရှိ မြန်မာလူမှု ကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက CNI သတင်းဌာနသို့ ပြောသည်။
ဥက္ကဋ္ဌ ဦးစန်းဝင်းက “ဒီမြန်မာတစ်ဂရုထဲကို သွားတောင်းဆိုလို့ မရဘူး။ ဘာလို့လဲဆိုတော့ တခြားနိုင်ငံသားတွေလည်း ပါနေ တယ်။ အခုက မြန်မာသက်သက်ကိုချည်းပဲ ရွေးဖမ်းတာ မဟုတ်ဘူး။ တခြားနိုင်ငံသားတွေလည်း ဖမ်းထားတယ်။ အဲဒီ ဖမ်း ထားတဲ့ အတွက်ကြောင့် တောင်းဆိုရင်တော့ အားလုံးအတွက်မှ အဆင်ပြေနိုင်မယ်လို့ ထင်တယ်။ လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုမယ် ဆိုရင်တော့ တခြားနိုင်ငံသားတွေ အတွက်ရော တောင်းဆိုပေးမှ ကောင်းမယ်။ ကိုယ့်နိုင်ငံ တစ်ခုတည်း ဆိုရင် တော့ သူတို့က ဘယ်လိုနည်းနဲ့မဆို ဖြစ်ကောင်းလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အများနဲ့ဆိုတော့ သိပ်ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ သူတို့ကတော့ ဖမ်းရင်တော့ အားလုံးညီတူညီမျှ ဖမ်းပစ်တာ။ ဥပဒေအရ အဲဒီလိုဟာမျိုး သတ်မှတ် ထား တော့”ဟု ပြောသည်။
NUG ခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေစဉ်
မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့များအား နေရပ်ပြန်ခွင့်၊ နေထိုင်ခွင့်နှင့် အလုပ်ပါမစ် လုပ်ခွင့်တို့အား ၂ နှစ်ကျော် ခွင့်ပြု ပေးထားသည်ကို ဇွန်လတွင် အားလုံး ပိတ်လိုက်သည်။
ထို့နောက် ဇွန်လကုန်မှ စတင်ကာ နေ့စဉ်နှင့်အမျှ ဖမ်းဆီးနေခြင်းဖြစ်ပြီး အခုမှ ဖမ်းဆီးနေခြင်း မဟုတ်ကြောင်း၊ သို့သော် ဩဂုတ် ၉ ရက်နေ့က အထောက်အထားမဲ့ အလုပ်သမားများအား လိုက်လံဖမ်းဆီးသည့် ဗွီဒီယိုဖိုင်သည် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် လူပြောများခဲ့သည်။
မလေးရှားနိုင်ငံတွင် သြဂုတ် ၉ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအရေးနှင့် စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ နိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာလူမှုကူညီရေးအသင်း မလေးရှားမှ ဥက္ကဋ္ဌ ဦးစန်းဝင်းက“ဒီမလေးရှား အစိုးရအပေါ်ပဲ မူတည်တာပေါ့လေ။ မလေးရှား အစိုးရက ခွင့်ပြုရင်တော့ ပြစ်ဒဏ် လျှော့ပေါ့တာတို့၊ ဘာတို့ ဖြစ်လာနိုင်တယ်ပေါ့။ တကယ်လို့ အကြောင်းကြောင်းကြောင့် သူတို့ မလျှော့ပေါ့ဘူး။
သူတို့ သတ်မှတ်ထားတဲ့အတိုင်း ဖမ်းဆီးမယ်ဆိုပြီး ဖမ်းဆီးရင်တော့ ဒါတွေကတော့ အရေးယူခြင်း ခံရမယ်ပေါ့။ တောင်းခံလို့ ရမယ်ဆိုရင်တော့ ကိုယ့်နိုင်ငံသားတွေ ပြစ်မှုသက်သာတယ်။ နောက် ပါမစ်တွေ ဘာတွေတောင် ရသွားနိုင်တယ်ပေါ့။ နေထိုင်ခွင့်အတွက် အလုပ်လုပ်ခွင့် တရားဝင် ပါမစ်တွေ ဘာတွေ ရသွားနိုင်တယ်ပေါ့။ ကျနော်တို့ကတော့ ကိုယ့်နိုင်ငံသားတွေကတော့ အားလုံးကို လွတ်စေချင်တာပေါ့။ ဥပမာ ငွေဒဏ်လောက်ရိုက်ပြီး သူတို့ ဖမ်းဆီးထားတာတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးစေချင်တယ်ပေါ့”ဟု CNI သို့ ပြောသည်။
မလေးရှား အာဏာပိုင်များက အထောက်အထားမဲ့များကို ဖမ်းဆီးနေစဉ်
မလေးရှာနိုင်ငံတွင် ဇွန်လကုန်မှ စတင်ကာ ဖမ်းဆီးခံထားရသည့် နိုင်ငံပေါင်းစုံမှ အထောက်အထားမဲ့ အလုပ်သမား ၁၀၀၀၀ (တစ်သောင်း)ကျော် ရှိကြောင်း၊ ဩဂုတ် ၉ ရက်နေ့က ဖမ်းဆီးခံရသည့် အထဲတွင် အထောက်အထားမဲ့ အလုပ်သမား ၁၁၅ ဦး သည် မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။
တရားဝင် အထောက်အထားရှိသည့် အလုပ်သမားများ အဖမ်းခံရပါက အလုပ်ရှင်မှ လာရောက်ထုတ်ပေး၍ ရသော်လည်း အထောက်အထားမဲ့ များကိုမူ ထုတ်ပေး၍ မရကြောင်း သိရသည်။
တရားမဝင် အထောက်အထားမဲ့များအား ဖမ်းဆီးရမိပါက ပြစ်မှုအပေါ် မူတည်ကာ ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်ပြီး အနည်းဆုံး ၆ လခန့် ပြစ်ဒဏ်ကျခံရကြောင်း သိရသည်။
မလေးရှားနိုင်ငံသည် အထောက်အထားမဲ့ အလုပ်သမားအရေးနှင့် ပတ်သက်လျှင် ဥပဒေတင်းကျပ်သဖြင့် မလေးရှားနိုင်ငံသို့ လာရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက တရားဝင် လမ်းကြောင်းမှသာလာကြရန် မလေးရှားရောက် မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေသူများက ပြောသည်။
လက်ရှိ မလေးရှားနိုင်ငံတွင် အဖမ်းအဆီး များနေသည့်အတွက် တရားမဝင် လမ်းကြောင်း(အောက်လမ်း)မှ ဝင်ရောက်မည့် မြန်မာနိုင်ငံသားများ အနေဖြင့် ဩဂုတ်လ နောက်ပိုင်းမှသာ လာကြရန် မလေးရှားနိုင်ငံရှိ နှလုံးလှ ပရဟိတလူငယ်များ သွေးလှူရှင် အဖွဲ့ကလည်း တိုက်တွန်းထားသေးသည်။
- By CNI
