CNI International News

ကိယက်ဗ်၊ မတ်လ ၁၀

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရန်လိုမှုများကို ရပ်တန့်လျက် စေ့စပ်ဆွေးနွေးရေး လုပ်မည်ဟု ယူဆကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ပြောကြားခဲ့သည်ဟု vice.com သတင်းဝက်ဘ်ဆိုက် ဖော်ပြသည်။

“သူနဲ့ ဆွေးနွေးဖြစ်မယ်လို့ ထင်ပါတယ်။ ကျနော်တို့ အားကောင်းတာ သူမြင်နေသားပဲ။ ဆွေးနွေးဖို့ သူလုပ်မှာပါ။ ကျနော်တို့မှာ အချိန်တစ်ခုတော့ လိုမယ်ဗျ” ဟု ဇာလန်းစကီးက Vice သတင်းမီဒီယာမှ ဘန်ဆော်လမွန်၊ အဒမ်ဒီစီ ဒါရွိင်ယိုတို့နှင့် မတ်လ ၉ ရက်၌ ကိယက်ဗ်မြို့တွင် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ရုရှားဘက်မှ အသေအပျောက် ၄,၀၀၀ ခန့်အထိ ရှိနိုင်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ရက်သတ္တပတ် နှစ်ပတ်ကြာ တိုက်ပွဲများအပြီး တွက်ဆခဲ့ပြီးနောက် ယခုကဲ့သို့ ဇာလန်းစကီး၏ သဘောထားမှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယူကရိန်းစစ်တပ်သည် ၎င်းထက် သာလွန်အင်အား ကောင်းသော ရုရှားတပ်ဖွဲ့ဝင်များကို ရှေ့သို့တိုး၍ ခုခံနိုင်ခြင်းကြောင့် နိုင်ငံတကာမှ စောင့်ကြည့်နေသူများကို အံ့အားသင့်စေခဲ့သည်။

ပူတင်သည် ယူကရိန်း၏ ခုခံနိုင်စွမ်းကို လျှော့တွက်ပြီး ရုရှား၏ ပြောင်ပြောင်တင်းတင်း ထိုးစစ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နေခဲ့ရာ ရုရှားစစ်တပ် အထိနာမည်ဟု အနောက်အုပ်စုနိုင်ငံများမှ လေ့လာသုံးသပ်သူများနှင့် စစ်ရေးစောင့်ကြည့်သူများက ပြောကြ သည်။

ယူကရိန်း-ရုရှားစစ်ပွဲရပ်တန့်ရေး ငြိမ်းချမ်းရေးသရုပ်ဖော်(AP)

မတ်လ ၉ ရက်တွင် ဇာလန်းစကီးက “မိမိတို့ တက်ကြွနေမှုသည် စေ့စပ်ညှိနှိုင်းရေးမှတစ်ဆင့် ယခုပဋိပက္ခကို ပြန်လည် သုံးသပ်ရန်နှင့် ပဋိပက္ခ အဆုံးသတ်စေရေးတို့အတွက် ပူတင်အပေါ် တွန်းအားပေးလိမ့်မည်ဟု ယုံကြည်ထားကြောင်း” ဆက်လက် ပြောကြားခဲ့သည်။

“ပူတင်ကို ခင်ဗျား ယုံသလား” ဟု Vice မီဒီယာက မေးမြန်းခဲ့ရာ ဇာလန်းစကီးက “ပူတင်ကို ယုံရမှာလားဗျာ။ ကျနော့် မိသားစုကိုပဲ ယုံတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် ဇာလန်းစကီးက အင်္ဂလိပ်ဘာသာဖြင့် “ ဒီစစ်ပွဲကို ဘယ်လို ရပ်မလဲ။ တွေ့ဆုံဆွေးနွေးရေး တစ်နည်းပဲရှိတယ်လေ” ဟု ဖြည့်စွက်ဖြေကြားခဲ့သည်။

ဇာလန်းစကီးက ပူတင်ထံသို့ ယခုပြောချင်သည့် သတင်းစကား(မတ်ဆေ့ချ်)မှာ “စစ်ပွဲရပ်ပါ။ စကား စပြောပါ။ ဒါပါပဲ” ဟု Vice မီဒီယာက ဆက်လက်ဖော်ပြသည်။

လတ်တလော အနေအထားတွင် ရုရှားနိုင်ငံဘက်မှ အလယ်အလတ်ကျသည့် တောင်းဆိုမှုများကို ဆွေးနွေးကြဖို့ ယူကရိန်းကို ပွင့်ပွင့်လင်းလင်း ပြောလာခဲ့ကြောင်း မတ်လ ၉ ရက်၌ ဇာလန်းစကီး၏ လက်ထောက်တစ်ဦးက ရှင်းပြခဲ့သည်။

သို့သော် မည်သည့်နယ်မြေကိုမှ ပေးအပ်ရန် ယူကရိန်းက သဘောတူမည် မဟုတ်ကြောင်း ဇာလန်းစကီးနှင့် နီးစပ်သူအရာရှိ အီဟော်ဇော့ဗ်ကာက Bloomberg ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

Source: vice.com