- By CNI News
- Category: နိုင်ငံရေး
- Hits: 685
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး(LDU) တို့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သြဂုတ် ၂၂ ရက် တွေ့ဆုံ၍ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။
PNLO၊ ALP၊ LDU တို့ကို တစ်ခါတည်း စုပေါင်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
PNLO ကမူ ဥက္ကဋ္ဌ ခွန်သူရိန် တက်ရောက်ခဲ့ပြီး၊ ALP က ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ LDU က အထွေထွေ အတွင်းရေးမှူး ကျာဆော်လမွန်တို့ တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။
- By CNI
- Category: Watch TV
- Hits: 370
- By CNI
- Category: နိုင်ငံရေး
- Hits: 1230
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂
ရှမ်းနီအမျိုးသားညီလာခံကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့မှာ သြဂုတ် ၂၂ ရက်နေ့က ကျင်းပလျက်ရှိ သည်။
ယနေ့ ကျင်းပသည့် ညီလာခံတွင် ရှမ်းနီတိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ အမည် ကွဲပြား နေခြင်းကို အတည်ပြုနိုင်ရေး၊ ရှမ်းနီပြည်နယ် ရရှိရေး စသည်တို့ကို ဆွေးနွေးကြမည်ဖြစ်သည်။
ဓာတ်ပုံ- ရှမ်းနီအသံ
အဆိုပါ ညီလာခံသည် ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်သည်။ ပထမအကြိမ် ရှမ်းနီအမျိုးသားညီလာခံကို ပဏာမ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နှင့် ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်တို့မှာ ကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ မန္တလေးမြို့မှာ အားလုံးသဘောတူညီချက်ဖြင့် ကျင်းပခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1088
CNI International News
ဆိုးလ်၊ ဩဂုတ် ၂၂
မြောက်ကိုရီးယား နျူကလီးယားခြိမ်းခြောက်မှုကို ဆန့်ကျင်ရန် ကာကွယ်ရေးအနေအထား မြှင့်တင်မှုအဖြစ် အမေရိကန်နှင့်တောင်ကိုရီးယားတို့သည် ဩဂုတ် ၂၂ ရက် (ယနေ့)တွင် နှစ်ပေါင်းများစွာအတွင်း ၎င်းတို့၏ အကြီးမားဆုံးစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ဒေါသတကြီးဖြင့် တုံ့ပြန်ခဲ့သည်။ ယခုနှစ်အတွင်း မြောက်ကိုရီးယားသည် လက်နက်စမ်းသပ်မှုများကို စံချိန်တင်အောင် လုပ်ဆောင်ခဲ့ခြင်းဖြင့် သံတမန်ရေး မတည်ငြိမ် မှုနှင့်အတူ စစ်ရေးခြိမ်းခြောက်မှုဟု ဆိုးလ်နှင့်ဝါရှင်တန်တို့က မှတ်ယူခဲ့ကြသည်။
အော်ချီလွတ်မြောက်မှု ဒိုင်းအကာအရံ (Ulchi Freedom Shield) ဟု အမည်ပေးထားသော အဆိုပါ စစ်ရေး လေ့ကျင့်မှုကို လာမည့် စက်တင်ဘာ ၁ ရက်အထိ တောင်ကိုရီးယားတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး လေယာဉ်၊ စစ်သင်္ဘော၊ တင့်ကားများ၊ သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များ ပါဝင်သည့် စစ်မြေပြင် သင်ခန်းစာ များလည်း ထည့်သွင်းထားသည်။
အမေရိကန်နဲ့တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု တောင်ကိုရီးယားပြည်သူများကန့်ကွက်နေ
၎င်းတို့ စစ်ရေး လေ့ကျင့်မှုကို ခံစစ်များဟု ဝါရှင်တန်နှင့်ဆိုးလ်တို့က ပြောကြားနေကြခြင်းမှာ မိမိအားကျူးကျော်ရန် အစမ်းလေ့ကျင့်နေခြင်းအဖြစ် မြောက်ကိုရီးယားက သတ်မှတ်ခဲ့သည်။
အစိုးရဝန်ထမ်းများ ဦးဆောင်ပါဝင်ကြသည့် ၄ ရက်ကြာ တောင်ကိုရီးယား အရပ်ဘက် ကာကွယ်ရေး လေ့ကျင့်မှု အစီအစဉ်နှင့်အတူ Ulchi Freedom Shield ကို စတင်ခဲ့ပြီး ပူးတွဲတိုက်ခိုက်မှုများကို ပုံဖော်လေ့ကျင့်ခြင်း၊ ရှေ့တန်း စစ်လက်နက်နှင့် လောင်စာဆီ ဖြည့်တင်းခြင်း၊ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်သည့် လက်နက်များ ဖယ်ရှားခြင်း တို့ ပါဝင်ကြသည်။
အမေရိကန်နှင့်တောင်ကိုရီးယား မဟာမိတ်နှစ်နိုင်ငံတို့သည် လက်ရှိ ယူကရိန်းစစ်ပွဲအတွင်း ပြသခဲ့သော ဒရုန်းနှင့် အခြား တိုးတက်တီထွင်ထားသော စစ်လက်နက် ကိရိယာများကိုလည်း ပူးတွဲလေ့ကျင့်ကြမည်ဖြစ်သည်။
ဆိပ်ကမ်းများကို တိုက်ခိုက်ရာတွင် စစ်ဘက်နှင့်အရပ်ဘက် ပူးပေါင်းတုံ့ပြန်မှု လေ့ကျင့်ခြင်း အပါအဝင် လေဆိပ် များ၊ အီလက်ထရောနစ် ပစ္စည်းစက်ရုံများ စသည့် အရေးပါသည့် နေရာများကို ထိန်းချုပ်မှုလည်း ထည့်သွင်းထားသည်။
ပြီးခဲ့သည့် နှစ်များကတော့ အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် ပုံမှန်စစ်ရေး လေ့ကျင့်မှုအချို့ကို ဖျက်သိမ်း ခဲ့ရသည်။ ထိုသို့ ဖျက်သိမ်းရသည့် အကြောင်းမှာ ထရမ့်အစိုးရလက်ထက် မြောက်ကိုရီးယားနှင့် သံခင်းတမန်ခင်း အတွက် နေရာဖန်တီးပေးရခြင်း၊ Covid-19 ကပ်ရောဂါ စိုးရိမ်မှုရှိနေခြင်းတို့ကြောင့် ဖြစ်သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 707
CNI International News
အစ္စလမ္မာဘတ်၊ ဩဂုတ် ၂၂
အစ္စလာမ္မာဘတ်မြို့တော်တွင် ဩဂုတ် ၂၀ ရက်၌ ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း မိန့်ခွန်းပြောကြားရာတွင် ရဲတပ်ဖွဲ့နှင့်အခြားပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများကို ဝေဖန်အပြစ်တင်ခဲ့သဖြင့် ၎င်း၏မိန့်ခွန်းများအား တိုက်ရိုက်ထုတ်လွှင့်မှုများကို ပါကစ္စတန်မီဒီယာထိန်းချုပ်ရေးအဖွဲ့က တားမြစ်လိုက်ကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။
အီမရန်ခမ်းသည် အခြေအမြစ်မရှိသော စွပ်စွဲချက်များ၊ နိုင်ငံတော်အဆင့်အဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် စပ်လျဉ်း၍ အမုန်းစကားများ ဖြန့်ချိပြောကြားခဲ့ကြောင်း ပါကစ္စတန်အီလက်ထရောနစ် မီဒီယာထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့ (PEMRA) က ထုတ်ပြန်ခဲ့သည်။
ခမ်း၏မိန့်ခွန်းသည် အခြေခံဥပဒေပုဒ်မ ၁၉ ကို ချိုးဖောက် ကြောင်း၊ မိမိတို့ဖမ်းယူတည်းဖြတ်ထားသော မိန့်ခွန်းများကိုသာ ထုတ်လွှင့်ခွင့်ပေးမည်ဟု ညွှန်ကြားပါကြောင်း၊ ထိရောက်သော ဆိုင်းငံ့စေမှုဖြင့် တည်းဖြတ် ထိန်းချုပ်သွားမည်ဖြစ်ကြောင်း စာမျက်နှာ ၆ မျက်နှာ ပါဝင်သည့် သတိပေးစာထဲတွင် PEMRA က ပြောကြားထားသည်။
ဩဂုတ် ၂၀ ရက်ညပိုင်းတွင် အစ္စလာမ္မာဘတ်မြို့၌ လူထုမိန့်ခွန်းပြောကြားခဲ့ရာမှာ “အီမခရန်ခမ်း၏ အနီးကပ် လက်ထောက်ဖြစ်သူ ရှာဘတ်ဂီးလ် (Shahbaz Gill) ကို ဩဂုတ် ၉ ရက်၌ ဖမ်းဆီးသွားခဲ့သည့် ထိပ်တန်း ရဲ အရာရှိ များကို အမှုတွဲတင်မည်”ဟု အီမရန်ခမ်းက ခြိမ်းခြောက်ခဲ့သည်။
အစ္စလာမ္မာဘတ်မြို့တော်၌ ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်း မိန့်ခွန်းပြောနေစဉ်(ဓါတ်ပုံ-အေပီ)
ဂီးလ်ကို ဖမ်းဆီးပြီးနောက် နှစ်ရက်အတွင်း ချုပ်နှောင်ခွင့်ရမန်အတွက် ကြိုးစားခဲ့ကြသည့် အစ္စလာမ္မာဘတ် ရဲတပ်ဖွဲ့အရာရှိများနှင့် အမျိုးသမီးတရားသူကြီးတစ်ဦးကို ခမ်းက ပစ်မှတ်ထား၍ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
ဂီးလ်သည် တိုင်းပြည်၏အင်အားအကြီးဆုံးစစ်တပ်အတွင်း ပုန်ကန်မှုပေါ်ပေါက်အောင် လှုံဆော်ခဲ့သည်ဟု အစွပ်စွဲခံထားရသည်။
ခမ်းကလည်း ဂီးလ်အပေါ် ရဲတပ်ဖွဲ့၏ညှင်းပန်းနှိပ်စက်မှုများ ရှိခဲ့ကြောင်း ပြန်လှန်စွပ်စွဲခဲ့သည်။ ၎င်း၏ လက်ထောက်လည်းဖြစ်၊ စစ်ဦးစီးချုပ်ဟောင်းလည်း ဖြစ်ခဲ့သည့် ဂီးလ်ကို စွဲချက်တင်ခြင်းသည် ၎င်း၏ပါတီအား စစ်တပ်က အမြင်မကြည်စေရန် ပူးပေါင်းကြံစည်မှုသာဖြစ်ကြောင်း ခမ်းက မိန့်ခွန်းထဲတွင် ဆက်လက်ပြောကြား ခဲ့သည်။
ခမ်းသည် ဂီးလ်ဖမ်းဆီးခံရခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ခဲ့သလို ၎င်း၏ပါတီဖြစ်သော ပါကစ္စတန်သီးရက် အီအင်ဆက်ဖ် (PTI) အပေါ် ပါကစ္စတန်အာဏာပိုင်များ၏ စွပ်စွဲချက်များကိုလည်း ဆန့်ကျင်ကန့်ကွက်ခဲ့သည်။
ဂီးလ်ကို နိုင်ငံရေးအကျဉ်းသားဟူ၍ ခမ်းက ခေါ်ဝေါ်သုံးစွဲခဲ့ပြီး ချက်ချင်းပြန်လွှတ်ပေးရန် အာဏာပိုင်များကို တောင်းဆိုထားသည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1280