- Category: Watch TV
- Hits: 461
- By CNI
- Category: Watch TV
- Hits: 418
- By CNI News
- Category: စီးပွားရေး
- Hits: 817
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၉
နိုင်ငံတော်အနေဖြင့် ငွေကြေးစိုက်ထုတ်ဆောင်ရွက်၍ တောင်သူများစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် မြေသြဇာ၊ မျိုးနှင့် စက်မောင်းဆီများ ရရှိရေး စီမံဆောင်ရွက်ပေးသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။
ယနေ့ (သြဂုတ် ၉ ရက်)တွင် နစက အဖွဲ့ဝင်များ၊ နစက၏ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီး ချုပ်များ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ ပါဝင်သည့် အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသတွင်း ဝမ်းစာဖူလုံရေးသည် အရေးကြီးကြောင်း၊ ထို့ကြောင့် စပါးစိုက်ပျိုးမှုများကို ဦးစားပေး ဆောင်ရွက်၍ တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက် ရန်လိုကြောင်း ပြောသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ အစည်းအဝေးမှာ ဆွေးနွေးနေစဉ်
၎င်းက “စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်ဘီလီယံ ၄၀၀ ကို သီးသန့်ရန်ပုံငွေ တစ်ရပ်ထူထောင်ပြီး စိုက်ပျိုးရေး လုပ်ငန်း များ ဆောင်ရွက်ရာ၌ ပထမဦးစားပေးအနေဖြင့် ယခုနှစ် နွေစပါးစိုက်ပျိုးမှုနှင့် ပဲတီစိမ်းစိုက်ပျိုးမှုများအတွက် နိုင်ငံတော် အနေဖြင့် ငွေကြေးစိုက်ထုတ်ဆောင်ရွက်၍ တောင်သူများစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရွာတွင် လိုအပ်သည့် မြေသြဇာ၊ မျိုးနှင့် စက်မောင်းဆီများ ရရှိရေး စီမံဆောင်ရွက် ပေးသွားမည်”ဟု ပြောသည်။
ထို့နောက် စိုက်ဧကများမှ ထွက်ရှိလာသည့် စပါးများနှင့် ပဲတီစိမ်းများကို နိုင်ငံတော်အစိုးရမှ ဦးစီး၍ ပြည်ပသို့ တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် လိုကြောင်း၊ စပါးနှင့်ပဲများ ထွက်ရှိမှုအပေါ် မူတည်၍ အကျိုးအမြတ်များထဲမှ တောင်သူများ အနေ ဖြင့် သင့်တော်သည့် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် တောင်သူများအနေဖြင့် ငွေကြေး စိုက်ထုတ်ရန်လိုအပ်မှု မရှိခြင်းကြောင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် သွင်းအားစုဖြစ်သည့် မြေသြဇာ တစ်အိတ်လျှင် ယခင်က ၃၀၀၀၀ ကျပ်သာရှိသော်လည်း ယခု အခါမှာတော့ ၉၀၀၀၀ နှင့် ၁၀၀၀၀၀ ကြားရှိသည့်အတွက် မကိုက်ကြောင်း၊ စက်သုံးဆီဈေးလည်း မြင့်တက်နေခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို နွားများဖြင့် အစားထိုးရန် စဉ်းစားလာနေရကြောင်း၊ နွားများဖြင့် စိုက်ပျိုးရေးလုပ်သည့် အခါမှာ လည်း အထွက်နှုန်း လျော့နည်းနိုင်ကြောင်း တောင်သူများက ပြောသည်။
နစက ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး ဆွေးနွေးနေစဉ်
အလားတူ ရခိုင်ပြည်နယ်ဘက်မှာတော့ မိုးခေါင်ပြီး စိုက်ပျိုးရေ မရရှိခြင်းကြောင့် စိုက်ဧက လျော့နည်းလာသလို စပါး အထွက်နှုန်းလည်း လျော့နည်းလာကြောင်း ရခိုင်တောင်သူများက ပြောသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် တို့သည် လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရမှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ် အပါအဝင် တခြားသော မြို့နယ်များတွင် ဓာတ်မြေသြဇာများ သယ်ယူခွင့် တားမြစ်ထားခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် အခက်ကြုံနေကြောင်းလည်း ဒေသခံများက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိက လိုအပ်နေခြင်းမှာ သွင်းအားစုစရိတ်များ လျော့ကျရေး၊ စိုက်ပျိုးရေ ရရှိရေး၊ လောင်စာဆီ ရရှိရေးနှင့် ဈေးနှုန်းသက်သာရေး၊ ဓာတ်မြေသြဇာများ လွတ်လွတ်လပ်လပ် သယ်ယူခွင့်ရရှိရေး၊ ဒေသတည်ငြိမ်မှု ဖြစ်လာစေရေး စသည် ဖြစ်သည်။
- By CNI
- Category: စီးပွားရေး
- Hits: 786
CNI International News
ဟာဗားနား၊ ဩဂုတ် ၉
ကျူးဘားနိုင်ငံ အနောက်ပိုင်းရှိ ရေနံသိုလှောင်ထားသည့် စက်ရုံတစ်ရုံတွင် ဩဂုတ် ၈ ရက်၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျွန်းနိုင်ငံဖြစ်သည့် ကျူးဘား၏ အဓိကအားထားရာ လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ပိတ်ရမည့် အခြေအနေသို့ ရောက်ရှိ သွားခဲ့ကြောင်း အေပီသတင်း တစ်ပုဒ်တွင် တွေ့ရသည်။