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂
နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်ဖြင့် ရှမ်း ပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ ၄ မိုင်းလားမြို့တွင် အိမ်ထောင်စုလူူဦးရေစာရင်း ပုံစံ ၆၆/၆ ၅၂၀ စု၊ နိုင်ငံ သား စိစစ်ရေးကတ်ပြား ၂၀၈၈၄ ဦးအား ထုတ်ပေးခဲ့သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်း အခမ်းအနားကို မိုင်းလားမြို့မှာ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀ ရက်နေ့က ကျင်းပခဲ့ပြီး နစကဘက်က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်အစိုးရခွဲဥက္ကဋ္ဌ ဦးရဲ နိုင်တို့ တက်ရောက်ခဲ့ပြီး မိုင်းလားအထူးဒေသ ၄ ဘက်ကမူ အထူးဒေသ ၄ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးစံပေ့၊ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီဝင်၊ စစ်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးလော်ချန် ပေါက်၊ ငြိမ်းချမ်းရေးနှင့် စည်းလုံး ရေးကော်မတီ ဒုအတွင်းရေးမှူး(၂) ဦးအားလူ၊ ဆက်ဆံရေးနှင့် ဆက်သွယ် ရေး ဌာနကြီးမှူး ဦးစိုင်းမောက်၊ ဒေသခံတိုင်းရင်းသား ၂၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း Mongla News က ထုတ်ပြန်ထားသည်။
ယခု အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ ၅၂၀ စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၀၈၈၄ ဦးကို ထုတ်ပေးခဲ့ ခြင်းသည် ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ထို့ကြောင့် စုစုပေါင်း အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ ၁၈၇၇ စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၉၂၀၁ ဦးအား ပေးအပ်ထားပြီ ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀ ရက်က အထူးဒေသ ၄ မှာ မှတ်ပုံတင်ကတ် ပေးအပ်ခြင်း အခမ်းအနားကျင်းပ (Mongla News)
အထူးဒေသ ၄ မိုင်းလားသည် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၏ ထိန်းချုပ်မှု အောက်တွင် တည်ရှိပြီး ဒေသ၏ မြို့တော်မှာ မိုင်းလားမြို့ဖြစ်သည်။
NDAA သည် ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ကနေ ခွဲထွက်၍ တပ်မတော်နှင့် ငြိမ်းချမ်းရေး ယူခဲ့သည့်အတွက် အထူးဒေသ ၄ အဖြစ် သတ်မှတ်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးခဲ့သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အသိအမှတ်ပြုပေးထားခြင်းမဟုတ်သေးပေ။
လက်ရှိတွင် NDAA သည် ၎င်းတို့ ထိန်းချုပ်ကာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေ၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့ကို ကိုယ်ပိုင်စီမံခန့်ခွဲလျက်ရှိပြီး ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အတည်ပြု သတ်မှတ်ပေးရန် တောင်းဆိုလျက်ရှိသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က NDAA ဒုဥက္ကဋ္ဌ ဦစံပေ့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လက်ခံကာ တွေ့ဆုံပြီး ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးရေး ဆွေးနွေးခဲ့သေးသည်။
- By CNI
- Category: အင်တာဗျူး
- Hits: 4132
CNI Interview
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်မှ အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုများနှင့်အတူ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
ထို့နောက် နစကနှင့် NUG ကြား တစ်ဖက်နှင့်တစ်ဖက် တရားဝင်အစိုးရများအဖြစ် အသိအမှတ်ပြုလာနိုင်ရေး အားပြိုင်လာခဲ့ရာ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး စသော ယန္တရားများလည်း အကျပ်အတည်းဖြင့် ရင်ဆိုင်လာနေရသည်။
အဆိုပါ အခြေအနေများကြောင့် တိုင်းပြည်မှာလည်း ပျက်သုဉ်းရေးသို့ ဦးတည်နေပြီဖြစ်ကြောင်း သုံးသပ်မှုများ လည်း ရှိနေသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို CNI သတင်း ဌာနက ဆက်သွယ် မေးမြန်းထားပါသည်။
ဒေါက်တာအေးမောင်နဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်များ အာဆီယံအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံစဉ်
မေး ။ ။ နိုင်ငံရေးပါတီတွေကို ဒီပြည်ပအဖွဲ့အစည်းတွေနဲ့တွေ့ဆုံပွဲ ကန့်သတ်လိုက်တဲ့အပေါ်မှာ ဆရာတို့ ဘယ်လိုမျိုး ယူဆမိလဲပေါ့၊ ဘာကြောင့် ကန့်သတ်လိုက်လဲပေါ့။
ဖြေ ။ ။ ဘာကြောင့်ဆိုတာတော့ သူတို့ပဲ UEC ကပဲ ဖြေနိုင်မယ်ထင်တယ်။ ဒါပေမယ့်လို့ ဖြစ်စဥ်လေးကို ကြည့်တဲ့အခါမှာလေ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတာကို တွေ့ရတာပေါ့။
နောက်တစ်ချက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘက်ကလည်း အခု ၆ လနဲ့ပတ်သက်လို့ ကာ/လုံကို တင်ပြတဲ့ အခါမှာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်လို့ အလေးအနက်ထားပြီး ဆောင်ရွက်မယ်ဆိုတာလေးတွေ ပါတယ်။ နောက် လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့ ပတ်ဝန်းကျင်လောက်မှာ အာဆီယံရဲ့ အထူး သံတမန်လည်း ရန်ကုန်ကို လာမယ်ဆိုတာ ကြားတယ်။ အဲ့တာတွေနဲ့ ဆက်စပ်တွေးကြည့်နိုင်တာပါပဲ။
တစ်ခုက နိုင်ငံရေးမှတ်ပုံတင်ခြင်း ဥပဒေဆိုတာ ရှိတာပေါ့ဗျာ။ အဲ့ဒီ ဥပဒေမှာတော့ ခုနက သူတို့ကြေညာသလိုပဲ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ဖွဲ့စည်းပုံအခြခံဥပဒေမှာလည်း ပါပါတယ်။ အဓိကက အဲ့ဒီစာသားရဲ့လိုရင်းက နိုင်ငံ တကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေ နိုင်ငံခြားနဲ့ ပတ်သက်တဲ့ အင်အားစုတွေက နိုင်ငံရေးပါတီများ အပေါ်မှာ လွှမ်းမိုးမှု မရှိစေလိုတဲ့ သဘောပဲဖြစ်ပါတယ်။
အဓိက ငွေရေးကြေးရေးဆက်နွယ်မှုကို အဓိကထားတယ်လို့ပဲ သုံးသပ်ပါတယ်။ သံရေးတမန်ရေး အမြင်ချင်း ဖလှယ်တာတို့၊ တွေ့တာပြုတာတို့၊ knowledge sharing လုပ်တာတို့ ဘာတို့ကတော့ဖြင့် အဲ့ဒီဥပဒေမှာ ဒီလိုပဲ ကန့်သတ်ထားတာ မဟုတ်ဘူးလို့ပဲ ထင်တယ်။ ဒါကျနော်တို့ သုံးသပ်တာပါ။
အဲဒီတော့ ရွေးကောက်ပွဲကော်မရှင်ဘက်က အခုကာလမှာ ဒါမျိုးတင်းကြပ်ဖို့ လိုအပ်လား မလိုအပ်လားဆိုတာက ပထမတစ်ချက် ရွေးကောက်ပွဲကော်မရှင်နဲ့ပဲ ပတ်သက်ပါတယ်။ ကျနော်တို့အမြင်နဲ့ ဆက်ပြီးတော့ ပြောရရင်တော့ဖြင့် အခုကာလက ခင်ဗျားတို့လည်း သိပါတယ်၊ လက်နက်ကိုင်တွေဘက်က တစ်ဖက်နဲ့တစ်ဖက် စစ်ရေး အရှိန် သိပ်များတာကိုးဗျ။
တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနဲ့ အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံစဉ်
အဲ့ဒီတော့ လက်နက်ကိုင်တဲ့ အင်အားစု အချင်းချင်းပဲ ပြေလည်မှုရအောင် ညှိနှိုင်းယူကြတာရှိတယ်။ ဥပမာ ထိပ်သီး ချင်း တွေ့မယ်ဆိုရင်တောင်မှ နိုင်ငံရေးပါတီများဆိုတာကို နောက်ကိုပဲ ပို့တာကိုး။ ထိပ်သီးနိုင်ငံရေး အဖွဲ့ အစည်း များနဲ့တွေ့ပြီးမှ နိုင်ငံရေးအရ စစ်ရေးအရ ပြေလည်မှုကို ယူကြတာကိုး။ အဲဒီတော့ မြန်မာနိုင်ငံမှာက စစ်ရေးအရက ရှေ့ကိုရောက်တယ်ဗျ။ လက်နက်ကိုင် အင်အားစုတွေရဲ့ ခုနလိုလေ နိုင်ငံရေးအရ မပြေလည်တာ ကို လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းတဲ့ကဏ္ဍက များတာကိုး။ အဲ့ဒီတော့ နိုင်ငံရေးကဏ္ဍက နောက်ကိုရောက်ရောက်သွားတာပေါ့။
အဲ့ဒီတော့ အားလုံးကလည်း ပြောပါတယ်၊ နိုင်ငံရေးကဏ္ဍ ပြန်ပြီးတော့ မြှင့်ဖို့လိုတယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လိုတယ်ဆိုတာမျိုးလေ၊ အားလုံးက ဒီလိုမျိုးပဲ သုံးသပ်တဲ့ အခါကျတော့ မြန်မာနိုင်ငံရေး ပြသနာကို စဥ်းစားခိုင်းပါ။ မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာရဲ့ အမြင်ဆိုတာကိုလည်း ခွဲခြမ်းစိတ်ဖြာ ကြည့်ဖို့ လိုအပ်တယ်။