အစိုးရက ဟာဗားနားမြို့တော်ကို လျှပ်စစ်မီးဖြတ်တောက်ရန် စီစဉ်ထားကြောင်း ကြေညာအပြီး ရက်ပိုင်းအကြာ အဆိုပါ မီးလောင်မှု စတင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံ၏အနောက်ပိုင်း မာတန်ဇာ ပြည်နယ်ရှိ ရေနံသိုလှောင်စက်ရုံ မီးလောင်မှုကို မီးသတ်သမားများက ကြိုးစား ငြှိမ်းသတ်ခဲ့ ကြသော်လည်း ဩဂုတ် ၉ ရက် နံနက် အရုဏ်တက်ချိန်၌ တတိယမြောက် ရေနံလှောင်ကန်ကို ကူးစက်လောင်ကျွမ်းခဲ့သည်။
“ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ၊ မာတန်ဇာ ဒေသခံတွေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးကို ကျနော် အင်မတန် စိုးရိမ်မိပါ တယ်။ ဒီမီး ဘယ်လို ငြိမ်းမယ်ဆိုတာတော့ ကျနော်တို့လည်း မပြောတတ်ပါဘူး” ဟု အသက် ၂၈ နှစ်အရွယ်ရှိ ဒေသခံတစ်ဦး ဖြစ်သူ Dailyn de la Caridad က အေပီသို့ ပြောသည်။
ကျူးဘားရေနံစက်ရုံမီးလောင်နေ (AP)
အဆိုပါ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး ၁၂၅ ဦး ဒဏ်ရာရရှိကြောင်း၊ ပျောက်ဆုံးသူ ၁၄ ဦးရှိကြောင်း၊ စက်ရုံဝင်းအတွင်းရှိ သိုလှောင်ကန် ၈ ကန်ထဲမှ ၁ ကန်မှာ ဩဂုတ် ၅ ရက်၊ ညပိုင်း၌ မီးလောင်ခံခဲ့ရကြောင်း သိရသည်။
ကျူးဘား လျှပ်စစ်ဓာတ်ပေး စနစ်အတွက် အဓိက အစိတ်အပိုင်းဖြစ်သော အဆိုပါစက်ရုံတွင် ဩဂုတ် ၆ ရက်၌ ဒုတိယမြောက် ရေနံသိုလှောင်ကန်မှာ မီး ထပ်မံ ကူးစက်ခံခဲ့ရပြီး ပေါက်ကွဲသွားခဲ့သည်။
“အန္တရာယ်များနေတဲ့ အခြေအနေကို ကျနော်တို့ ကြေညာပြီးပါပြီ။ ဒုတိယမြောက် ကန် မီးလောင်ခံရတာကနေ တတိယ မြောက် ကန်ကိုလည်း ကူးစက်ခံရပြီး ဆုံးရှုံးနေရပါတယ်” ဟု မာတန်ဇာ ပြည်နယ်အုပ်ချုပ်ရေးမှူး မာရီယိုဆာဗင်းစ်က ပြောကြားခဲ့သည်။
ဩဂုတ် ၈ ရက် နှောင်းပိုင်းမှာတော့ ရေနံသိုလှောင်ကန် ၄ ကန်အထိ မီးကူးစက်ခံခဲ့ရကြောင်း ကျူးဘားမီးသတ်ဌာန ဒုတိယ တပ်ဖွဲ့မှူး အလက်ဇန္ဒား အေဗာလော့စ်က ကျူးဘားရုပ်သံဌာနသို့ ပြောကြားခဲ့သည်။
“ မီးက တော်တော်ပြင်းတယ်ဗျ” ဟု ၎င်းက ရှင်းပြသည်။
ကျူးဘားရေနံစက်ရုံ မီးလောင်မှု ရဟတ်ယာဉ်ဖြင့် ငြှိမ်းသတ်နေစဉ်(AP)
မီးသတ်သမားများသည် ယခင်သီတင်းပတ် အကုန်ပိုင်းတွင် ကျန်ရှိနေသည့် ကန်များကို မီးမကူးစက်အောင် ဆက်တိုက် ရေဖျန်း ပေးနေခဲ့သော်လည်း တားဆီးနိုင်ခဲ့ခြင်း မရှိပါ။
မီးလောင်မှုကြောင့် ဩဂုတ် ၈ ရက် မွန်းလွဲပိုင်းတွင် ကျူးဘားကျွန်း၏ အနောက်ဘက်ကို လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးနေ သည့် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို အစိုးရက ပိတ်ခဲ့ကြောင်း Cubadebate ဝက်ဘ်ဆိုက်၏ ရေးသားချက် အရ သိရသည်။
အဆိုပါ မီးဘေးအတွက် ဝိုင်းဝန်း ငြှိမ်းသတ်နိုင်ရန် မက္ကစီကိုနှင့် ဗင်နီဇွဲလား အစိုးရများက အထူးတပ်ဖွဲ့များ စေလွှတ်၍ ကူညီခဲ့ကြသည်။ မီးသတ်ပိုက်များ၊ လေယာဉ်များနှင့် ရဟတ်ယာဉ်များသုံး၍ လမ်းကြောင်း အသွယ်သွယ်မှ စစ်ရေး၊ ဆောက်လုပ်ရေး ကျွမ်းကျင်သူများ ပူးပေါင်းပါဝင်လျက် ရေနံယိုဖိတ်မှု ထိန်းချုပ်နိုင်ရန် ကြိုးစားတားဆီးခဲ့ကြသည်။
ဟာဗားနားမြို့တော်မှ ၆၅ မိုင် အကွာအဝေးရှိ ဒေသများအထိ မီးခိုးငွေ့များ ဖုံးလွှမ်းနေသဖြင့် မျက်နှာဖုံးနှင့် နှာခေါင်းစည်များ အသုံးကြဖို့ ဒေသခံများကို တိုက်တွန်းနှိုးဆော်ထားသည်။
Source: AP
- By CNI
- Category: စီးပွားရေး
- Hits: 1241
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၉
ထိုင်းအာဏာပိုင်နှင့် မြန်မာပွဲစားတို့ပေါင်း၍ ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာလုပ်သားများအား ထိုင်းဘတ်ငွေ ၁၀၀၀၀ ကျော် (မြန်မာငွေ ငါးသိန်းကျော်) ပေးမှသာ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ပန်းရောင်ကတ်) လုပ်ပေးမည်ဟု ဆိုကာ ငွေကြေးတောင်းခံမှုများရှိကြောင်း သိရသည်။
အခြား အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယားမှ တရားမဝင်လုပ်သားများကိုမူ ယခုကဲ့သို့ တောင်းခံခြင်း မရှိကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
ကိုသားကြီးက “ဘတ်ပန်းရောင်ကတ်ကို အွန်လိုင်းကနေ တင်ဖို့ဆိုပြီး ဩဂုတ် ၁ ရက်ကနေ ၁၅ ရက်နေ့ အထိ ဆိုပြီးတော့ ကြေညာလိုက်တယ်။ အဲဒီမှာ ထိုင်း အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေက သူတို့ မြန်မာပြည်သူတွေကို စာရင်းကောက်တာပေါ့။