ကိုယ့် လက်နက်ကိုင် အဖွဲ့အစည်းချင်းများရဲ့ အမြင်အပြင် ပြည်သူလူထုရဲ့ အမြင်ကလည်းလိုတယ်။ အဲ့ဒီတော့ ပြည်သူလူထုရဲ့ အမြင်ခံယူချက်နဲ့ စပ်လျဥ်းတာ အများအားဖြင့်ကတော့ နိုင်ငံရေးပါတီများ ဘက်က ပိုလာတာ ကိုး လူထုကြားထဲမှာနေတယ်။ နိုင်ငံရေးပါတီတစ်ခုရဲ့ ရပ်တည်ချက် ရည်ရွယ်ချက်ဆိုတာ တိုင်းရင်းသားဒေသ နဲ့ ပတ်သက်ရင် ပတ်သက်မယ်၊ အယူဝါဒနဲ့ ပတ်သက်ရင် ပတ်သက်မယ်၊ အမျိုးမျိုးကွဲနိုင်တာပေါ့ဗျာ။
ဆိုတော့ လူထုရဲ့အသံတို့ လူထုရဲ့ဆန္ဒတို့က နိုင်ငံရေးပါတီများဘက်က ပိုလေ့လာနိုင်တာပေါ့။ အဲ့ဒီအတွက်ကြောင့် မို့လို့ နိုင်ငံရေးပါတီများကဏ္ဍကို ကန့်သတ်ခြင်းဟာ အခုလိုကာလမျိုးမှာ အထူးတဖြင့် သတိပြုဖို့ လိုအပ်တာ။ အဲ့ဒီတော့ ဖြစ်စေချင်တာက အဲ့တာမျိုးဥပဒေတွေမှာ ပြဋ္ဌာန်းထားရင်တောင်မှပေါ့ဗျာ။
အခုလိုနိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အကျပ်အတည်း ကာလကို ရင်ဆိုင်နေရရင်တောင်မှ နိုင်ငံရေးပါတီများရဲ့ ကဏ္ဍကတော့ ဖွင့်ပေးဖို့လိုတယ်။ အဲ့ဒီတော့ မတွေ့ခင် သတင်းပို့ရမယ်ဆိုတာထက် ဖြစ်နိုင်ရင်ပေါ့ဗျာ တွေ့ တာပြုတာ လောက်ကိုတော့ လွတ်လွတ်လပ်လပ် တွေ့ခွင့်ပေးသင့်တယ်။ နိုင်ငံတကာ အကူအညီပေါ့ဗျာ၊ ငွေကြေး အကူအညီတို့ဘာတို့ တင်းတင်းကြပ်ကြပ် ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း ဆောင်ရွက်ကောင်းဆောင်ရွက် ဖို့ လိုအပ်သလို တွေ့တာပြုတာတွေကိုဖြင့် ဖွင့်ပေးဖို့လိုတယ်။
တစ်ခုရှိတာက နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးဆိုရင် တွေ့ပြီးတဲ့နောက်မှာ တွေ့တဲ့နိုင်ငံရေးပါတီတိုင်း တွေ့တဲ့ ပုဂ္ဂိုလ် တွေ့တဲ့အကြောင်းအရာ တွေ့တဲ့ဖြစ်စဥ် ထူးခြားဖြစ်စဥ် တစ်ခုအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပါဆိုတဲ့ ညွှန်ကြားချက်မျိုးပေါ့ဗျာ။ အဲ့ဒီလိုမျိုးပဲ ဒီကာလမှာ UEC ဘက်က ချဥ်းကပ်သင့်ပါတယ်။
တွေ့ပြီးတဲ့နောက်မှ တင်ပြပါဆိုတာမျိုးလေ နိုင်ငံရေးပါတီ များနဲ့ ပြည်ပအစိုးရ၊ ပြည်ပအစိုးရအဖွဲ့အစည်း၊ ပြည်ပ ပါတီ စသဖြင့်ပေါ့ဗျာ။ ငွေရေးကြေးရေး ဆက်နွယ်မှုကတော့ဖြင့် ပြဋ္ဌာန်းဥပဒေပါအတိုင်း ကင်းရှင်းစွာနေဖို့ ညွှန်ကြားတယ်ပေါ့ဗျာ။ အဲ့ဒီလိုဆိုရင် ပိုပြီး အဆင်ပြေမလားလို့ဗျာ။ အဲ့သလောက်ပါ။
ကုလအထူးကိုယ်စားလှယ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
မေး ။ ။ ဟုတ် ဆရာ။ အခု သူတို့တင်းကြပ်တဲ့ ညွှန်ကြားချက်တွေက သူတို့ပြောနေတဲ့ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား။
ဖြေ ။ ။ ဆန့်ကျင်ဘက်ကတော့ ဖြစ်တာပေါ့ဗျာ။ သူတို့ပြောတဲ့ ငွေရေးကြေးရေးကတော့ဖြင့် ဥပဒေ ပြဋ္ဌာန်း ချက်ပါအတိုင်း တားမြစ်ဖို့ လိုကောင်းလိုနေမယ်။ အစိုးအရတစ်ရပ် အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းနဲ့ ဆက် သွယ်တဲ့ အခါမှာ အဲ့တာကတစ်မျိုး ၊ နိုင်ငံရေးပါတီများ နိုင်ငံတကာ ပြည်ပဆက်သွယ်မှု မရှိဖို့အတွက်က လိုအပ်ကောင်း လိုအပ်မယ်။ အစိုးရအာဏာရပြီးသွားရင်တော့ နိုင်ငံတော်နဲ့ ပတ်သက်သွားတာကိုး။ နိုင်ငံရေး ပါတီတစ်ခုကို ပြည်ပအဖွဲ့အစည်း ပြည်ပအစိုးရတစ်ခုက လက်သပ်မွေးပြီးမှ မြန်မာ့နိုင်ငံရေးကို ဝင်ရှုပ်တာကို အုပ်ချုပ်ကြတာနဲ့ပတ်သက်လို့ ခုန ကလို ကြိုးကိုင်ခြယ်လှယ်တာတို့ မဖြစ်ဖို့အတွက်လည်း အဲ့လိုဥပဒေတွေကို ပြဋ္ဌာန်းထားတာမျိုးဖြစ်ကောင်းဖြစ်နိုင်တာပေါ့ဗျာ။
ဒါပေမယ့် အခုက ပွင့်ပွင့်လင်းလင်း ပြောရမယ့် ကာလပေါ့ဗျာ။ စစ်ရေးက အဓိကဖြစ်နေတဲ့ ကာလမှာ နိုင်ငံရေး ကဏ္ဍကို ဖွင့်ဖို့လိုအပ်ရင် နိုင်ငံရေးကဏ္ဍဆိုတာ ကျယ်ပြန့်ပါတယ်။ လူထုဆီက အသံလည်းပဲ နားစွင့်ရသလို စစ်ရေးနဲ့ ပတ်သက်လို့လည်း နားစွင့်ရပါတယ်။ နိုင်ငံတကာ သံတမန်ဆက်သွယ်မှု ဥစ္စာကိုလည်း နားစွင့်မှု အလေ့ အကျင့်လေး လုပ်ရတာပေါ့။ လောလောဆယ် နိုင်ငံရေးပါတီများကို နောက်အစိုးရလုပ်ငန်းများကို ဆောင်ရွက်မယ့် ပါတီများလို့ပဲ အလေးအနက် အသိအမှတ်ပြုသိပါတယ်။
အဲ့ဒီတော့ ဥပဒေက နိုင်ငံရေးပါတီများကလည်း အလေ့အကျင့် လိုတယ်လေ။ သံတမန်နဲ့ တွေ့တာပြုတာ မိမိရဲ့ နိုင်ငံရေးအမြင် သူ့ရဲ့နိုင်ငံရေးအမြင် မြန်မာနိုင်ငံအပေါ်မှာ သူတို့ရဲ့စေတနာ သူတို့ရဲ့ ခုနကလို ဘာခေါ်မလဲဗျ စေတနာရှိရင် ဝေဒနာလည်းပေးနိုင်တယ် စသဖြင့်ပေါ့ဗျာ။ ကောင်းခြင်းဆိုးခြင်းကို နိုင်ငံရေးပါတီများဘက်ကနေ လေ့လာဖို့ လိုအပ်တာပေါ့။ ဆောင်ရန်ရှောင်ရန်တွေပေါ့။
- အဲ့တာကြောင့်မို့လို ပါတီစုံဒီမိုကရေစီကိုသွားမယ် ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ် န်ုင်ငံရေးပါတီများ အနေနဲ့ ပြည်ပ အဖွဲ့အစည်းများ ပြည်ပသံတမန်များနဲ့ တွေ့ဆုံခြင်း ဆွေးနွေးခြင်း ဖလှယ်ခြင်းကို မကန့်သတ်အပ်ဘူးဗျ မကန့်သတ်သင့်ဘူး။ ခုနက ပြောသလိုပေါ့ ငွေရေးကြေးရေးနဲ့ ကြိုးကိုင်မှုတို့ လက်သတ်မွေးမှုတို့ မရှိအောင်လို့ သေချာပြဋ္ဌာန်းထားတယ်။ လောလောဆယ်တော့ ဟုတ်ပါတယ်။
-
- မေး။ ။ ဟုတ်ဗျ။ နောက်တစ်ခုက အခု နစက ကျင်းပမယ့် လာမယ့် ရွေးကောက်ပွဲဟာ ဒီတိုင်းပြည်အတွက် နိုင်ငံရေးထွက်ပေါက်ဖြစ်လားပေါ့၊ တချို့ကတော့ နစကအတွက်ပဲ နိုင်ငံရေးထွက်ပေါက်ဖြစ်ပြီး တိုင်းပြည်အတွက် ကတော့ အကျိုးမရှိဘူးဆိုပြီး သုံးသပ်မှုတွေလည်း ရှိနေတယ်။ ဒီအပေါ်မှာ ဘယ်လိုမျိုး သုံးသပ်မိပါလဲ။
- ဖြေ ။ ။ ထွက်ပေါက်ဆိုတာ နှစ်ဖက်အတွက် အကျိုးရှိအောင် ကျနော်တို့ ဆောင်ရွက်ပေးကြရမှာပေါ့။ နစကအတွက်လည်းပဲ ထွက်ပေါက်ကောင်း ဖြစ်ပါစေ။ ပြည်သူလူထု တစ်ရပ်လုံးအတွက်လည်း ထွက်ပေါက် ကောင်းဖြစ်ပါစေ။ ပြည်သူလူထုဆိုတဲ့ နောက်မှာ ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ နိုင်ငံရေး စည်းရုံးရေး စသဖြင့် လုပ်နေတဲ့ နိုင်ငံရေးပါတီများ ကဏ္ဍလည်း ပါတာပေါ့။
ဒီမိုကရေစီအရေး တောင်းဆိုကြသူများ (ဖရွန်တီးယားမြန်မာ)
- နှစ်ဖက် အကျိုးပြုမယ့် ထွက်ပေါက်ကောင်းဖြစ်အောင်လို့ဖြင့် ကျနော်တို့ ကြိုးစားတည်ဆောက်ပေးရမှာ ပေါ့ဗျာ။ ဒါက လိုအပ်ချက်ကို ပြောတာပါ။ လာမယ့်ရွေးကောက်ပွဲ ဆိုတာကို တွေးရင် ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့်တွေးတယ်ဗျ။ အဲ့ဒါကြောင့် အချက်အလက်တွေ နည်းနည်းလေး အခြေပြုပြီးမှ တွေးကြ တာပေါ့။
- အဲ့တော့ လာမယ့် ရွေးကောက်ပွဲသည် SAC အတွက် ထွက်ပေါက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထား ချက် ထွက်ပေါက်ဆိုရင် ကျနော်တို့ လူထုတစ်ရပ်လုံး လက်ရှိ ပဋိပက္ခအားလုံး စစ်ရေး နိုင်ငံရေးပဋိပက္ခ အားလုံး မြန်မာနိုင်ငံတော် တစ်ခုလုံးရဲ့ ထွက်ပေါက်အဖြစ် ပြောင်းလို့ မရဘူးလားဆိုတာကို စဉ်းစားပြီးမှ ကျနော်တို့ ထွက်ပေါက်ကောင်းဖြစ်အောင် ဖန်တီးပေးကြဖို့လိုတာပေါ့။
- အဲ့တော့ ခဏခဏတော့ သူများတွေနဲ့ မေးရင်လည်း ပြောပါတယ်။ ကျနော်တို့ အခုလွတ်လပ်ရေးရတာ ၇၅ နှစ် လာမယ့်ကာလမှာ ပြည့်တော့မယ်လို့ ပြောကြတာကိုး။ ၇၅ နှစ်ဆိုတဲ့ အသက်ဟာ လူ့အသက်နဲ့ တွက်ရင် နောက်ဆုံး အရွယ်ပေါ့ဗျာ။ အလွန်တရာ အိုမင်းတဲ့ အရွယ်ဖြစ်သွားပြီလေ။ ဒီကာလအထိ လက်ရှိ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ပြဿနာကို လာမယ့်ရွေးကောက်ပွဲ အလွန်ကာလမှာ ဖြေရှင်းနိုင်အောင် ကျနော်တို့ အားစိုက်ကြမှာလားဆိုတာ တစ်ခု သို့မဟုတ် ဒီပြဿနာကိုပဲ ထပ်ပြီးတော့ နှစ်ပေါင်းဆယ်ချီပြီးတော့ ရာစု သို့မဟုတ် ဆယ်စုချီပြီးမှ ထပ်ပြီးတော့ သံသရာလည်ပတ်အောင် ဆက်ပြီးပေးကြမှာလား ဒါလေးက အခု ကာလလေးက ဒီထွက်ပေါက်လေးက ကျနော်တို့ အားလုံးအတွက် ထွက်ပေါက်ဖြစ်အောင် ဖန်တီးနိုင်မှာလား ဆိုတာ ကျနော်တို့ တွေးကြဖို့လိုတာပေါ့။