အထောက်အထားမဲ့တွေကလည်း သူတို့က ဒီအထောက်အထားရမှ လုပ်လို့ရမှာဆိုတော့ တင်ကြတာပေါ့။ တင်တဲ့နေရာမှာ ဘယ်လောက် ကုန်သွားလဲဆို တချို့ နယ်မြေတွေဆို ၁၂၀၀၀(တစ်သောင်းနှစ်ထောင်) ကုန်တယ်။ တချို့နယ်မြေတွေဆိုရင် ပွဲစားတွေက ဘတ် ၁၅၀၀၀ (တစ်သောင်းငါးထောင်)လောက် ကောက်တယ်။ ပြီးတော့ ဒီဘတ်ဟာလည်း သေချာပေါက် ရမလားဆိုတာ ဘယ်သူမှ အတိအကျ မသိဘူး။ နောက် အွန်လိုင်းကနေ လျှောက်ရင်လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက သူခွင့်ပြုမှ၊ သူက ဒီအလုပ်ရှင် သူဌေးနဲ့ ဒီလူဦးရေနဲ့ သူချပေးတယ်ပေါ့။ ချပေးတယ်ဆိုမှ ဒီလူတွေက ဘတ်ရမှာပေါ့။ ခြုံပြီးတော့ ပြောရရင် ထိုင်းတွေ မြန်မာပွဲစားတွေနဲ့ပေါင်းပြီးတော့ ရွှေ့ပြောင်း အလုပ်သမားတွေကို ပိုက်ဆံကောက်တယ်၊ ပြီးရင် သူတို့နီးစပ်ရာ ကုမ္ပဏီတွေနဲ့ စာရင်းတွေ တင်ကြတယ်ပေါ့”ဟု ပြောသည်။
အလုပ်သမားတစ်ဦးလျှင် ဘတ်ပန်းရောင်ကတ် လုပ်ပါက work permit ခနှင့် သွေးစစ်သည့် ကျန်းမာရေး အာမခံခတို့ပေါင်း မှ ဘတ် ၄၀၀၀(လေးထောင်)ကျော်သာ ကုန်ကျမည်ဖြစ်ကာ တရားဝင်ကုမ္ပဏီများတွင်မူ ဝန်ဆောင်ခစရိတ်ပါ ယူသည့်အတွက် ဘတ် ၅၀၀၀၊ ၆၀၀၀ ဝန်းကျင်သာ ပေးရကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ ရေထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းခွင်တစ်ခု
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီယားနှင့် လာအိုနိုင်ငံတို့မှ လုပ်သားများသည် ထိုင်းနိုင်ငံတွင် အရေအတွက် အားဖြင့်နည်းပြီး ၎င်းတို့ လုပ်ကိုင်နေသည့် စက်ရုံ၊ အလုပ်ရုံမှ သူဌေးများက လုပ်ပေးခြင်းဖြစ်ကာ အများဆုံး ဘတ်ငွေ ရှစ်ထောင်ခန့်သာ ပေးရကြောင်း သိရသည်။
ယခုကဲ့သို့ တိုင်းတစ်ပါးတွင် မြန်မာလုပ်သားများ အနှိမ်ခံ၊ ခေါင်းပုံဖြတ်ခံနေရခြင်းသည် မိမိ၏နိုင်ငံသည် ချမ်းသာပြီး မတိုးတက်သည့် နိုင်ငံဖြစ်သည့်အတွက်ကြောင့် ဖြစ်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦး က CNI သတင်းဌာနသို့ ပြောသည်။
“ကိုယ်တွေနိုင်ငံက ချမ်းသာပြီး တိုးမတက်လို့ပေါ့။ သူတို့ဆီကနေ တောင်းဆိုခွင့်က ဘာတစ်ခုမှမရှိဘူးလေ။ တချို့ တွေက အောက်လမ်းက ဝင်လာတာဆိုတော့ သူတို့နှိပ်ကွပ်လဲ ခံရမှာပဲ။ တကယ့်တကယ် ရှိနေတဲ့ သံအရာရှိတွေ ဆိုတာကလည်း ဘာတစ်ခုမှ ဂရုမစိုက်။ သံအရာရှိ တပည့်တွေကိုယ်တိုင်ကလည်း ပွဲစားလုပ်နေတယ် ဒီမှာ။ တကယ့်ပွဲစားတွေ ဆိုတာက ထိုင်းနိုင်ငံက အာဏာပိုင်တွေနဲ့ ခွေးတပည့်လို ဖြစ်နေတာ။ သူတို့ကိုယ်တိုင်က နှိပ်ကွပ်နေတဲ့ဟာတွေ။ ထိုင်းသံရုံးတို့ မြန်မာသံရုံးတို့ ဝင်ထွက်လို့ရတဲ့ ကောင်တွေ အများဆုံးရှိတာ”ဟု ၎င်းက ပြောသည်။
တရားမဝင်အလုပ်သမားများအတွက် ဘတ်ပန်းရောင်ကတ်ရှိမှသာ အလုပ်လုပ်ကိုင်ခွင့်ရမည်ဖြစ်သောကြောင့် တရားမဝင် မြန်မာလုပ်သားများအနေဖြင့် ဘတ်တစ်သောင်းကျော် တောင်းလည်း ပေးနေရကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိတာဝန်ယူထားသည့် မြန်မာအလုပ်သမားဝန်ကြီးဌာနနှင့် NUG အစိုးရတို့အနေဖြင့် ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍ ထိရောက်သည့် အကူအညီတစ်စုံတစ်ရာ ပေးသင့်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။
ထိုင်းအစိုးရသည် တရားမဝင် လုပ်သားများအား ဘတ်ပန်းရောင်ကတ် လုပ်ပေးခြင်းမှာ ရှားပါးပြီး ထိုကတ် ကိုင်ဆောင်ထားပါက ထိုင်းအစိုးရမှ သတ်မှတ်ထားသည့် အလုပ်သမားအခွင့်အရေး ပြည့်ပြည့်ဝဝရရှိကြောင်း သိရသည်။
ထို့အပြင် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်(MWRN)သည် ထိုင်းအလုပ်သမားအရေး လုပ်ဆောင်နေ သည့် အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းကာ ထိုင်းနိုင်ငံရှိ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ၏ အခြေခံလုပ်ခ လစာအား လက်ရှိ သတ်မှတ်ထားသည့် ဘတ် ၃၂၀ အစား ၄၉၂ ဘတ်သို့ ပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆို ထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 738
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၉
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပုံသေဒေါ်လာ လဲလှယ်သည့် နှုန်းထားကို ၁၈၅၀ မှ ၂၁၀၀ သို့ ပြောင်းလဲ သတ်မှတ်လိုက်ပြီး နောက် ကြက်သွန်များ အဝယ်လိုက်လာကာ တစ်ပိဿာ ၂၀၀၀ ကျပ်အထိ ဈေးနှုန်း ရရှိလာသည်ဟု ကြက်သွန်ကုန်သည်များ ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လတွင် အရောင်းအဝယ် မရှိသလောက် ဖြစ်နေကြောင်း၊ ဩဂုတ်လ ၈ ရက်နေ့မှ စတင်၍ အရောင်းအဝယ် ပြန်လည်သွက်လာကြောင်း၊ လက်ရှိတွင် မြဝတီမှတဆင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့ရန်အတွက် ကြက်သွန်များ ကို လာရောက်ဝယ်ယူမှု များပြားလျက် ရှိနေကြောင့် ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်းမှ ဦးလှသောင်းက CNI သို့ ပြောသည်။
ဦးလှသောင်းက “နည်းနည်း အဝယ်လိုက်လာတယ်။ မြဝတီ လိုချင်တာပေါ့။ မြဝတီသမားတွေ၊ ဗီယက်နမ် သမားတွေပေါ့။ အခုလို ဖြစ်သွားတာ ပြန်ပြီးတော့ တက်လာတာက ဘဏ်ကကိုက သူတို့က ဒေါ်လာကို ၂၁၀၀ နဲ့ သတ်မှတ်လိုက်တော့ အရောင်းအဝယ်က ပြန်သွက်လာတာ။ ၁၈၅၀ တုန်းက အရောင်းအဝယ် ခပ်လေးလေးရယ်။ ၇ လပိုင်း ၁ လလုံး အေးလာတာ။ ဒီ ၈ လပိုင်းရောက်မှ ပြန်သွက်လာတာ ဒေါ်လာဈေး ၂၁၀၀ သတ်မှတ်လိုက်တာ ဆိုတော့လေ။ အဲဒါလေးတွေလည်း သူတို့ မြဝတီဘက်မှာ ငွေလဲရတာလေးတွေ နည်းနည်း ပိုပြီးတော့ အဆင်ပြေသွားတာပေါ့။ ကျနော့်ဘက်က ပခုက္ကူဘက်က အခု ကျနော်ရောင်းမယ့် ကား ၂ စီးက ၂၀၀၀ ပါတယ်။ ၁၉၂၅ ပါတယ်။ ၁၉၀၀ ပါတယ်။ အခြေအနေကတော့ ရန်ကုန် ဘုရင့်နောင် အပေါ်မှာ မူတည်မှာ ဈေးတွေ မြင့်လာတော့” ဟု ပြောသည်။
ကြက်သွန်နီများကို ကုန်ကားပေါ်တင်နေကြ
ထို့အပြင် ပခုက္ကူမှ ထွက်ရှိသည့် ကြက်သွန်များထက် မုံရွာမှထွက်ရှိသည့် ကြက်သွန်များသည် အရည်အသွေးပိုင်းဆိုင်ရာ ကောင်းမွန်ခြင်းကြောင့် ပို၍ စျေးကောင်းရနေကြောင်း၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၂၂၀၀ ကျပ်အထိ စျေးကောင်းလာ ကြောင်း ပွဲရုံများနှင့် ကုန်စည်ဒိုင်များထံမှ သိရသည်။
လက်ရှိ ကြက်သွန်ပွဲရုံနှင့် ကုန်စည်ဒိုင်များသို့ နယ်မှ တောင်သူများ လာရောက်ရောင်းချမှု များပြားလျက်ရှိကြောင်း၊ တချို့ သော တောင်သူများသည် ၁ ပိဿာ ၂၀၀၀ ကျော်မည့်အချိန်ကို စောင့်ဆိုင်းနေမှုများ ရှိသည်ကြောင်း ကြက်သွန်ကုန်သည် ဦးကျော်စိန်က ပြောသည်။
ဦးကျော်စိန်က “ကြက်သွန်က ၁ လစာ လိုနေတဲ့ အနေအထားပေါ့၊ ကျန်တဲ့ ရက်နဲ့ တွက်ကြည့်ရင်ပေါ့။ ပစ္စည်း နည်းသွားလေ စားသုံးသူ မလောက်ငှလေ။ နည်းနည်း ပိုတက်နိုင်သေးတာပေါ့နော် အဲလိုတော့ မှန်းရတာပေါ့။ အခုလာတာကတော့ တောက လာတာ များပါတယ်။
တောင်သူတွေ ကိုယ်တိုင်က ရောင်းနေတာပေါ့နော်။ မြို့ပေါ်သမားကတော့ နည်းနည်းလေး ဈေးစောင့် နေတာပေါ့ဗျာ။ ၂၀၀၀ နား တစ်ပတ်လည် ရောက်ရင်တော့လည်း စရောင်းသင့်တဲ့သူက ရောင်းမှာပေါ့ဗျာ ၂၀၀၀၊ ၂၀၀၀ ကျော် လာရင်ပေါ့” ဟု CNI သို့ ပြောသည်။
ဘုရင့်နောင်ကုန်စည်ဒိုင်
ပြီးခဲ့သည့် ၂ နှစ်တွင် နိုင်ငံရေး အပြောင်းအလဲနှင့် ကိုဗစ် - ၁၉ ရောဂါ ပြန့်ပွားမှုများကြောင့် ကြက်သွန်တောင်သူနှင့် ကုန်သည် များသည် အရှုံးနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ၁ ပိဿာလျှင် ၁၀၀ ကျပ်ဖြင့် ရောင်းချခဲ့ကြရကြောင်း သိရသည်။
လက်ရှိ ဖြစ်ပေါ်နေသည့် ကြက်သွန်ဈေးနှုန်းသည် ကုန်သည်များအတွက် အမြတ်ရှိခြင်းကြောင့် ကြက်သွန် သိုလှောင်ထားသူ များ အနေဖြင့် ထုတ်၍ ရောင်းချလာကြမည်ဟု ဦးလှသောင်းက ပြောသည်။
ဦးလှသောင်းက “အခုချိန်ကတော့ ကုန်သည်တွေအနေနဲ့ကတော့ ဒီဈေး ပတ်ချာလည်က မရှုံးတော့ဘူး။ သူတို့ဝယ်ထည့်တာ ကိုက လျော့တွက်လျော့ခရော ၁ ပိဿာ ၁၀၀၀ အကျ မှန်းတာလေ။ ဂိုဒေါင်ပေါ် အရောက်၊ အကုန်လုံး အလုပ်သမားခ ဘာညာ လျော့တွက် စရိတ်တွေပါ ၁၀၀၀ မှန်းထားကြတာ။ ၁၇၀၀/၁၈၀၀ ဆိုရင် ရောင်းလို့ရတယ်။ ကုန်သည်တွေအနေနဲ့ လှောင်ထားတဲ့ ကြက်သွန်ကို ၂၀၀၀ နားကို ရောက်တဲ့တချိန် ရောင်းကြမှာ။ ကုန်သည်တွေလည်း ကြောက်တယ်လေ ၂ နှစ် ရှုံးထားတယ်ဆိုတော့ ဒဏ်မခံရဲဘူး။ ဆက်ရှုံးမှာ ကြောက်တယ် ၂၀၀၀ ဆိုရင် တော်တော်ထွက်လာမှာ ကြက်သွန်က” ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြင့်တက်နေသည့် ကြက်သွန်ဈေးနှုန်းများသည် ဆက်လက် မြင့်တက်လာနိုင်သည်ဟု ကုန်သည်များက ခန့်မှန်း နေ ကြသည်။ သို့သော်လည်း ဘုရင့်နောင်ပွဲရုံ၏ ဈေးနှုန်း အပြောင်းအလဲပေါ် မူတည်၍ ကျန်သည့် ပွဲရုံများနှင့် ကုန်စည်ဒိုင်ရှိ ကြက်သွန်များ၏ ဈေးနှုန်းများသည် ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်၏ သြဂုတ်လ ၈ ရက်နေ့ စျေးနှုန်းများအရ မုံရွာကြက်သွန်နီရှယ် တစ်ပိဿာလျှင် ကျပ် ၂၂၀၀ အထိ စျေးကောင်းရနေပြီး အခြားဒေသထွက် ကြက်သွန်နီများသည် ကျပ် ၁၄၅၀ ကနေ ၂၀၀၀ ကြားမှာ ရှိနေသည်။
- By CNI
- Category: စီးပွားရေး
- Hits: 814
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၉