- အဲ့တာကြောင့် ကျနော်တို့ အများကိုလည်း ပြောပါတယ်။ သူများတွေနဲ့တွေ့ရင်လည်း ပြောတယ်။ သတင်းဌာန တွေ မေးရင်လည်းဖြေတယ်။ ကျနော်တို့ အခုလာမယ့် ထွက်ပေါက်ကို ကိုယ့်အတွက်ရော သူ့အတွက် ရော အကျိုးရှိအောင် ကျနော်တို့ ဖန်တီးပေးဖို့ ကြိုးစားတည်ဆောက်ပေးဖို့ လိုတယ်လို့ တွေးကြတာပေါ့ဗျာ။ အဲ့ဒီမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပေးထားချက်တစ်ခု ရှိတာပေါ့။ အဲ့တာကြောင့် ၂၀၂၀ ရွေးကောက် ပွဲ အကျပ်အတည်းအလွန်မှာ အခု SAC ဆိုတဲ့ ၂ နှစ်တာကာလ တာဝန်ယူ အုပ်ချုပ်ရတဲ့အပိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ပေးထားချက်အရ ဖြစ်လာတာပေါ့။
- အဲ့တော့ မြန်မာနိုင်ငံရဲ့လက်ရှိ နိုင်ငံရေး စစ်ရေးပြဿနာ အားလုံးကိုတွေးရင် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြဿနာဆိုတာကို အားလုံးနီးပါးလောက်က လက်ခံကြတယ်။ မြန်မာနိုင်ငံ ဆက်လက် တည်ရှိအောင်ကြိုးစားမှာလား ပြိုကွဲအောင် တမင်တကာ လိုက်ပြီးတော့ ကျနော်တို့ကိုယ်တိုင် က တွန်းအား ပေးကြမှာလား။ အဲ့ ၂ ခုကိုတွေးရင် အားလုံ နီးပါးလောက်က ပြိုကျ ပျက်စီးသွားတာကို လက်မခံဘူး မမြင်ချင် ဘူးဆိုတဲ့ဘက်က များမှာပါ။
- အဲ့တော့ ဘယ်လို တည်ဆောက်ပေးကြမှာလဲ လာမယ့် အခင်းအကျင်း တစ်နည်းအားဖြင့် အထွေထွေ ရွေးကောက်ပွဲနဲ့ အထွေထွေရွေးကောက်ပွဲ အလွန်မှာဆိုတာကို စဉ်းစားကြည့်ရင် ပထမတစ်ချက် က လက်နက်ကိုင် ပဋိပက္ခများရဲ့ စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာကြောင့် အမျိုးသား တန်းတူရေး မရှိလို့ ဖြစ်လာတယ်ဆိုတာကို ပထမဒီဟာက ပွင့်ပွင်းလင်းလင်း ပြောရင် နာတာရှည် မြန်မာ နိုင်ငံရဲ့ ပြဿနာကြီး ဘယ်လိုဖြေရှင်းမှာလဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာ ဖွဲ့စည်းပုံအခြေခံဥပဒေ အရပဲ ဖြေရှင်းရမယ်ဆိုတာ တစ်ခုပေါ်လာတာပေါ့။
- အဲ့တော့ ပြီးခဲ့တဲ့ တစ်နှစ်ခွဲ ကာလလောက်က ပေါ်လာခဲ့တဲ့ NUG၊ CRPH တို့၊ PDF တို့ကို ပြန်ကြည့်ရင်လည်း လတ်တလော နိုင်ငံတော်နဲ့ပတ်သက်တဲ့ အာဏာဆိုင်ရာ ပြဿနာပေါ့ဗျာ။ တို့ယူထားတဲ့ အာဏာကို သူယူသွားလို့ တို့ဆက်ယူရမယ့် အာဏာကို သူအတင်းယူသွားလို့ ဆိုတာနဲ့ အာဏာလွန်ဆွဲမှုတွေ ဖြစ်တာပေါ့။ ဟိုဘက် က identity လွန်ဆွဲပွဲပေါ့ဗျာ။
- အဲ့နှစ်ခုကြားမှာ လက်ရှိ ဖြစ်နေတဲ့အခါကျတော့ ဒီကာလကို ဘယ်လို ခုနပြောသလို ထွက်ပေါက် ကောင်း ကောင်း ဖြစ်အောင် ဖန်တီးကြမလဲဆိုတာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအရ ဖြေရှင်းပေးဖို့ လိုမယ်။ လက်တလောဖြစ်နေတဲ့ အာဏာဆိုင်ရာ ပြဿနာအရ ဖန်တီးပေးဖို့လိုမယ်။ အဲ့တော့ ၂၀၀၈ ပေးထားချက် အရ ၂ နှစ်တာကာလကို SAC က ဖြတ်သန်းရတဲ့ အတွက်ကြောင့် ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မဖြစ်ဖြစ်အောင် ဆောင်ရွက်ရမယ်။ SAC မှာ တာဝန်ရှိတယ်။ အဲ့ဒါကြောင့် ရွေးကောက်ပွဲသည် ၂၀၀၈ ရဲ့ ထွက်ပေါက်၊ SAC ရဲ့ထွက်ပေါက်၊ အာဏာဆိုင်ရာ ပြဿနာရဲ့ ထွက်ပေါက် ဖြစ်နိုင် မဖြစ်နိုင်ပေါ့ဗျာ။ အာဏာဆိုင်ရာ ပြဿနာရဲ့ ထွက်ပေါက် ဟုတ်နိုင် မဟုတ်နိုင်ပေါ့ဗျာ။ ဒါကတော့ အာဏာနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေဘက်က တွေးကြမှာပေါ့။
-
- ဒါကြောင့်လည်း 2020 election ကိုပဲ အသိအမှတ်ပြုတယ်၊ လာမယ့် ရွေးကောက်ပွဲကို အသိအမှတ် မပြုဘူးဆို တာကို နိုင်ငံကြီးများတွေက ဥပမာ US တို့လို နိုင်ငံကြီးတွေက ပြောလာတာပေါ့ဗျာ။ တချို့ အနောက်နိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံတော်တော်များများကလည်း အဲ့တာကို ပြောတာပေါ့။ ဆိုတော့ ရွေးကောက်ပွဲသည် တချို့အတွက် ထွက်ပေါက်မဟုတ်ဘူး ရွေးကောက်ပွဲကို ပိတ်ပင်မှ ဖြစ်မယ်ဆိုတဲ့ အင်အားပြိုင်ပုံတွေ ရှိလာ တာပေါ့။ ဒါ လက်ရှိ အနေအထားကို ပြောတာပါ။
- အဲ့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဿနာ၊ ဖွဲ့စည်းပုံကို ပြန်ပြီးတော့ ရေးတာဖြစ်ဖြစ် အသစ်လုပ်တာ ဖြစ်ဖြစ်ပေါ့။ လက်ရှိ ၇၅ နှစ်ကြာလာတဲ့ နာတာရှည် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ်။ ဆိုတာက အရင် ကတည်းက ဖြစ်နေတဲ့ပြဿနာ အခုအာဏာဆိုင်ရာပြဿနာက ရွေးကောက်ပွဲ မဖြစ်ဖို့လိုတယ်။ ရွေးကောက်ပွဲကို မလုပ်ဖြစ်အောင် အရင်ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ လိုတယ်ဆိုတဲ့ အင်အား အာဏာအရပြိုင်နေတဲ့ အင်အားစုလည်း ဖြစ်နေတာပေါ့။
-
- ဆိုတော့ အဲ့ နှစ်ခုကို ခင်ဗျားတို့ လိမ့်ပတ်လည်အောင် တွေးကြည့်ရင် ကျနော် ခုနကပြောတဲ့ ဒီထွက်ပေါက်ကို သူ့ဖက်ကိုယ့်ဖက် အကောင်းဘက်က ထွက်ပေါက်ဖြစ်အောင် ဖန်တီးဖို့ လိုတယ်ဆိုတဲ့ အခါမှာ ဘယ်လိုပဲ ဖြစ်ဖြစ် ၂၀၀၈ အခြေခံဥပဒေအရ SAC သည် ဒီထွက်ပေါက်က ထွက်မှာပဲ။ ဒီထွက်ပေါက်ကြောင့် ရွေးကောက်ပွဲ ကို ဖန်တီးပေးမှာပဲ။ အဲ့တော့ ရွေးကောက်ပွဲ မဖြစ်ခင်ရယ်၊ ဖြစ်လာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အဟလို့ ခေါ်တာပေါ့။ အတင်းအကြပ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း ဖြစ်တာပေါ့။
-
- အဲ့တော့ ခုံရုံးက ပြန်မေးရမယ်။ ရွေးကောက်ပွဲလုပ်တယ် ရွေးကောက်ပွဲမဖြစ်ရင် SAC တစ်နည်းအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ကို ဆက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအပ်ရမှာလား မအပ်ရတော့ဘူး လားဆိုတာကို ရွေးကောက်ပွဲအလွန်ကာလ ရွေးကောက်ပွဲ မဖြစ်ခင်ရယ် ဖြစ်လာမယ့် အခင်းအကျင်းပေါ့ဗျာ။ ခုနကလို ထွက်ပေါက်ကို မပေးလိုတဲ့ အင်အားစုများကြောင့် ထွက်ပေါက်ပိတ်အောင် ဖန်တီးရင် SAC သည် ဘာနဲ့ထွက်မှာလဲ။
-
- အခြေခံဥပဒေအရ နောက်ထပ် သက်တမ်းတိုးမှာလား တစ်နှစ်သွားမှာလား နှစ်နှစ်သွားမှာလား ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖျက်သိမ်းဘဲနဲ့ ဘယ်လောက်ထိ သွားနိုင်လဲဆိုတာကို အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပဲ ရွေးကောက်ပွဲ မဖြစ်ခင်ရယ်၊ ဖြစ်လာမယ့် အခင်းအကျင်းပေါ့ဗျာ။ ဒါကတစ်ခု သွားမယ်။ အဲ့တော့ ကျနော် ခုနကပြောတဲ့ ဥစ္စာကို ခင်ဗျားကို လိမ့်ပတ်လည်အောင် ဟိုဘက်ဒီဘက် ရောက်အောင် ပြန်ပြောရတာက အခြေခံဥပဒေဆိုင်ရာ ပြဿနာလို့ ကျနော်တို့က သုံးသပ်ရင် ခုနက ပြောတဲ့ နာတာရှည်နိုင်ငံရေးပြဿနာလို့ သုံးသပ်ရင် အဲ့တာကို ဖြေရှင်းဖို့အတွက် အခုရွေးကောက်ပွဲသည် ထွက်ပေါက်တစ်ခု ဖြစ်သလို အဲ့ဒီ ရွေးကောက်ပွဲကြောင့် ဖြစ်လာမယ့် လွှတ်တော် ရွေးကောက်ပွဲကြောင့် ဖြစ်လာမယ့် အစိုးရ အဲ့ဒီဟာ နှစ်ခု အတွက် အခုကတည်းက SAC သည် ရွေးကောက်ပွဲဟာ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲမှာ အားလုံးဝင်ပြိုင် နိုင်တယ် ဝင်ပြိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ အခင်းအကျင်းဖြစ်အောင် အခုကာလကစပြီး ဖန်တီးပေးရမှာပေါ့။
-
- SAC သည် ပျော့ပျောင်းတဲ့ ချဉ်းကပ်မှုနဲ့ ရွေးကောက်ပွဲကော်မရှင်သည် ပျော့ပျောင်းတဲ့ ချဉ်းကပ်မှုနဲ့ နိုင်ငံရေးပါတီများကဏ္ဍကို ညှိဖို့လိုတာပေါ့။ စစ်ရေးတင်းမာနေတဲ့ တော်လှန်းရေး အဖွဲ့အစည်းတွေအားလုံးနဲ့ ဆွေးနွေး ညှိနှိုင်းပြီးမှ လာမယ့် ကာလ ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မှာလဲ ရွေးကောက်ပွဲ အလွန်ကာလမှာ ဘာလုပ်မှာလဲဆိုတဲ့ political package တစ်ခုပေါ့ဗျာ။ အဲ့တာကို ဥပဒေက ရအောင်ယူထားနိုင်ဖို့ လိုအပ် တာပေါ့။
-
- အဲ့တာကို ယူထားပြီးမှ အခုကာလ လာမယ့်လွှတ်တော် လာမယ့်ကာလ အစိုးရပေါ့ဗျာ။ ရွေးကောက်ပွဲအလွန်မှာ ဖြစ်လာတဲ့ အခင်းအကျင်းအတွက် မြန်မာနိုင်ငံတစ်ခုလုံးနဲ့ ပတ်သက်တဲ့လူထု နိုင်ငံရေးပါတီ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို လာမယ့် အခင်းအကျင်း ကာလမှာ ဘာဘာဘာဆိုတာကို ကြိုပြီးချပြနိုင်ရင် တစ်နည်း အားဖြင့် နိုင်ငံရေးညှိနှိုင်းမှုတစ်ခုကို ဥပဒေက ညှိနှိုင်းပြီးမှ အဖြေရပြီဆိုတာကို ချပြနိုင်ခဲ့ရင် လာမယ့် ရွေးကောက်ပွဲသည် အားလုံးကလည်း လက်ခံနိုင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းများဘက်ကလည်း လိုလိုလားလား ဖြစ်တဲ့ နိုင်ငံရေးပါတီများ ဘက်ကလည်း လိုလားတဲ့ ထွက်ပေါက်တစ်ခု ဖြစ်သွားတာပေါ့။