မြန်မာနိုင်ငံ၏ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် Wave Money သည် ရိုးမဘဏ်နှင့်ပူးပေါင်း ၍ Wave-Flexi ချိတ်ဆက်မှုကနေ ငွေလွှဲခြင်း အပါအဝင် နီးစပ်ရာ ရိုးမဘဏ်ခွဲ သို့မဟုတ် ATM စက်များကနေ အကန့်အသတ် မရှိ ငွေသား ထုတ်ယူနိုင်ကြောင်း Wave Money ကုမ္ပဏီ၏ ထုတ်ပြန်ခဲ့သည်။
Wave Money အသုံးပြုသူများသည် ၎င်းတို့၏ Wave Pay ကို ရိုးမဘဏ် Flexi Everyday အကောင့်နှင့်ချိတ်ဆက်ကာ မိုဘိုင်းလ် ငွေကြေး ဝန်ဆောင်မှုများကို အသုံးပြနိုင်ကြောင်း သိရသည်။
Wave Money ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Brad Jones က “လတ်တလော ပြောင်းလဲမှု အခြေအနေများကြောင့် ကျနော်တို့ရဲ့ သုံးစွဲသူတွေ၊ ကိုယ်စားလှယ်တွေနဲ့ မိတ်ဖက်တွေဟာ ငွေသားထုတ်ယူမှုအတွက် အကျပ်အတည်း၊ စိန်ခေါ် မှုများကို ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ကောင်းစွာသိရှိပါတယ်။ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကို ပေးစွမ်း ရန်ဆိုတဲ့ ရည်မှန်းချက်နဲ့အတူ Wave Money အသုံးပြုသူများက စိုးရိမ်ပူပင်မှု ကင်းစွာဖြင့် ငွေသားထုတ်ယူနိုင်စေဖို့နဲ့ ငွေပေး ချေမှု ဝန်ဆောင်မှုများကို ရယူနိုင်ဖို့ ရိုးမဘဏ်နဲ့ ပူးပေါင်းပြီး Wave-Flexi ချိတ်ဆက်မှုကို ယူဆောင်လာပါပြီ။ ဒီဝန်ဆောင်မှု အသစ်ဟာ ကျနော်တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့နဲ့ လက်တွဲလုပ်ကိုင်သူတွေအနေနဲ့ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ သုံးစွဲ သူများကို ငွေသား လုံလုံလောက်လောက် ထုတ်ပေးနိုင်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်” ဟု ပြောသည်။
Wave-Flexi ချိတ်ဆက်မှုကို ဇူလိုင်လမှာ စတင်ခဲ့ကြောင်း၊ Wave Money သည် ကိုယ်စားလှယ်များနှင့် အေးဂျင့်များ၏ Wave Partner အကောင့်များကို ရိုးမဘဏ် Flexi Connect အကောင့်ဖြင့် ချိတ်ပေး၍ Flexi ဝန်ဆောင်မှုမှတဆင့် ငွေလွှဲ ပြောင်းမှုကို ဆောင်ရွက်နိုင်ကြောင်း၊ ငွေကြေး ဝန်ဆောင်မှုကို မြန်မာနိုင်ငံတစ်ဝှမ်း Wave ဆိုင်ပေါင်း ၅၀၀၀၀ ကျော်က ဆောင်ရွက်ပေး လျက်ရှိကြောင်း Wave Money ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရိုးမဘဏ်၏ Chief Consumer Banking Officer ဖြစ်သူ ကိုကျော်စိုးလင်းက “အခုလို Wave Money နဲ့ လက်တွဲပြီး ရိုးမ ဘဏ် အသုံးပြုသူများသာမက Wave Money အသုံးပြုသူများကိုပါ ပိုမိုကောင်းမွန်တဲ့ ဘဏ်ဝန်ဆောင်မှုတွေ ပေးအပ်နိုင် တဲ့အတွက် များစွာဂုဏ်ယူမိပါတယ်။ Flexi ဝန်ဆောင်မှုဟာ ရိုးမဘဏ်အတွက်ရော Wave Money အတွက်ပါ ကြီးမားတဲ့ ခြေလှမ်းသစ် တစ်ခုဖြစ်ပြီး လွယ်ကူချောမွေ့တဲ့ ငွေကြေးဝန်ဆောင်မှုတွေကို ယူဆောင်လာဖို့ဆိုတဲ့ ကတိကဝတ်ကို အကောင် အထည်ဖော်လျက်ရှိပါတယ်။ ကျနော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့ ၎င်းတို့ရဲ့ ငွေကြေးတွေကို အလွယ်တကူ စီမံခန့် ခွဲနိုင်ပြီး အစဉ်အမြဲ လက်လှမ်းမီ နိုင်စေဖို့ လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို ကျနော်တို့ လုပ်ဆောင်နေပါတယ်။ ဒီ Flexi Everyday ဝန်ဆောင်မှုဟာ ကျနော်တို့ရဲ့ ကတိကဝတ်ကို ဖြည့်စွမ်းပေးမယ့် အဓိကလုပ်ဆောင်ချက် တစ်ခုပဲ ဖြစ်ပါတယ်” ဟု ပြော သည်။
ရိုးမဘဏ်၏ Flexi Everyday အကောင့်ကို ရိုးမဘဏ်ခွဲများတွင် ဖွင့်နိုင်ကြောင်း သိရသည်။
- By CNI News
- Category: စီးပွားရေး
- Hits: 1891
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၈
စိုက်ပျိုးရေး လုပ်ငန်းများအတွက် တောင်သူများကို မိမိတို့အနေဖြင့် သွင်းအားစုများဖြစ်သည့် မြေသြဇာ၊ ပိုသတ်ဆေးနှင့် စိုက်ပျိုးရေးများ ရရှိရေး မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယနေ့(သြဂုတ် ၈ ရက်) ကျင်းပသည့် နစက အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရဝန်ကြီး ချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌများ ပါဝင်သော အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်းပြောသွားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများနှင့် အထွက်နှုန်းကို မှန်မှန်ကန်ကန်ဖြစ်အောင် အလေးထား ဆောင်ရွက်သွားကြရန်လည်းလိုကြောင်း၊ အစိုးရပိုင်းအနေဖြင့် သွင်းအားစုများဖြစ်သည့် မြေသြဇာ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေများ ရရှိရေးအတွက် မဖြစ်မနေ ဆောင်ရွက်ပေးရမည်”ဟု ပြောသည်။