-
- အဲ့လိုဖြစ်အောင် ကျနော်တို့ အခုကတည်းက ကြိုးစားဖို့လိုတယ်။ SAC ဘက်က ကြိုးစားဖို့လိုတယ်။ အဲ့တာ ခုနက political package ပေါ့၊ နိုင်ငံရေး ပဋိညာဉ်တစ်ခုကို ဒီရွေးကောက်ပွဲမတိုင်ခင်မှာ ဘာတည်ဆောက်မယ် အဲ့တာ အရေးကြီးတယ်။ အဲ့တာဖြစ်ဖို့ SAC ဘက်ကလည်း သဘောထား ပျော့ပျောင်းဖို့လိုတယ်။ ကြိုပြီးတွေး ဖို့ ကြိုပြီးမြင်ဖို့ လိုတယ်။
-
- ကျနော်တို့ တွေးတာကတော့ဖြင့် ရွေးကောက်ပွဲ အလွန်ကာလမှာ မြန်မာနိုင်ငံ လက်ရှိ ၇၅ နှစ်တာ ကြုံခဲ့ရတဲ့ အခင်းအကျင်း အားလုံးကို သုံးသပ်ပြီးမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကို သဘောပေါက်ပြီး မှ လက်နက်ကိုင် အဖွဲ့အစည်းများဘက်က လိုလားနေတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို သဘောပေါက် နားလည်ပြီးမှ ပြေလည်အောင် ဖြေရှင်းနိုင်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် တစ်ခုလို့ ပဲ နားလည်တယ်။
-
- အဲ့လို ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို လာမယ့်လွှတ်တော် လာမယ့်အစိုးရ ၅ နှစ်တာ သက်တမ်း ရွေးကောက်ပွဲအလွန် ဖြစ်လာမယ့်အစိုးရ ရွေးကောက်ပွဲအလွန်မှာ ဖြစ်လာမယ့်လွှတ်တော် ရေးဆွဲနိုင်အောင် အခုကတည်းက သဘောထား ထပ်တူကျတဲ့ political package ကို SAC က EAO နဲ့ နိုင်ငံရေးပါတီများနဲ့ တစ်ချက်ချင်း တစ်ချက်ချင်း သဘောတူညီချက်တွေကို ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ပြန်ပေးဖို့ လိုတယ်။
-
- အဲ့ဒီမှာ ဖွဲ့စည်းပုံလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ rigid ဖြစ်တာ အဲ့တာတွေကို သုံးသပ်ပြီးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တစ်ခုကို အားလုံးလက်ခံတဲ့ ဖွဲ့စည်းပုံစံဖြစ်အောင် ကာလတိုမှာ လာမယ့်လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းတဲ့ ဥပဒေကိုပြဋ္ဌာန်းပြီးမှ ရေးဆွဲခိုင်းတာနဲ့ အတည်ပြုတာပေါ့ဗျာ။ နိုင်ငံ ရေးထဲက တပ်မတော် နောက်ဆုတ်တာပေါ့ဗျာ။
ဒီမိုကရေစီအရေး တောင်းဆိုကြသူများ (ဖရွန်တီးယားမြန်မာ)
- လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့အတွက် EAO များ အားလုံးသည်လည်းပဲ လက်နက်ကို စွန့်တာပေါ့ဗျာ။ အဲ့တော့ ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ဘယ်လို တည်ဆောက်မယ်ဆိုတဲ့ package တစ်ခုပေါ့။ အဲ့ဒါကို ဒီကာလကစပြီးတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ ညှိနှိုင်းတိုင်ပင်နိုင်တဲ့ အချက်အလက်အားလုံးကို ပြည်သူလူထုသိအောင် ကမ္ဘာကသိအောင် SAC နဲ့ သဘောတူညီမှုတစ်ခု လုပ်နိုင်မယ်ဆိုရင်တော့ ရွေးကောက်ပွဲ သည် SAC အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထွက်ပေါက်ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သည်လည်းပဲ ပြည်ထောင်စုတစ်ခုလုံးအတွက် foundation တစ်ခုဖြစ်သွားတာပေါ့။
-
- ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အရ လာမယ့် နိုင်ငံအသစ် ပြည်ထောင်စုအသစ်ကို ဘယ်လိုသွားမယ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံကို ဘယ်လိုသွားမယ်ဆိုတဲ့ ထွက်ပေါက်တစ်ခုဖြစ်အောင် ကျနော်တို့ အားလုံးက ကြိုးစားတည်ဆောက်နိုင်မယ်ဆိုရင် လက်နက်ကိုင်နွံထဲကနေ တပ်မတော်ကလည်း နောက်ဆုတ်သွားနိုင်တယ်။ န်ုင်ငံရေးထဲမှာ ပါလာတဲ့ နွံထဲမှာပါလာတဲ့ တပ်မတော်ရဲ့ နိုင်ငံရေးဦးဆောင်မှုက လည်း နောက်ကို ရောက်သွားနိုင်တယ်။
-
- လက်နက်ကိုင် ပဋိပက္ခနဲ့ နိုင်ငံရေးကို စစ်ရေးနဲ့ တည်ဆောက်ကြတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း များ အားလုံးရဲ့ အမျိုးသားတန်းတူရေး ကိုယ်ပိုင်အုပ်ချုပ်ရေး ပြဋ္ဌာန်းနိုင်ခွင့်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ် တစ်ခုကို ရေးဆွဲ ပြဋ္ဌာန်းပြီးမှ သူတို့လည်း လက်နက်စွန့် သွားနိုင်တယ်။ အဲ့လို အခင်းအကျင်းဖြစ်အောင် အခုကတည်းက တည်ဆောက်နိုင်ရင် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန်သည် သူ့ဘက်ကိုယ့်ဘက် ထွက် ပေါက် ကောင်းတစ်ခု ဖြစ်သွားနိုင်တယ်။
-
- SAC အတွက် ထွက်ပေါက်ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ထွက်ပေါက်လည်း ဖြစ်သွားနိုင်တာ ပေါ့။ နောက် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ပြည်ထောင်စုတစ်ခုလုံးရဲ့ ထွက်ပေါက်လည်း ဖြစ်သွားနိုင်တာပေ့ါ။
-
- အဲ့တော့ ကျနော်တို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့လည်း လာမယ့်ကာလမှာ ပြည်ထောင်စု တစ်ခုလုံးနဲ့ ပတ်သက်တဲ့ ပဋိပက္ခအားလုံးကို ချုပ်ငြိမ်းနိုင်မယ့် တစ်ခုတည်းသော ဥစ္စာသည် အားလုံး လက်ခံ တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုလို့ ယုံကြည်ပြီးတော့မှ ရေးဆွဲခဲ့မယ်ဆိုရင် စတုတ္ထမြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ့ဗျာ။
-
- ဒါကြီးက ၇၅ နှစ်တာ ပြည်တွင်းစစ်မီး အဟုန်ကို ချုပ်ငြိမ်းနိုင်မယ် လွတ်လပ်ရေး အရသာကို အားလုံးခံစား နိုင်အောင် ဒီမိုကရေစီ ဖက်ဒရယ်အရသာကို ခံစားနိုင်အောင် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ထွက်ပေါက် ကောင်း တစ်ခုအားလုံးအတွက် ဖြစ်သွားတာပေါ့။ ဒါသုံးသပ်တာပါ။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1716
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့များကို ငွေကြေးထောက်ပံ့ ကူညီပေးခြင်းများ ပြုလုပ်သည်ဟုဆိုကာ မြန်မာသူရကျောက်မျက်ကုမ္ပဏီ ပိုင်ရှင်ကိုကျော်သူရကို ဖမ်းဆီးလိုက်ပြီး ၎င်း၏ ပိုင်ဆိုင်မှုများအား ချိတ်ပိတ်၍ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း နစက-က သြဂုတ် ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇ ရက်က PDF အဖွဲ့များကို ငွေကြေးထောက်ပံ့ပေးနေသူ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်နေ မွန်သူအောင်ကို ဖမ်းဆီးရမိခဲ့ကြောင်၊ မွန်သူအောင်သည် မြန်မာသူရကျောက်မျက်ကုမ္ပဏီ၌ ယာဉ်မောင်းအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း၊ မြန်မာသူရကုမ္ပဏီပိုင်ရှင် ကိုကျော်သူရသည် PDF အဖွဲ့များအား ငွေကြေးအမြောက်အများ ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း ထွက်ဆိုခဲ့သည်။
ထို့နောက် သြဂုတ် ၁၇ ရက်တွင် ကိုကျော်သူရအား ချမ်းအေးသာစံမြို့နယ်၊ ဇေယျာသီရိလမ်းသွယ်၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီခြံဝန်းအတွင်းရှိ နေအိမ် အိပ်ခန်းအတွင်းမှ Sigsauer မစ္စတို ၁ လက်၊ ၎င်းကျည် ၁၂ တောင့်၊ ကျည်အိမ် ၂ ခုတို့အား သိမ်းဆည်းရမိခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နစက ထုတ်ပြန်ချက်
မြန်မာသူရကျော်မျက်ကုမ္ပဏီပိုင်ရှင် ကိုကျော်သူရသည် ဆန္ဒလှုပ်ရှားသူများ၊ CDM ဝန်ထမ်းများ၊ PDF အဖွဲ့များ ကို စုစုပေါင်း ငွေကျပ် ၆၁၅၀ သိန်း၊ ALPHARD ကား ၁ စီး၊ အမေရိကန်ဒေါ်လာ ၁၀၀၀၀၊ တရုတ်ယွမ်ငွေ ၁၉၀၀၀ ထောက်ပံ့ခဲ့ကြောင်း နစက-က ထုတ်ပြန်လာခဲ့သည်။
ထို့ကြောင့် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၃၃ လမ်းနှင့် ၅၂ လမ်းထောင့်ရှိ မြန်မာသူရကျောက် မျက်ကုမ္ပဏီနှင့် နေအိမ်ခြံဝန်းအတွင်းရှိ အဆောက်အဦ ၄ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၅ စီးလည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်၊ ၈၈(ဘီ)လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ အဆောက်အဦ ၃ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၂ စီး၊ မီးစက် ၂ လုံး၊ ကျောက်စိမ်းဖြတ်သားမျိုးစုံ တန် ၈၀ ခန့်ကို လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တသီရိရပ်ကွက်၊ စစ်ကိုင်းလမ်းနှင့် သဇင်(၆)လမ်းထောင့်ရှိ ခြံဝန်းနှင့် အဆောက်အဦ ၁ လုံးကိုလည်းကောင်း ချိတ်ပိတ် သိမ်းဆည်းခဲ့သည်။
အလားတူ ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု၊ ကျောက်မျက်ကွက်သစ်၊ လုံးခင်းလမ်းရှိ ခြံဝန်းနှင့် အဆောက် အဦ ၂ လုံးကိုလည်းကောင်း၊ ကချင်ပြည်နယ်။ မြစ်ကြီးနားမြို့၊ ရွှေအိုက်ရပ်ကွက်၊ ရွှေလမ်းမကြီးဘေး၊ A လမ်း နှင့် B လမ်းကြားရှိ ခြံဝန်းနှင့် အဆောက်အဦ ၁ လုံးကိုလည်းကောင်း၊ ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာ သူရကျောက်မျက် ကုမ္ပဏီခြံဝန်းအတွင်း၌ အဆောက်အဦမျိုးစုံ ၁၈ လုံး၊ ကျောက်စိမ်း ဖြတ်သားနှင့် အရိုင်းတုံး မျိုးစုံ ၁၉၃ တန်၊ မီးခံသေတ္တာ ၂ လုံး၊ MITSUBISHI အမျိုးအစားပစ္စည်းတင် မော်တော်ယာဉ် ၁ စီးကိုလည်း ကောင်း ချိတ်ပိတ်၍ နိုင်ငံတော်ပိုင် အဖြစ် သိမ်းဆည်းခဲ့သည်။
နစက ထုတ်ပြန်ချက်
ထို့နောက် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာရှိ ၁၀ ဧက ကျယ်ဝန်းသည့် ကုမ္ပဏီလုပ်ကွက်နှင့် အဆောက်အဦမျိုးစုံ ၇ လုံး၊ ကျောက်ဖောက်စက် ၄ လုံး၊ ကျောက်ဖြတ်စက် အကြီး ၄ လုံး၊ ကျောက်ဖြတ်သား တန် ၃၀ ၊ မြေသယ်ယာဉ်မျိုးစုံ ၁၄ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ဘက်ဟိုးယာဉ် ၅ စီးကို လည်းကောင်း နိုင်ငံတော်ပိုင်အဖြစ် ထပ်မံ သိမ်းဆည်းခဲ့သည်။
ထို့ကြောင့် မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ကိုကျော်သူရ ပိုင်ဆိုသည့် နေအိမ်၊ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် သိန်းပေါင်း ၁၁၈၄၄၉ ခန့် ရှိကြောင်း သိရသည်။
ကိုကျော်သူရ၏ ထွက်ဆိုချက်အရ ကျောက်မျက်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် အခြား စီးပွားရေး လုပ်ငန်းရှင် များလည်း ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသဖြင့် ကွင်းဆက် တရားခံများအား ဆက်လက် ဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေအရ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 911
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၁
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက် တစ် အစည်းအရုံး(LDU)မှ ခေါင်းဆောင်များသည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် သြဂုတ် ၂၁ ရက်က နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် တွေ့ဆုံ ဆွေးနွေးမှုကို သြဂုတ် ၂၂ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က ALP မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
PNLO အဖွဲ့ကို ဥက္ကဋ္ဌဖြစ်သူ ခွန်သူရိန်က လည်းကောင်း၊ ALP အဖွဲ့ကို ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက လည်းကောင်း၊ LDU အဖွဲ့ကို အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်က လည်းကောင်း ဦးဆောင် လာခဲ့ ကြောင်း သိရသည်။
ယခု တွေ့ဆုံ ဆွေးနွေးမှုသည် နစက၏ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က PNLO မှ ဒုဥက္ကဋ္ဌ ခွန်ထွန်းတင် နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
ပထမအကြိမ် ငြိမ်းချမ်းရေး တွေ့ဆုံမှုကို ဇွန်လ ၁၃ ရက်နေ့က ALP မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌကြား လည်းကောင်း၊ ဇွန်လ ၁၅ ရက်နေ့က PNLO မှ ဒုဥက္ကဋ္ဌ ခွန်ထွန်းတင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌကြား လည်းကောင်း၊ ဇူလိုင် ၇ ရက်နေ့က LDU မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သော ကိုယ်စားလှယ်နှင့် နစကဥက္ကဋ္ဌကြား လည်းကောင်း အသီးသီး တွေ့ဆုံ ထားပြီး ဖြစ်သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1365
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၁
ကယား(ကရင်နီ)ပြည်နယ်၊ ရှားတောမြို့နယ်အတွင်းရှိ ရှမ်း-ကယားနယ်စပ်က မြန်မာ့တပ်မတော်၏ ခြေကုပ် စခန်းတစ်ခုကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) B17-B14 တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သြဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ စခန်းသည် မြန်မာ့တပ်မတော်၏ ခြေကုပ်စခန်းပွိုင့်အမှတ် ၅၃၅၀ (ဒေသအခေါ် တငူးဆို စခန်း)ဟု ကရင်နီတပ်မတော်(KA)၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
၎င်းထုတ်ပြန်ချက်တွင် “စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။ စစ်အာဏာသိမ်းပြီးနောက် ရှားတောမြို့နယ်အတွင်း စကစ ကြားစခန်း အပါအဝင် ခြေကုပ်စခန်း(၈)ခု သိမ်းပိုက်ရရှိခဲ့ပါသည်”ဟု ဖော်ပြထားသည်။
ယခု ဖြစ်စဉ်နှင့်ပတ်သက်ပြီး နစကဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အသိမ်းခံလိုက်ရတဲ့ မြန်မာ့တပ်မတော်စခန်း (Karenni Army Center-Kn.A.C)
KNDF သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာသော နွေဦးတော်လှန်ရေးကနေ တပ်မတော် ဖြုတ်ချရေးအတွက် ပေါ်ပေါက်လာသော ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။ KA ကတော့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ စစ်ရေး လက်အောက်ခံ အဖွဲ့အစည်း ဖြစ်သည်။
လက်ရှိတွင် ကယားပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် KA- KNDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသူများလည်း ရှိသလို နေအိမ်များ မီးလောင် ပျက်စီး ဆုံးရှုံးမှုများလည်း ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 863
CNI Internaional News
လန်ဒန်၊ ဩဂုတ် ၂၀
ရုရှားသည် ယူကရိန်းကို ကျူးကျော်ခဲ့ခြင်းကြောင့် နိုင်ငံပေါင်း ၂၀ ပါဝင်သည့် G-20 အုပ်စုအစည်းအဝေးသို့ တက် ရောက်ခွင့် မရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ်လ ၁၉ ရက်တွင် ပြောကြား ခဲ့သည်ဟု ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။
“ယူကရိန်းမှာ ရန်လိုမှု ဆက်ရှိနေတဲ့အတွက် ရုရှားဟာ G-20 အစည်းအဝေး တက်ခွင့်မရှိပါဘူး” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
“G-20 အစည်းအဝေးမှာ ရုရှားရဲ့ သက်ရောက်မှုတွေကို ထည့်စဉ်းစားဖို့ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းချက်ကို ကြိုဆိုပါတယ်။ ထို့အတူ G-20 ထိပ်သီး အစည်းအဝေးကို သမ္မတ ဇာလန်းစကီး ကိုယ်စားပြုပြီး ယူကရိန်းတက်မယ့် အလားအလာကိုလည်း ကြိုဆိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါ ထိပ်သီး အစည်းအဝေးကို လာမည့် နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ မည်ဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ တက်ရောက်ကြမည်ဟု သိရသည်။
ဗြိတိန် ဝန်ကြီးချုပ်အဖြစ် ဘောရစ်ဂျွန်ဆင်၏ နေရာကို အစားထိုးရန် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း နှစ်ဦး အနက်မှ တစ်ဦးဖြစ်သူ ရီရှီဆန်းနက်က “မော်စကိုအနေဖြင့် ယူကရိန်းစစ်ပွဲ ရပ်တန့်သွားချိန်အထိ ပူတင်ကို အစည်းအဝေးများ တက်ရောက်ခြင်းမှ တားမြစ်ရန်” G-20 အုပ်စုဝင်နိုင်ငံများအား တောင်းဆိုခဲ့သည်။
G-20 အစည်းအဝေး
“ကျနော်တို့ G-20 မိတ်ဖက်နိုင်ငံတွေ၊ မဟာမိတ်တွေအနေနဲ့ ပူတင်ရဲ့ စက်ဆုပ်စရာကောင်းတဲ့ အပြုအမူကို စုပေါင်း ဖော်ထုတ်ကြဖို့ တာဝန်ရှိပါတယ်။ ယူကရိန်းမှာ သူ့ရဲ့ တရားမဝင်စစ်ပွဲကို မရပ်မချင်း (G-20 အစည်း အဝေး) စားပွဲဝိုင်းမှာ ဝင်ထိုင်ခွင့် မရှိဘူးဆိုတာ ပူတင်ဆီကို အသိပေးလိုပါတယ်” ယခင်ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီး ဟောင်းဖြစ်ခဲ့သူ ရီရှီဆန်းနက်၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ချခဲ့သည်။