ထို့နောက် နွေရာသီတွင် ရေလုံလောက်စွာ ရရှိရေးအတွက် ရေသိုလှောင်သည့်စနစ်၊ မြေအောက်ရေကို စနစ်တကျ သုံးစွဲ သည့် စနစ်တို့ဖြင့် အကျိုးရှိရှိ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်လာ ပါက အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိလာမည်ဖြစ်ကြောင်း၊ ထို့ပြင် သုံးစွဲမှုနှင့် ဝယ်လိုအား တက်လာမည် ဖြစ်ပြီး လူမှုစီးပွားဘဝပါ တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ကျေးလက်ကို အခြေခံပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ၎င်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်
ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌဦးကျော်ဇံက “အဓိကတော့ ဒီလောက်ကြီးမားတဲ့ ပြဿနာ ကို ကျော်ဖြတ်နိုင်ဖို့အတွက်၊ ဖာထေးနိုင်ဖို့အတွက် အစိုးရ အခန်း ကဏ္ဍကပဲ အဓိကကျတယ်။ တနိုင်တပိုင် ကျနော်တို့ လုပ်နေရုံလောက်နဲ့တော့ အဆင်မပြေနိုင်တော့ဘူး။ ဒါကြောင့် ဒီအချိန် မှာတော့ အစိုးရက တောင်သူတွေရဲ့ အခြေအနေေ တွကို စနစ်တကျ ကွင်းဆင်း သုံးသပ်ပြီးတော့လေ အထောက်အပံ့တွေ ပေးဖို့အတွက် အစီအစဉ်တွေ လုပ်နေသင့်ပြီလို့ ကျနော်ထင်တယ်။ အဓိကတော့ဗျာ အချိန်နဲ့တပြေးညီ လုပ်မယ်ဆိုရင် အခုက ရေမရှိဘူးဗျာ ရေတင်နိုင်ဖို့အတွက် ကျနော် တို့ စက်ကိရိယာတွေ ထုတ်ပေးရမယ်ဗျာ။ ပြီးတော့ ဆည်ရေတော့ မရှိဘူး။ ဒါပေ မယ့် မြစ်ရေကို အခြေတည်ပြီးတော့ တနံတလျားကို ကျနော်တို့က ဆက်သွယ်ပြီးတော့ စီစဉ်ပေးရမယ့် အနေအထားတော့ ရှိတယ်။ ကုန်ကျမှုတော့ များနိုင်တာ ပေါ့နော် ဆည်မရှိတဲ့ အခါကျတော့လေ” ဟု ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက်က CNI သို့ ပြောသည်။
မိမိတို့နိုင်ငံ၏ ပြည်ပပို့ကုန်တွင် စိုက်ပျိုးရေးထွက်ကုန်သည် အဓိကကျသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌများ အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ကြစေလိုကြောင်း နစကဥက္ကဋ္ဌ ကပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် သွင်းအားစုစရိတ်များ ကြီးမြင့်နေခြင်း၊ လောင်စာဆီဈေးမြင့်တက်နေခြင်း၊ စိုက်ပျိုးရေ မလုံ လောက်ခြင်းတို့ကြောင့် စိုက်ပျိုးဧကများ လျှော့ချလာသလို ဆန်စပါး အထွက်နှုန်းများလည်း လျော့ကြလာနေကြောင်း တောင်သူလယ်သမားများက ပြောသည်။
ရခိုင် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်း လုပ်ကိုင်နေစဉ်
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရခက်ခဲလာနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင်လည်း စိုက်ပျိုးရေ မရရှိခြင်းကြောင့် မိုးစပါး စိုက်ပျိုးမှု လျော့နည်းလာသလို စပါးအထွက်နည်းလည်း လျော့နည်းသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးဘက်မှ ဆန်ပြန်လည် ဝယ်ယူ စားသုံးရမှုများရှိကြောင်း ရခိုင်တောင်သူ များက ပြောသည်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှတောင်သူ ကိုမောင်ဝင်းက “မိုးကလည်း မရွာဘူး။ ထွန်ထားတဲ့ လယ်တွေကလည်း ပြန်ပြီး တော့ ရွှံ့တွေကလည်း ပြန်ပြီးတော့ မာနေပြန် ပြီ။ အခက်အခဲတွေ အများကြီးပဲ နောက်နှစ် ဆန်တောင် ရှားမလားမသိဘူး။ မိုးတအား နည်းတယ်။ အခု မိုးတအား အများ ကြီး ရွာရမယ့် အချိန်။ မိုးနည်းတယ်။ မိုးနည်းတယ်ဆိုတော့ မိုးကို အားကိုးပြီး တော့ ထွန်ထားတဲ့ လယ်တွေကလည်း ပြန်ပြီး တော့ မာနေပြီ” ဟု ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက်က CNI သို့ ပြောသည်။
မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာအောင် နစက-က ဘီလျံ ၄၀၀ မတည်ကာ စိုက်ပျိုးရေးနှင့် စီးပွားရေး လုပ်ငန်း များကို ပံ့ပိုးမည်ဖြစ်ကြောင်း၊ ၆ လအတွင်း စီးပွားရေး ပြန်လည် ဦးမော့လာအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 885
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈
ပြည်ပကို ပြောင်းစတင် တင်ပို့သည့်အချိန်တွင် ဈေးနှုန်းမတည်ငြိမ်မှုကြောင့် ပြောင်းတင်ပို့မှု နှောင့်နှေးသွားသည့် အတွက် လက်ရှိ၌ ပြောင်းလက်ကျန် ၂ သိန်းခွဲကျော် ကုန်သည်များထံမှာ ကျန်ရှိနေသေးသည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။
ယခင်နှစ်များက ယခုကဲ့သို့ ကာလတူအချိန်တွင် တန်ချိန် ၁ သိန်းမျှသာ ကျန်လေ့ရှိသော်လည်း ယခုနှစ်မှာတော့ ပြောင်းဈေးနှုန်း မတည်ငြိမ်ခြင်း၊ ပြည်တွင်းအစာစက်ရုံများမှ ပြောင်းဝယ်ယူမှု နည်းပါးခြင်းတို့ကြောင့် ပြောင်း လက်ကျန် ကျန်ရှိမှု ပိုမိုများပြားနေခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုဥက္ကဋ္ဌ(၄) ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးသန့်ဇင်ထွန်းက “ကောက်လို့ရတဲ့ စာရင်းရှိတယ်၊ ကောက်လို့မရတဲ့ စာရင်းရှိတယ်။ အဲဒါဆိုတော့ ခန့်မှန်းခြေပဲ ပြောလို့ရတာပေါ့နော်။ အဓိကတော့ ၂ သိန်းနဲ့ ၂ သိန်းခွဲကြား ရှိနေတယ်။ အိတ် သိန်း ၄၀ နဲ့ သိန်း ၅၀ ကြားတော့ ရှိမှာပေါ့နော်။ အဲလောက်တော့ ရှိနေတယ်။ ရှိနေတယ်ဆိုတာက ဒီနှစ်က ဘယ်လိုခေါ်လဲဆိုတော့ ပထမပိုင်းမှာ ဈေးနှုန်း မတည်ငြိမ်တဲ့အပေါ်မှာ အရောင်းအဝယ် နည်းနည်းလေး တုံ့ဆိုင်းသွားတာလည်းပါတယ်။ အမှန်တကယ် ရောင်းရမယ့် ၅/၆/၇/၈ အဲဒီ ကြားထဲမှာက ရောင်းဖို့က နည်းနည်းတုံ့နှေးမှုတွေ ဖြစ်သွားတဲ့အချိန်မှာ အရှိန်နှေး သွားတာပေါ့နော်။ပုံမှန်ရောင်းနေမယ်ဆို ဒီအချိန်လောက်ဆိုရင် လက်ကျန်က ဘယ်လောက်ကျန်မလဲဆိုတော့ အိတ် ၁ သိန်းလောက်ပဲ ကျန်ရမှာကို ရှေ့ပိုင်းမှာ နည်းနည်း နှေးသွားတာလည်းပါတယ်။ နောက် ဟိုးအရှေ့ပိုင်း မှာလည်း ပြောင်းဈေး နည်းနည်းတက်သွားတဲ့အခါမှာ ပြည်တွင်း အစာစက်တွေကလည်း ပြောင်းဈေး အရမ်း မြင့်တဲ့အခါကျတော့ ပြောင်းကတော့ မဖြစ်မနေတော့ သုံးတယ်။ တခြားဟာလေးတွေ နည်းနည်း အစားထိုး လိုက်တယ်။ အစားထိုးလိုက်တဲ့အတွက်ကြောင့် ပြောင်းရောင်းရမယ့်နေရာမှာ နည်းနည်း လျော့သွားတာလည်း ပါတယ်” ဟု ပြောသည်။
ပြည်ပသို့ ပြောင်းတင်ပို့မှုတွင် ပို့ကုန်မူဝါဒစနစ်သည် အဓိက အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေပြီး အစိုးရ၏ မူဝါဒ အပြောင်းအလဲ ကန့်သတ်ချက်များကြောင့် ယခုကဲ့သို့ ပြောင်းလက်ကျန်များ ကျန်ရှိနေရခြင်း ဖြစ်သည်ဟု ကုန်သည်များထံမှ သိရသည်။
ပြောင်းစိုက်ခင်း
ထို့ကြောင့် လက်ရှိ ကျန်ရှိနေသည့် ပြောင်းတန်ချိန် ၂ သိန်းကျော်နှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရမှ ပို့ကုန်မူဝါဒ ဖြေလျှော့မှုမရှိပါက အောက်တိုဘာလအထိ ပြောင်းများသည် ဆက်လက်ကျန်ရှိနေမည်ဖြစ်ပြီး တောင်သူများ အတွက် ထိုက်သင့်သည့် ဈေးနှုန်းမရဘဲ ဖြစ်သွားနိုင်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာဖြိုးကိုကိုနိုင်က CNI သို့ ပြောသည်။
“အဓိက Export မူဝါဒပေါ့၊ ဘတ်နဲ့လည်း ရောင်းခွင့်ပြုတယ်။ လိုင်စင်လည်း ချပေးတယ်ဆိုရင် မြဝတီနယ်စပ် ကနေ ၁ လကို တန်ချိန် ၁ သိန်း ထွက်ပါတယ်။ အခု ဩဂုတ်လကျန်သေးတယ်ဆိုတော့ ဩဂုတ်လထဲ တန်ချိန် ၁ သိန်း ထွက်သွားနိုင်တာပေါ့နော်။ မူဝါဒ မဖြေလျှော့တော့ ၁၀ လပိုင်း ၁၁ လပိုင်းလောက်အထိကို မကုန်ဘဲနဲ့ ပြောင်းတွေက ကျန်သွားမယ်ပေါ့နော်။ ပြောင်းအသစ်ကလည်း ၉ လပိုင်းက စပေါ်နေပြီ။ စပေါ်နေပြီဆိုတော့ ဈေးကွက်ထဲမှာ ပြောင်းတွေ ပိုလျှံပြီးတော့မှ ကုန်ထုတ်လုပ်တဲ့ တောင်သူတွေအနေနဲ့ ရသင့်ရထိုက်တဲ့ ထုတ်လုပ်မှု စရိတ် မရတာမျိုးတွေ ဖြစ်သွားနိုင်တာပေါ့နော်။ အစာစက်ရုံတွေနဲ့ တတ်နိုင်သလောက် ညှိနှိုင်းပြီး ကြိုးစားနေ ပေမယ့် လတ်တလောအနေနဲ့ အစာစက်ရုံတွေကလည်း အင်တိုက်အားတိုက် ဝယ်မယ့်အနေအထားတော့ မရှိသေး ဘူး။ အဲလိုမျိုး ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လတွင် ပြောင်းနှင့် ဆီထွက်သီးနှံများကို ကုန်သွယ်ရာတွင် အမေရိကန်ဒေါ်လာဖြင့် ပေးချေ၍ ပို့ကုန်ရငွေအားလုံးကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အပ်နှံရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်လိုက်ခြင်းကြောင့် ပြောင်းတင်ပို့မှု နှောင့်နှေးသွားခဲ့သည်။
သို့သော် ဩဂုတ်လ ၅ ရက်နေ့တွင် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကိုသာ အပ်နှံရတော့မည်ဟု မူဝါဒ ပြောင်းလဲခဲ့ပြီး တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်သို့ တိုးမြှင့်ခဲ့သည်။
ထိုသို့ တိုးမြှင့်လိုက်ခြင်းကြောင့် ရန်ကုန်ပြောင်းဈေးကွက်တွင် ပြောင်းဈေးနှုန်းများ အနည်းငယ်မြင့်တက်လာပြီး အစိုးရမှ မူဝါဒများ ထပ်မံဖြေလျှော့ပေးမည်ဆိုပါက ပြောင်းဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်ကာ ပို့ကုန်တင်ပို့မှု သည်လည်း မြန်ဆန်လာနိုင်သည့်အပြင် တောင်သူများသည်လည်း ပို၍ စိုက်ပျိုးမှု လုပ်လာနိုင်သည်ဟု သိရသည်။
ပြောင်းတင်ပို့မှုသည် မြန်မာနိုင်ငံအတွက် တတိယအများဆုံး နိုင်ငံဘဏ္ဍာငွေ ရရှိအောင် လုပ်ဆောင်ပေးနေသည့် လယ်ယာထုတ်ကုန်တစ်မျိုးဖြစ်ပြီး တစ်နှစ်လျှင် ပြောင်းတန်ချိန် ၃.၂ သန်း ထွက်ရှိလျက်ရှိသည်။
Page 28 of 46