ဘောရစ်ဂျွန်ဆင် နေရာအတွက် ယှဉ်ပြိုင်နေသူ လက်ရှိ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ် (Liz Truss) ကတော့ “အိန္ဒိယနှင့်အင်ဒိုနီးရှားတို့လို မဟာမိတ်နိုင်ငံများ၏ ရှေ့မှာ ပူတင်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ အရေးကြီးကြောင်း” ယခင်ဇူလိုင်လ သူမ၏ သဘောထား မှတ်ချက်များကို ကိုးကားပြီး ထပ်မံပြောကြားခဲ့သည်။
“ကျမ အဲဒီ အစည်းအဝေးတက်မယ်။ အဲဒီမှာ ပူတင်ကို ပြောမယ်” ဟု ယခင် ဇူလိုင် ၂၅ ရက်၌ ရုပ်သံလိုင်း ထုတ်လွှင့်ခဲ့သည့် စကားစစ်ထိုးပွဲတွင် လစ်ဇ်ထရက်ဇ်က မှတ်ချက်ပေးခဲ့သည်။
G-20 အစည်းအဝေးသို့ တက်ရောက်ရန် ရှီကျင့်ဖျင်နှင့် ပူတင်တို့ထံမှ မိမိ အတည်ပြုချက် ရပြီးဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက Bloomberg သတင်းဌာနသို့ ပြောကြားခဲ့သည်။
Source: Reuters, The Straits Times
- By CNI
- Category: နိုင်ငံရေး
- Hits: 812
CNI International News
ဝါရှင်တန်၊ ဩဂုတ် ၂၀
အမေရိကန်၏စုံစမ်းစစ်ဆေးရေးအဖွဲ့(FBI)ကို သမ္မတ ဂျိုးဘိုင်ဒန်၏ကိုယ်ရေးကိုယ်တာ ဂက်စတာပို ပုလိပ်များဟု အမေရိကန်နိုင်ငံသားအချို့အား ကောက်ယူခဲ့သည့် စစ်တမ်းတစ်စောင်သို့ ဝင်ရောက်ဖြေဆိုသူများက ရှုမြင်ခဲ့ကြ သည်ဟု အာရ်တီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ကာကွယ်ရေးဦးစီးချုပ်ဟောင်းအား စုံစမ်းစစ်ဆေးမှုအတွင်း ဗဟိုရဲဌာနနှင့်ပတ်သက်၍ သဘောကွဲလွဲမှုအမြင်များ ပိုမိုတိုးပွားလာခြင်းကို အဆိုပါစစ်တမ်းတွင် ထင်ဟပ်မှုရှိခဲ့သည်။
ဩဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် ရက်မက်ဆန် (Rasmussen) စစ်တမ်းတွင် FBI အပေါ် အမေရိကန် နိုင်ငံသားများ၏ သဘောထားကွဲလွဲမှုများကို အဓိကပြသခဲ့ပြီး ထရမ့်၏ဖလော်ရီဒါပြည်နယ်ရှိနေအိမ်ကို မကြာ သေးမီက ဝင်ရောက်စီးနင်းမှုအတွက် စစ်တမ်းဖြေဆိုသူ ၄၄ ရာခိုင်နှုန်းတို့က FBI အပေါ် ယုံကြည်ချက်များ ပျောက်ဆုံးစေခဲ့သည်။
သို့သော် ဖြေဆိုသူ ၂၉ ရာခိုင်နှုန်းတို့က FBI အပေါ် ၎င်းတို့ယုံကြည်မှုတိုးလာကြောင်း ပြသခဲ့ကြပြီး ကျန် ၂၃ ရာခိုင် နှုန်းကတော့ ထူးခြားမှုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
သမ္မတဟောင်း ဒေါ်နယ်ထရမ်း၏ နေအိမ်ကို FBI တပ်ဖွဲ့ဝင်များက ရှာဖွေစီးနင်းမှုများပြလုပ်နေစဉ်(ဓါတ်ပုံ-AP)
FBI ကို ပြည်တွင်းထိပ်ပိုင်းရှိ နိုင်ငံရေးလူရမ်းကားများဟု ပြောခဲ့သည့် ထရမ့်၏အကြံပေးဟောင်း ရော်ဂျာစတုန်း (Roger Stone) ၏ ယခင်မှတ်ချက်ဟောင်းကို စစ်တမ်းတွင် ထည့်သွင်းမေးမြန်းရာ FBI အပေါ် ဂျိုးဘိုင်ဒန်၏ ကိုယ်ရေးကိုယ်တာသုံး ဂက်စတာပိုရဲများအဖြစ် အသုံးချနေခဲ့ကြောင်း ဖြေဆိုသူအများစုဖြစ်သည့် ၅၃ ရာခိုင် နှုန်းက သဘောတူလက်ခံခဲ့ကြသည်။ ၎င်းတို့အထဲတွင် ၃၄ ရာခိုင်နှုန်းက ခြွင်းချက်မရှိ သဘောတူကြောင်း ပြသခဲ့ကြသည်။
အဆိုပါရာခိုင်နှုန်းသည် ပြီးခဲ့သည့်ဒီဇင်ဘာလ၌ ကောက်ယူခဲ့သော စစ်တမ်းမှ ၄၆ ရာခိုင်နှုန်းတက်လာသော်လည်း ၃၆ ရာခိုင်နှုန်းကတော့ ရော်ဂျာစတုန်း၏ စရိုက်လက္ခဏာကို မကြိုက်ကြောင်း ဖော်ပြခဲ့ကြသည်။ စစ်တမ်းရလဒ် များအနက် ရီပက်ဘလစ်ကန်ပါတီဝင် ၇၆ ရာခိုင်နှုန်းနှင့် ဒီမိုကရက်တစ်ပါတီဝင် ၃၇ ရာခိုင်နှုန်းတို့က ဂက်စတာရဲ ဟူသော အဆိုကို သဘောတူကြသဖြင့် နိုင်ငံရေးပါတီဝင်များထံမှ စစ်တမ်းရလဒ်များမှာ လုံးဝကွဲပြားသွားခဲ့သည်။
ထရမ့်၏ ဖလော်ရီဒါပြည်နယ်ရှိ နေအိမ်ကို FBI ဝင်ရောက်စီးနင်းမှုတွင် အိမ်ဖြူတော်ထံမှ ထရမ့်ယူထားသည့် စာရွက်စာတမ်းများကို ခွဲခြားသိမ်းဆည်းထားမှုအား အဓိကရှာဖွေခဲ့ခြင်းဖြစ်ပြီး အချို့မှတ်တမ်းများမှာ ထိပ်တန်း လျှို့ဝှက်ချက်များဖြစ်ကြောင်း၊ နျူကလီးယားလက်နက်ကိစ္စများပင် ပါဝင်နိုင်ခြေရှိကြောင်း FBI ဗျူရိုက မျှော်လင့် ခဲ့သည်ဟု အမေရိကန်အစိုးရတာဝန်ရှိသူများအချို့က ပြောကြားခဲ့သည်။
သို့သော် ယင်းသို့ရှာဖွေမှုအပြီး မည်သည့်အကြောင်းအရာများကို တွေ့ရှိကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း ပြောကြားခြင်း မရှိသေးကြောင်း၊ မကြာသေးမီက NBC မီဒီယာမှ ကိုးကားဖော်ပြခဲ့သော အမည်မဖော်လိုသူ သတင်းရင်းမြစ်၏အဆိုအရ FBI အေးဂျင့်များသည် ရှာဖွေသိမ်းဆည်းရမိသော မှတ်တမ်းဖိုင်များကို ခွဲခြားစိတ်ဖြာ ရန် အချိန်လိုအပ်သေးကြောင်း သိရသည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 1965
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် နမ့်တောင်ကျေးရွာရှိ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ (ဩဂုတ် ၂၀ ရက်) နံနက်ပိုင်း ၆ နာရီဝန်းကျင်က SNA ၏ ရှေ့တန်းစခန်းတစ်ခုကို KIA၊ PDF မှ အင်အား ၂၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း SNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက CNI သို့ ပြောသည်။
ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက “ဗန်းမောက်ဖက်မှာ ကျနော်တို့ SNA စခန်းတစ်ခုကို KIA၊ PDF က ဝင်တိုက်သွား တယ်၊ ဗန်းမောက်မြို့နယ်ထဲက နမ့်တောင်ကျေးရွာလို့ ပြောတယ်။ အဲဒီကျေးရွာရဲ့ ရွာမြီးပိုင်းဖြစ်မယ်။ ဟုတ် တယ်။ ရွာမြီးပိုင်းမှာ ကျနော်တို့ စခန်းတစ်ခုရှိတယ်။ အဲဒီရှေ့တန်း စခန်းငယ်လေးတစ်ခုကို ဒီနေ့ မနက်ဖြစ်မှာပေါ့။ ဒီနေ့ မနက်ပိုင်းမှာ လာတိုက်သွားတယ်လို့ ပြောတယ်။ KIA၊ PDF အင်အား ၂၀၀ လောက်ရှိတယ်တဲ့။ အဲဒီ ၂၀၀ လောက်ကနေပြီးတော့မှ သူတို့ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်သွားတယ်။ ကျနော်တို့ကြတော့ ရွာနဲ့ အရမ်းနီးတော့ လူထုထိခိုက်မှာစိုးလို့ ကျနော်တို့ ဒါလေး နောက်ဆုတ်ပေးလိုက်တယ်” ဟု ပြောသည်။
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်
အဆိုပါ စခန်းမှာ တပ်သား အင်အား ၁၀ ကျော်သာရှိသည့် ရှေ့တန်းစခန်းငယ် တစ်ခုသာဖြစ်ကြောင်း၊ ထိခိုက် ကျဆုံးမှုမရှိကြောင်း ၎င်းက ပြောသည်။
ဗန်းမောက်မြို့နယ်၊ နမ့်တောင်ကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများအားလုံး ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ပြတ်တောက်နေကြောင်း၊ ထို့ကြောင့် တိုက်ပွဲနှင့် ပတ်သက်၍ အသေးစိတ် မသိရှိသေးကြောင်း ဗန်းမောက် ဒေသခံတစ်ဦးဖြစ်သူ စိုင်းနောင်က CNI သို့ ပြောသည်။
၎င်းက “သူတို့ နှစ်ဖက် အထိအခိုက်ကတော့ ဘာမှ မကြားရသေးဘူး။ မနက်ပိုင်းလို့ ပြောတယ်။ မနက် ၆ နာရီလို့ ပြောတယ်။ ကျနော်ဟိုဖက်က ဖုန်းပြန်ဆက်တာကို စောင့်နေတာကြောင့်မို့လို့ သူ့ဆီကနေရရင်တော့ အတိအကျ တော့ရမယ် သတင်းက။ အခုလောလောဆယ် ကျနော် ခုနပြောသလိုပေါ့၊ ကျနော် ဂဃနဏလည်း မသိသေးတဲ့ အခါကြတော့ ဘာမှ မပြောနိုင်သေးတာပေါ့” ဟု ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ KIA မှ တာဝန်ရှိသူထံ CNI က ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း အပြင်ရောက် နေသောကြောင့် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း စာပို့အကြောင်းပြန်ခဲ့သည်။
KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကိုတွေ့ရစဉ်
အလားတူ ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအနီးရှိ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ၏ ရှေ့တန်း တပ်စခန်းတစ်ခုကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
SNA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသို မြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အပါအဝင် ကချင် ပြည်နယ်၊ မိုးညှင်း မြို့နယ်၊ မိုးကောင်းမြို့နယ် တို့တွင် လှုပ်ရှားလျက် ရှိသည်။
ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1421
CNI International News
ရန်ကုန်၊ ဩဂုတ် ၂၀
ဖြုတ်ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးများတွင် စစ်ဆေးမှုများအပြီး၌ အာဏာသိမ်းမှု အကျပ်အတည်း အဆုံးသတ်ရန်အတွက် စေ့စပ်ညှိနှိုင်းဖို့ လမ်းဖွင့်ထားကြောင်း မြန်မာစစ်တပ်အကြီးအကဲက ဩဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု AFP သတင်းကို ကိုးကား၍ CNA ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အသက် ၇၇ နှစ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု၌ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ ဖြုတ်ချခြင်း၊ ထိန်းသိမ်းခြင်း ခံခဲ့ရသည်။
သူမကို စွဲချက်တင်ပြီး ထောင်ဒဏ် ၁၇ နှစ် ချမှတ်ထားခဲ့သည်။ စစ်တပ်အုပ်ချုပ်မှုအောက်ရှိ တရားရုံးတွင် ထောင် ဒဏ် ဆယ်စုနှစ်နှင့်ချီနိုင်သည့် အခြားသော စွဲချက်များကိုလည်း သူမအနေဖြင့် ဆက်လက် ရင်ဆိုင်နေရသည်။
“၎င်းအပေါ် ဥပဒေအရ တရားစီရင်မှုကိစ္စများ ပြီးဆုံးပြီးနောက် မိမိတို့လုပ်ဆောင်ချက်အပေါ် တုံ့ပြန်လာမှုများကို မူတည်၍ စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာချက် တစ်စောင်တွင် ပြောကြားခဲ့သည်။
တရားရုံးမှာ အမှုရင်ဆိုင်နေသော ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် (AFP)
တရားစီရင်နေမှုများကို သတင်းထောက်များ သတင်းယူခွင့် တားမြစ်ခြင်း၊ သူမ၏ရှေ့နေများက သတင်းမီဒီယာ များအပေါ် နှုတ်ဆိတ်နေခြင်းတို့ ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုမှုများ မည်သည့်အချိန်တွင် နိဂုံးချုပ်မည်ဆိုသည့် အလားအလာကိုမူ နစကဘက်မှ ထုတ်ပြောခြင်း မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် အကျင့်ပျက်ခြစားမှုဖြင့် ဥပဒေအတိုင်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော တောင်ကိုရီးယားသမ္မတ ပက်ချုံဟီး (Park Geun-hye) ၏ အမှုကိုလည်း ၎င်းက ကိုးကားဖော်ပြခဲ့သည်။
ပက်ချုံဟီးကိုတော့ နောက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွှတ်ပေးခဲ့ကြောင်း AFP က ဆက်လက် ရေးသားသည်။
ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်အပေါ် အခြားစွဲချက် ၇ ချက်တွင် အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုနှင့် ကိုလိုနီခေတ် တရားဝင် လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှု အပါအဝင် အခြားစွဲချက် အတင်ခံထားရသည့် ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ် (Sean Turnell) နှင့်လည်း ပူးတွဲ စွပ်စွဲထားသည်။
၎င်းတို့နှစ်ဦးစလုံးသည် အဆိုပါစွပ်စွဲချက်တွင် အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည်။
ရှောင်တာနဲလ်ကို ပြင်းထန်သော ပြစ်ဒဏ်ချမှတ်မှုအတွက် လုံလောက်သည့် သက်သေ အထောက်အထားများ ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
အသေးစိတ် အချက်အလက်များကို ဖော်ပြခြင်း မရှိသော်လည်း ဩစတြေးလျအစိုးရဘက်မှ အပြုသဘောဆောင် လုပ်ဆောင်ပါက ၎င်းအနေဖြင့် သက်ညှာနိုင်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။
Source: AFP, Channel News Asia
- By CNI
- Category: နိုင်ငံရေး
- Hits: 1561
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀
ကုလသမဂ္ဂအနေဖြင့် မည်သည့်အတွက်ကြောင့် မိမိတို့၏ လုပ်ဆောင်ချက်များအပေါ် အသိအမှတ် မပြုရသလဲ ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သြဂုတ် ၁၇ ရက်က နေပြည်တော်မှာ တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ အရေးပေါ် အခြေအနေ ကြေညာ၍ တပ်မတော်က တာဝန်ယူခဲ့ရပါသည်။ မြန်မာနိုင်ငံကို တရားဥပဒေ လမ်းကြောင်းအပေါ် လျှောက် လှမ်းနိုင်ရေး ပြန်လည် ဆောင်ရွက်နေသည့်အချိန်၌ ကုလသမဂ္ဂအနေဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များ အပေါ် အသိအမှတ် မပြုသည်ကို တွေ့ရှိရပါသည်။ ကုလသမဂ္ဂ အနေဖြင့် မည်သည့်အတွက်ကြောင့် အသိအမှတ် မပြု ခြင်းနှင့် ပတ်သက်၍ မေးခွန်းများရှိလာပါသည်။ ကုလသမဂ္ဂအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမပြုဟု ပြောကြားလျက်ရှိသော်လည်း မည်သည့်အတွက်ကြောင့် မိမိတို့၏ လုပ်ဆောင် ချက်များအပေါ် အသိအမှတ်မပြုသည့် အခြေအနေသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်ကို သိရှိလိုပါသည်”ဟု ပြော သည်။
စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို တွေ့ရစဉ် (ဖရွန်းတီးယားမြန်မာ)
အမေရိကန် အပါအဝင် အနောက်နိုင်ငံများက တပ်မတော်ကို မယုံကြည်သည့်အတွက် တပ်မတော်ဘက်က ဘာပဲပြောပြော အသိအမှတ် မပြုခြင်း ဖြစ်နိုင်ကြောင်း၊ ထိုအပေါ် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ပြီး တပ်မတော်ဘက်က သူတို့ကို အသိအမှတ် မပြုရခြင်း အကြောင်းအရင်းကို မေးခွန်းထုတ်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သို့ ပြောသည်။
ဦးရဲထွန်းက “သူ့ဘက်ကကျတော့ ဘာဖြစ်လို့ ဒီလိုပြန်ပြောရတာလဲဆိုတော့ နှိုင်းယှဉ်စရာက ထိုင်းနဲ့ သွားပြီး တော့ နှိုင်းလို့ရတာပေါ့။ ထိုင်းနဲ့ မြန်မာက အိမ်နီးချင်းနိုင်ငံဆိုတော့ ကျနော့်အမြင်ကတော့ ထိုင်းအာဏာသိမ်းတာကို အမေရိကန်တို့၊ အနောက် နိုင်ငံတို့က သိပ်ပြင်းပြင်းထန်ထန် မကန့်ကွက်ဘဲနဲ့ မြန်မာနိုင်ငံကျမှ တပ်က အာဏာသိမ်းတာကို ဒီလောက် ပြင်းပြင်းထန်ထန် ကန့်ကွက်တာ။ သူတို့ရဲ့ မူလ ဗီဇပေါ့နော်။ သူတို့ဗီဇကို အနောက်နိုင်ငံတွေက မယုံဘူး။ ထိုင်းရဲ့စစ်တပ်ကိုကျတော့ သူတို့မူလက လက်ခံထား တဲ့ ပုံစံက ဒီကောင်က ပရော်ဖက်ရှင်နယ် စစ်တပ်ပေါ့နော်။ သူတို့က တိုင်းပြည်မှာ လိုအပ်လို့သာ အာဏာကို ဝင်ထိန်းတာ သူတို့ တည်ဆောက်ခဲ့တဲ့ ဒီမိုကရေစီ စနစ်ကလည်း တော်တော်လေး အခြေကျနေပြီ။ အဲတော့ ခဏတဖြုတ်ပဲ ဝင်ထိန်းတာ နောက်တစ်ခုက ဒီတပ်က ဘာပဲဖြစ်ဖြစ် အနောက်ယိမ်းတဲ့ တပ်ပေါ့ဗျာ။အဲဒီလိုမျိုး ယူဆပြီးတော့ ဒီမြန်မာ့ တပ်မတော်ကိုကျတော့ သူတို့က အရင် ဆိုရှယ်လစ် စနစ်ကနေ ပေါက်ဖွားလာတဲ့ ကျနော်တို့ တစ်ပါတီ အာဏာရှင်စနစ်ပေါ့နော်၊ တစ်ပါတီ အာဏာရှင်စနစ်ကနေ ပေါက်ဖွားလာတဲ့ လက်ဝဲယိမ်း တဲ့ တပ်လို့ အဲဒီလို အမြင်ကနေပြီးတော့ ယုံကြည်မှု၊ သူတို့ရဲ့စကားကို ယုံကြည်မှု လက်ခံမှု ကွာသွားတယ်လို့ ကျနော်ကတော့ အဲလိုထင်တယ်”ဟု ပြောသည်။
မြန်မာ့တပ်မတော်ကို တွေ့ရစဉ် (EPA)
ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကတော့ မြန်မာနိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံ ဆွေးနွေး ကြစေလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးလိုကြောင်း၊ အကြမ်း ဖက်မှုများ ကို ရပ်ဆိုင်းသွားအောင် လုပ်ဆောင်ပေးလိုကြောင်း၊ သေဒဏ်အမိန့်ချမှတ်ထားသူများကို ဆက်လက်ပြီး သေဒဏ် ကျင့်သုံးမှု မပြုလုပ်စေလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးစေလိုကြောင်း ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မြန်မာနိုင်ငံ၌ အကျပ်အတည်းများစွာ ကြုံတွေ့ခဲ့ရသည့်အချိန်တွင် အဆွေတော်တို့ဘက်က နိုင်ငံရေးအရ ဖိအားများ ပေးခဲ့ခြင်း ဖြစ်ပါသည်။ အာဆီယံ အနေဖြင့် လည်းကောင်း၊ ကုလသမဂ္ဂ အနေဖြင့် လည်းကောင်း ဖိအား အမျိုးမျိုးပေးခဲ့ပါသည်။ မိမိတို့ဘက်မှ ပြန်လည်တင်ပြရန် ဆောင်ရွက်ခဲ့သော် လည်း မိမိတို့ဘက်မှ ကိုယ်စားလှယ်ကို လက်မခံခဲ့ပါ”ဟု ပြောသည်။
ထို့နောက် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ ပြောကြားချက်များသည် တစ်ဖက်သတ် ပြောကြားချက်များ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန်စေလိုသည့်အတွက် အပြု သဘောဆောင်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ နှင့် ဆက်ဆံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မစ္စနိုလင်းဟေဇာကို ပြောခဲ့သည်။
Page 72 of 136